fbpx

“ကိုယ့်ကိုယ်ကိုယ် မအားပါစေနဲ့”

အဲဒီလိုပြောလိုက်ရင် နားတောင်မနားရတော့ဘူးလား၊ တချိန်လုံးအလုပ်လုပ်နေရမှာလား လို့ ရုတ်တရက် တွေးမိတတ်ပါတယ်။ 

အဲဒီလို အချိန်တိုင်းတကုပ်ကုပ်အလုပ်လုပ်နေဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်ရော လူရော အအားမနေဘဲ အကျိုးရှိတာ၊ ကိုယ့်အတွက် ကျေနပ်ရတာ တစ်ခုခုလုပ်နေဖို့ ပြောတာပါ။

အိမ်အလုပ်လုပ်တာဖြစ်နိုင်သလို ကလေးကို အချိန်ပေးတာ ဖြစ်နိုင်တယ်။ ခဏလေး အနားယူတာဖြစ်နိုင်သလို အလှူအတန်းလုပ်တာ၊ ဘုရားရှိခိုးတာ၊ ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်နေတာ၊ လမ်းလျှောက်ထွက်တာ၊ လူတွေကို ကူညီတာ… စသဖြင့် အများကြီးရှိပါတယ်။

များသောအားဖြင့် လုပ်စရာတစ်ခုနဲ့တစ်ခုကြား၊  သို့မဟုတ် လုပ်နေရင်းနဲ့တောင် စိတ်က ပစ္စုပ္ပန်မှာမရှိဘဲ အတိတ်ကို တွေးနေတာ၊ အနာဂတ်ကို ပူနေတာ၊ ကိုယ့်ကိုယ်ကိုယ် သူများကို အခြေအနေကိုလျှောက်ပြီး အပြစ်တင်နေတတ်ပါတယ်။ 

လူနဲ့စိတ်နဲ့ မကပ်တာတွေများလာတဲ့အခါ အဆင်ပြေတဲ့အရာတွေကို သတိမထားမိတော့ဘဲ အဆင်မပြေတာတွေ၊ ပူပန်စရာတွေကိုပဲ အထပ်ထပ်အခါခါတွေးနေတာမျိုး ဖြစ်တတ်ပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် အလုပ်မပေးထားဘဲ အားနေရင် ပိုဆိုးပါသေးတယ်။ ကိုယ့်အတွက် အကျိုးမရှိတာတွေ ပိုပြီးတွေးဖြစ်၊ လုပ်ဖြစ်ပြီး အချိန်သာ ကုန်သွားရော ဘာမှအကျိုးမရှိပါလားလို့ တွေးမိတတ်ပါတယ်။ 

ဒါကြောင့် တနေ့နိုးတာနဲ့ အနည်းဆုံး ငါ့အတွက် ကျေနပ်ရတာလေး၊ အဓိပ္ပာယ်ရှိတာလေး တစ်ခုခုတော့ ဒီနေ့လုပ်မယ်လို့ တွေးပါ။

စိတ်ပင်ပန်းလူပင်ပန်းလွန်းလို့ ဘာမှ မတွေးနိုင်ရင်တောင် ကိုယ်ကြိုက်တဲ့ ကော်ဖီလေးတစ်ခွက်ဖျော်သောက်လိုက်တဲ့ အချိန်မှာ ငါတော့ အကျိုးရှိတာတစ်ခုလုပ်လိုက်ပြီလို့ ကျေနပ်စေချင်ပါတယ်။ 

စာလေးတစ်မျက်နှာလောက် ဖတ်လိုက်တာ၊ ငါးမိနစ်လောက် ကလေးကို အချိန်ပေးတာ၊ သုံးမိနစ်လောက် အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တစ်ခါလောက် ကောင်းကင်ကြီးကိုကြည့်ပြီး အသက်ရှင်ရတဲ့အတွက် ကျေးဇူးတင်တာလေးတွေ.. စသဖြင့် လုပ်စေချင်ပါတယ်။ 

စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရင် အနည်းဆုံးတော့ ကိုယ်က သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ပါဘူး။ လိုအပ်နေသူတွေကိုလည်း ပိုပြီးကူညီနိုင်မှာပါ။ 

ဒါကြောင့် စိတ်နဲ့ လူကို အအားမထားဘဲ ကိုယ့်အတွက်၊ အများအတွက်၊ မိသားစုအတွက် မျှတအောင် အချိန်ပေးရင်းနဲ့ တနေ့ချင်းစီ အေးချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

ထက်ရည်

Htet Yie

Htet Yie

Leave a Replay