fbpx

“ကြိုတင်ပြင်ဆင်တတ်ခြင်း”

ကြိုတင်ပြင်ဆင်ခြင်းကကောင်းတယ်၊ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာ သိကြပေမဲ့ နေ့ရွှေ့ညရွှေ့လုပ်တတ်ကြပါတယ်။ ကြိုတင်ပြင်ဆင်ပြီး စိတ်အေးအေးနဲ့ လုပ်ရတာ အလွန်ကြိုက်တဲ့ ကျွန်မတောင် တခါတလေ ပျင်းလို့ မသိချင်ယောင်ဆောင်ပြီး ကပ်မှလုပ်တိုင်းမှာ နည်းနည်းဖြစ်ဖြစ် စိုးရိမ်ပူပန်ရတတ်ပါတယ်။ ကြိုတင်ပြင်ဆင်လိုက်လို့ အရာအားလုံး အဆင်ပြေပြေဖြစ်လာချင်မှ ဖြစ်လာမှာပါ။ မထင်မှတ်တဲ့အရာတွေလည်း ဖြစ်လာနိုင်တယ်ဆိုပေမဲ့ ကြိုတင်ပြင်ဆင်ထားခြင်းက အတိုင်းအတာတစ်ခုထိ စိတ်အေးစေတယ်။ မထင်မှတ်တဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာလည်း ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။

“ဘာကြောင့် အချိန်ဆွဲတတ်ကြတာလဲ”

ကြိုတင်ပြင်ဆင်ခြင်းရဲ့ ကောင်းကျိုးကို သိကြပေမဲ့ များသောအားဖြင့် အချိန်ဆွဲတတ်ကြပါတယ်။ အဓိကက ကပ်မှလုပ်တဲ့အခါ ထွက်လာတဲ့ တက်ကြွမှုနဲ့ rush feeling ကို ကြိုက်တာပါ။ တစ်ခါတစ်လေ သင်တန်းတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ တစ်ပတ်လောက် ကြိုလုပ်ရင် ခေါင်းထဲက သိပ်မထွက်သလို၊ နှေးသလို ခံစားရပြီး အနီးကပ်မှ နေ့မအိပ် ညမအိပ်လုပ်တဲ့အခါ မြန်မြန်ပြီးသလို၊ ဦးနှောက်ကလည်း ပိုထွက်သလို ခံစားရပါတယ်။ အနီးကပ်လို့ အလုပ်တွေမပြီးတဲ့အခါ စိတ်ဖိစီးမှုကြောင့် Adrenaline hormone ထွက်လာပါတယ်။ နှလုံးကို သွေးရောက်တာမြန်သလို ဦးနှောက်ကိုလည်း သွေးရောက်တာမြန်တာမို့ ပိုပြီး ခေါင်းကြည်သလို၊ အလုပ်လုပ်လို့ ကောင်းသလို ခံစားရတာပါ။ ကျွန်မတို့က အဲဒီအရသာကို စွဲလန်းနေတတ်ပါတယ်။ တစ်ခါတစ်ရံဆိုရင် သိပ်ပြဿနာမရှိပေမဲ့ အမြဲတမ်းလို ခန္တာကိုယ်က Adrenaline rush ဖြစ်နေတယ်ဆိုရင်တော့ မကောင်းပါဘူး။

“အလုပ်တွေကို ကြိုတင်ပြင်ဆင်တာ”

အရေးကြီးတဲ့ အလုပ်တွေကို ကြိုတင်ပြင်ဆင်တာက ကျွန်မတို့ကို ရှေ့ရောက်စေပါတယ်။ ယောက်ယက်ခတ်နေတဲ့သူမျိုးကို ဘယ်သူမှ မနှစ်သက်ပါဘူး။ အများနဲ့ အလုပ်လုပ်တဲ့အခါ ကြိုတင်ပြင်ဆင်မှု မရှိရင် ကိုယ်တိုင်လည်း စိတ်ပင်ပန်းရသလို ဘေးကလူတွေကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။”အတွေးတွေကို ကြိုတင်ပြင်ဆင်တာ”ဘာဖြစ်လာရင် ဘယ်လိုတွေးမယ်၊ ဘယ်လိုစဉ်းစားမယ်လို့ ကြိုပြင်ဆင်ထားတဲ့သူက တစ်ပန်းသာပါတယ်။ မနက်မိုးလင်းတဲ့အချိန်မှာ ကောင်းတဲ့အတွေးတွေနဲ့ နိုးထဖို့အတွက် ညအိပ်ခါနီးမှာ Gratitute journal ရေးတာ၊ အဆင်ပြေခဲ့တဲ့အဖြစ်အပျက်တွေကို ပြန်စဉ်းစားတာ၊ မနက်ဖြန်မှာ လုပ်ရမဲ့ အလုပ်တွေကို နည်းနည်းဖြစ်ဖြစ် စိတ်ကူးနဲ့ ပလန်ချထားတာက ကိုယ့်ကို အတွေးကောင်းတွေနဲ့ နိုးထစေပါလိမ့်မယ်။ နေ့တစ်နေ့မစခင်မှာ ခန္တာကိုယ်လေ့ကျင့်ခန်းလုပ်တာ၊ ကော်ဖီကောင်းကောင်းတစ်ခွက်သောက်တာ၊ မီတင်တွေ သင်တန်းတွေ မစခင်မှာ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေက ကျွန်မအတွက်တော့ အလုပ်ဖြစ်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

“ရလဒ်တွေအပေါ်မှာ တုံ့ပြန်ပုံတွေကို ကြိုတင်ပြင်ဆင်တာ”

ကျွန်မ coaching လုပ်တဲ့အခါ results oriented အလွန်ဖြစ်တာကို တော်တော်များများသိကြပါတယ်။ Clients တွေ မချရဲတဲ့ Target မျိုးတွေ ချခိုင်းပြီး အဲဒီရလဒ်ထက် ကျော်နေမှ ကျေနပ်တဲ့သူမျိုးပါ။ ဒါပေမဲ့ အလုပ်တစ်ခုလုပ်တိုင်းမှာ ရလဒ် ၃ မျိုးအတွက် အမြဲ စိတ်ထဲကကြိုတင်ပြင်ဆင်ထားခိုင်းပါတယ်။ ကိုယ်ဖြစ်စေချင်သလို တစ်ရာ ရာခိုင်နှုန်းဖြစ်လာတာ (Optimal Result), လုံးဝ မဖြစ်လာဘဲ တလွဲဖြစ်တာ၊ ကျရှုံးတာ (Substandard Result), အဖြစ်နိုင်ဆုံး အခြေအနေ (Most Probable Result) သုံးမျိုးကို စဉ်းစားပြီး အခြေအနေတိုင်းကို ဘယ်လိုတုန့်ပြန်မယ်ဆိုတာ ကြိုပြင်ဆင်ထားတဲ့အတွက် ရုတ်တရက်တိုက်ခိုက်ခံရလို့ ပြိုလဲတယ်ဆိုတာ မရှိသလောက်ပါပဲ။ လွဲသွားရင်တောင် လိုချင်တဲ့ ရလဒ်ကို ရဖို့လည်း ပြန်တည့်မတ်လို့ ရပါတယ်။

“တစ်နေ့ချင်းကြိုတင်ပြင်ဆင်တာ”

တစ်လအကုန်မှာ ဘာဖြစ်ရမယ်၊ တစ်ပတ်အကုန်မှာ ဘာဖြစ်ရမယ် ဆိုပြီး စဉ်းစားထားတာတွေအပြင် နေ့ရက်တိုင်းကို ကြိုတင်ပြင်ဆင်စေချင်ပါတယ်။ ကျွန်မကတော့ monthly planner ရယ်၊ daily reminder တွေရယ် သုံးပါတယ်။ အမြဲတမ်း ကိုယ်ပြင်ဆင်တဲ့အတိုင်း ဖြစ်လာတာတော့မဟုတ်ပါဘူး။ အဲဒီလို surprise တွေ၊ Distraction တွေအတွက်ပါ အချိန်ပိုတွေ ကြိုပြီးထည့်ထားပါတယ်။ မနက်ဖြန်မနက်မှာ လုပ်ရမဲ့အလုပ်တွေထဲကတချို့ကို ဒီညမှာ ကြိုလုပ်ထားတာမျိုး လုပ်တတ်ပါတယ်။ ဥပမာ အဝတ်အစားတွေ မီးပူတိုက်ထားတာ၊ အသုံးလိုတဲ့ ပစ္စည်းတွေကို တစ်နေရာထဲမှာ စုသိမ်းတာ၊ မနက်ဖြန်မှာ စားပွဲသန့်ရှင်းနေအောင် ညထဲက သန့်ရှင်းရေးလုပ်တာ စတာတွေ လုပ်ထားတဲ့အတွက် မနက်မိုးလင်းမှ အင်္ကျီဘာဝတ်ရမှန်းမသိတာ၊ မီးပျက်လို့ စိတ်ရှုပ်ရတာတွေ မဖြစ်တော့ပါဘူး။ မနက်ဖြန်မှာ coaching session ရှိတယ်ဆိုရင် ဒီညထဲက နည်းနည်း သူ့ results တွေကို ကြိုကြည့်ထားတာ၊ Work from home မို့ အိမ်ကလူတွေကို ကြိုမှာထားတာမျိုးကလည်း အလုပ်ဖြစ်တဲ့ အလေ့အထလေးတွေပါပဲ။

“စိတ်ခံစားချက်တွေကို ကြိုတင်ပြင်ဆင်တာ”

Morning manifestation ပဲပြောပြော၊ creation ပဲပြောပြော၊ setting the tone ပဲပြောပြော ကိုယ့်ရဲ့ စိတ်ကို တစ်နေ့တာအတွက်၊ သို့မဟုတ် အခြေအနေတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားရင် မလိုအပ်ဘဲ စိတ်ပင်ပန်းတာမျိုးတွေ မဖြစ်တော့ပါဘူး။ တခြားလူရဲ့ အပြုအမူအပေါ်မှာလိုက်ပြီး ကိုယ့်ရဲ့ ခံစားချက်တွေက ပြောင်းလဲတာမျိုး မဟုတ်ဘဲ ကိုယ့်ခံစားချက်ကိုယ် သိပြီး ထိန်းချုပ်နိုင်၊ ကိုင်တွယ်နိုင်တဲ့စွမ်းရည်ကို လေ့ကျင့်လို့ရပါတယ်။ ဝမ်းနည်းရင် ဘာလုပ်မယ်၊ ဒေါသထွက်ရင် ဘာလုပ်မယ်၊ တစ်ဖက်လူကြောင့် တစ်ခုခု ခံစားရရင် ဘာလုပ်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားရပါတယ်။ ဒေါသထွက်မှဆိုရင် ဒေါသကို မထိန်းနိုင်ပါဘူး။ ဒေါသမထွက်ခင်ကတည်းက ထွက်ရင်တော့ ရှောင်ထွက်သွားမယ် ဆိုတာမျိုး၊ ဘယ်လိုတော့ဖြင့် မတုန့်ပြန်ဘူးဆိုတာမျိုးကို တခါတည်း စဉ်းစားထားတာကို ဆိုလိုတာပါ။ ခံစားချက်တွေကို ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် စိတ်တည်ငြိမ်လာမှာဖြစ်သလို နောင်တရစေမဲ့ အပြုအမူတွေကိုလည်း မလုပ်မိတော့ပါဘူး။

“သေဖို့အတွက် ကြိုတင်ပြင်ဆင်တာ”

ခုချိန်ထိ ကြိုးစားနေတဲ့ ပြင်ဆင်ခြင်းတစ်မျိုးပါပဲ။ ရုတ်တရက်များ ကိုယ်သေသွားရင် သားရဲ့ ပညာရေးဘယ်လို ရှေ့ဆက်မလဲ၊ ဘယ်သူက သူ့ကို ဘာတွေ သင်ပေးပြီး ဘယ်သူက စောင့်ရှောက်မလဲ။ သူကြီးလာရင်အသုံးဝင်ဖို့ ဘာတွေ ထားခဲ့မလဲဆိုတာရယ်၊ ကိုယ်တိုင်ရော ဘယ်လိုဘဝကို ရောက်မယ်မသိတော့ အချိန်ပေးကြိုတင်ပြင်ဆင်ဖြစ်ပါတယ်။​”အပြောင်းအလဲကို လက်ခံနိုင်ခြင်း”ကြိုတင်ပြင်ဆင်တယ်ဆိုတာ ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာနဲ့ လိုချင်တဲ့ ရလဒ်တွေ ရဖို့ပါ။ လက်ရှိဖြစ်နေတဲ့၊ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲကို ခေါင်းမာငြင်းဆန်ဖို့ မဟုတ်ပါဘူး။ ကိုယ်ထိန်းချုပ်လို့ မရတဲ့အရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်သလို ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာရင်၊ မမျှော်မှန်းတာတွေ ဖြစ်လာရင်လည်း ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မယ်၊ ဘယ်လို ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမယ်၊ စိတ်ကို၊ အတွေးတွေကို ပြောင်းလဲမယ်ဆိုတာကိုလည်း ကြိုတင်ပြင်ဆင်ထားရပါတယ်။ဒါမှသာ နေ့စဉ်တိုင်းမှာ ပြည့်ပြည့်ဝဝနေနိုင်တဲ့၊ ပျော်ရွှင်တဲ့၊ အခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်နိုင်တဲ့သူ တစ်ယောက် ဖြစ်လာမှာပါ။

ထက်ရည်

Htet Yie

Htet Yie

Leave a Replay