ကျွန်မတို့ခဏခဏညည်းဖြစ်ကြတယ်.. အလုပ်တွေကလည်း များလိုက်တာ.. ဘယ်လောက်လုပ်လုပ် မပြီးနိုင်ဘူး.. ဘယ်တော့များမှ နားရပါ့မလဲ?
အဲဒီလိုပဲပြောရင်း.. ညည်းညူရင်းနဲ့ ကျောင်းတက်၊ အလုပ်လုပ်၊ မိသားစုအတွက် ငွေရှာ၊ သူများနဲ့လူတန်းစေ့နေနိုင်အောင်ကြိုးစား… ဘွဲ့တွေယူ.. ဒီလိုနဲ့ပဲ အသက်တွေကြီးလာပြီး နားတယ်ဆိုတာ ဘာမှန်းမသိခင် အချိန်တွေကုန်သွားကြတယ်…
ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရင်းတောင် Stress တွေများပြီး ညည်းညူနေတဲ့လူတွေတွေ့ဖူးပါတယ်။
ဘယ်လောက်ပဲ အလုပ်အပေါ် Passion ရှိရှိ.. အလုပ်ပြီးရင် အလုပ်ချည်း စဉ်းစားနေရတဲ့လူက ကြာတော့ ပျင်းလာတာပါပဲ။ ဖုန်းတစ်လုံးတောင် charging မသွင်းဘဲ အကြာကြီးသုံးလို့မရပါဘူး..
လူ့ခန္တာကိုယ်ကြီးကို အစာကျွေးဖို့ မမေ့ကြပေမယ့် စိတ်နဲ့ နှလုံးသားကို အစာကျွေးဖို့ မေ့နေတတ်ကြပါတယ်… ဖုန်းတစ်လုံး capacity မရှိဘဲ အလုပ်လုပ်နေသလိုပါပဲ.. ပျော်ရွှင်မှုမရှိ၊ ငြီးစီစီနဲ့ ဘယ်လိုမှ ပြည့်ပြည့်ဝဝ အလုပ်မလုပ်နိုင်ပါဘူး..
အရင်ကဆို တစ်ပတ် ၇ ရက်၊ မျက်စိနှစ်လုံးပွင့်ချိန်ကနေ ညနက်ချိန်ထိ တောက်လျှောက် အလုပ်လုပ်ပါတယ်။ တစ်ညနေလောက် နားရမှာကို အရမ်းတွန့်တိုတာပါပဲ။ နားလိုက်တဲ့အချိန်မှာလည်း ပြည့်ပြည့်ဝဝ မနားပါဘူး။ ဟိုဟာလေးလုပ်လိုက်၊ ဖုန်းလေးဖြေလိုက်၊ Online နဲ့ အလုပ်လုပ်လိုက်မို့ တကယ်တမ်း နားတယ်ဆိုတာမရှိပါဘူး။
ဒီနှစ်တော့ အဖေကခေါ်လို့ အလုပ်တွေကို (စိတ်မချစွာနဲ့) ၁၀ ရက်လောက်ပစ်ထားပြီး ခရီးသွားဖြစ်ပါတယ်။ နေနေကျ နေရာကနေ ထွက်လိုက်တာနဲ့ စိတ်တွေလန်းဆန်းပြီး အေးချမ်းသွားတာပါပဲ။ ခရီးသွားတော့ အိပ်ရေးဝဝ အိပ်ဖြစ်တဲ့အပြင် ကိုယ့်အလုပ်တွေနဲ့ ဘဝမှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း သုံးသပ်ဖြစ်ပါတယ်။ ကျွန်မအရမ်းချစ်တဲ့ သစ်ပင်တွေနဲ့လည်း နေဖြစ်တယ်။ ညနေဘက်လမ်းထွက်လျှောက်ပြီး ဒေသခံတွေနဲ့ စကားပြောဖြစ်တယ်။ သားနဲ့ စကားပြောဖြစ်တယ်…
သူတို့ဘဝရဲ့ ရိုးရှင်းတဲ့ ရှင်သန်မှုတွေ၊ အတွေးအခေါ်တွေ၊ အပြိုင်အဆိုင်ကင်းဝေးတာတွေ၊ အိမ်ကရှိတာနဲ့စားပြီး ရောင့်ရဲကြတာ၊ အိမ်တံခါးတွေ သော့ခတ်ဖို့မလိုတာတွေ… အများကြီးသင်ယူခဲ့ရတယ်။ အကောင်းဆုံးက ၁၀ ရက်လုံး မိတ်ကပ်လိမ်းစရာလုံးဝမလိုခဲ့ဘူး.. မြို့ပြရဲ့ မာယာတွေမရှိဘူး..
မသွားခင်ကတော့ လုံးဝမသွားချင်ပါဘူး။ အလုပ်တွေအရှိန်ရပ်သွားမှာ ကြောက်တယ်… မေ့သွားမှာ၊ နောက်ကျသွားမှာ၊ ဘယ်ကပြန်စရမှန်း မသိမှာ… အစုံပါပဲ။
ခဏလေးလွှတ်ချကြည့်ပါ။ ခရီးဝေးသွားမှ မဟုတ်ပါဘူး။ တစ်ယောက်တည်းနေရတာ ကြိုက်တဲ့လူကလည်း တစ်ညနေလောက် ပန်းခြံထဲသွားပြီး ထိုင်နေကြည့်ပါ။ သစ်ပင်တစ်ပင်အောက်၊ ရေကန်တစ်ကန်နား.. ခဏနေကြည့်ပါ။ ကြိုက်တဲ့ စာအုပ်လေးတစ်အုပ် ယူသွားပါ။
ခရီးသွားတာကြိုက်ရင်လည်း သူငယ်ချင်းတစ်ယောက်လောက်နဲ့ နေ့ချင်းပြန် သို့မဟုတ် တညအိပ်ခရီးသွားကြည့်ပါ။
သဘာဝကို အချိန်ပေးပါ။ သစ်ပင်တွေ၊ ရေတွေ၊ တောတောင်တွေ၊ စိမ်းလန်းမှုတွေနဲ့ နေကြည့်ပါ။ အသက်ဝဝရှူပြီး လမ်းလျှောက်ပါ…
ပြီးရင် ခေါင်းထဲမှာရှင်းရှင်း၊ အင်အားအပြည့် Charging အပြည့်နဲ့ အလုပ်ပြန်လုပ်ပါ။
ဘဝကတိုတိုလေးမို့ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး… ကိုယ့်ဘဝ သက်တမ်းရှိသလောက် ပြည့်ပြည့်ဝဝနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့က အရေးအကြီးဆုံးပါပဲ။
ခဏလေး နားလိုက်ပါ။ ပြီးမှ ခေါင်းရှင်းရှင်းနဲ့ အရှိန်ယူပြီး ပြန်စပါ။ ဘဝက ပိုနေပျော်စရာ ကောင်းလာပါလိမ့်မယ်။
Brand_You
HtetYie