ကြိုတင်ပြင်ဆင်တတ်တဲ့ အလေ့အထရှိခြင်းက ကောင်းပါတယ်။ပုံစံတစ်မျိုးတည်း၊ ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုတည်းအတွက် ပြင်ဆင်ထားတာက မကောင်းပါဘူး။ကျွန်မက ကိစ္စတစ်ခုခုကို ကြိုတင်ပြင်ဆင်တဲ့အခါ အမြဲ ၃ မျိုး စဉ်းစားလေ့ရှိပါတယ်။
၁။ Best Case Scenarioအရာရာတိုင်း ကိုယ်ဖြစ်စေချင်သလို ဖြစ်လာတဲ့အခါ ဘာလုပ်မလဲ။မနက်မိုးလင်း နှိုးစက်မြည်တာနဲ့ နိုးတယ်။ လေ့ကျင့်ခန်း လုပ်မယ်လို့ စဉ်းစားထားတာ လုပ်ဖြစ်တယ်။ ကလေးက မနှောက်ယှက်ဘူး။ အလုပ်မှာ ဝန်ထမ်းတွေက ကိုယ်ပြောသမျှ၊ ကိုယ်မျှော်လင့်သလို အားလုံးလုပ်တယ်။ စသဖြင့်ပေါ့။ အစစအရာရာ အဆင်ပြေမယ်ဆိုရင် ဘာလုပ်မှာလဲ။
၂။ Worst Case Scenarioအရာရာတိုင်း လွဲချော်တဲ့အခါ ဘာလုပ်မလဲ။မိုးလင်းထဲက တစ်ခုမှ အဆင်မပြေဘူး။ လုပ်မယ်လို့ ကြံစည်ထားတာတွေ မလုပ်ဖြစ်ဘူး။ ဆက်ဆံရေးတွေ မျှော်လင့်သလို အဆင်မပြေဘူး။ တွေးထား၊ ကြံစည်ထားတာတွေ တစ်ခုမှ ဖြစ်မလာဘူး။ ဒါဆိုရင် ဘာလုပ်မှာလဲ။
၃။ Most Likely Scenarioဖြစ်လာနိုင်ခြေအရှိဆုံး အခြေအနေမှာ ကိုယ်ဘာတွေ လုပ်ဆောင်ဖို့ အသင့်ပြင်ထားမလဲ။တချို့သော ကိစ္စတွေမှာ ကိုယ်ဖြစ်စေချင်သလို ဖြစ်မယ်။ တချို့သော ကိစ္စတွေမှာ မဖြစ်ဘူး။ တချို့သော ကိစ္စတွေမှာ လွဲမယ်၊ မှားမယ်၊ ညှိရမယ်။ အဆင်ပြေအောင် ပြန်သုံးသပ် အစီအစဉ်ဆွဲရမယ်။ ဖြစ်လာတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ထိန်းညှိရတာတွေ ရှိနိုင်ပါတယ်။အဲဒီလိုမျိုး ကိစ္စရပ်တိုင်းကို တတ်နိုင်သလောက် ၃ မျိုးလောက်စဉ်းစားထားတဲ့အတွက် ကိစ္စတော်တော်များများကို ရင်ဆိုင်နိုင်လာတယ်။ မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အခါ တော်တော်များများက ကြိုတွေးထားပြီးသားမို့ အပြုံးမပျက်နေနိုင်လာတယ်။
နောက်တဆင့်မှာ ဘာလုပ်ရမယ်ဆိုတာကို မြန်မြန်ဆုံးဖြတ်ချက်ချနိုင်လာတယ်။ဘယ်လောက်ပဲ ပြင်ဆင်ထားစေဦးတော့ ဘဝရဲ့ အလဲထိုးမှုတွေ၊ မမျှော်လင့်တဲ့ ချော်လဲမှုတွေ၊ အတားအဆီးတွေ၊ ကျရှုံးမှုတွေကတော့ မလွဲမသွေ ကြုံနေရဦးမှာပါပဲ။Warren Buffet ရဲ့ အချစ်ဆုံးသူငယ်ချင်း Charles Munger က ပြောခဲ့သလိုပါပဲ။ “ကျွန်တော်တို့ နှစ်ယောက်က အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်။
တစ်ခုပဲ ကျွန်တော်တို့ သာနေတာက သူများထက် အမှားနည်းတာပဲ” တဲ့။အမှားတွေတော့ လုပ်နေဦးမှာပါပဲ။ သူများထက်အမှားနည်းဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ဖြန့်ကျက်စဉ်းစားနိုင်ခြင်းနဲ့ ဘဝကို ပွင့်ပွင့်လင်းလင်းမြင်တတ်ခြင်းက အရေးကြီးလှတယ်လို့ ထင်ပါတယ်။
ထက်ရည်
၀၃.၀၅.၂၀၂၀