fbpx

“ခေတ်သစ်ရဲ့ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေစေဖို့”

ဒီနေ့ခေတ်ရဲ့ သရုပ်သကန်တစ်ခုကို ပြောပါဆိုရင် ‘Hyper-competition’ ယှဉ်ပြိုင်မှု များလာတာပဲ။ အရင်ခေတ်ကဆို အခွင့်အလမ်းက နည်းတော့ ဖြစ်မြောက်လာတဲ့သူလည်း နည်းတယ်။ အောင်မြင်လာရင်လည်း ကြာကြာခံတယ်။ ဒီနေ့ခေတ်ကျ အခွင့်အလမ်းတွေက များလာတယ်။ ဒီတော့ ယှဉ်ပြိုင်ရတာလည်း များလာတယ်။ အောင်မြင်ပြီးရင်လည်း အမြဲမပြတ် ကြိုးစားနေရတယ်။
ဒီခေတ်မှာ နည်းပညာတွေကလည်း တအားတိုးတက်လာတယ်။ ဘယ်လောက်ထိတောင်လဲဆို လူတွေရဲ့ တချို့အလုပ်အကိုင်တွေ ရှိချင်မှရှိတော့မယ် ဆိုတာမျိုးတောင် ပြောလာကြတယ်။ ဥပမာ Self-driving car တွေ ပေါ်လာတော့မယ်။ Artificial intelligence ဆိုတာတွေ သိပ်ခေတ်စားလာတယ်။ အဲဒါ ဘာလဲ မြင်သာအောင် ပြောရရင် ဖေ့စ်ဘွတ်သုံးတဲ့အခါ ကျွန်တော်တို့ မြင်နေရတဲ့ ကြော်ငြာတွေသည် တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကျွန်တော်နေတဲ့ဒေသ၊ ကျွန်တော့်စိတ်၀င်စားမှု၊ ကျွန်တော် ဘာတွေကို ရှာလေ့ရှိ၊ ရှယ်လေ့ရှိသလဲ၊ ဒါတွေပေါ် မူတည်ပြီး ကျွန်တော်နဲ့ဆိုင်တဲ့ ကြော်ငြာတွေကို လာပြပေးတာ။ တခြားဒေသမှာနေတဲ့ တခြားတစ်ယောက်ကိုကျ သူနဲ့ဆိုင်တဲ့ ကြော်ငြာတွေပေါ့။ ဒါကို လူတစ်ယောက်ကနေ ထိုင်ပြီး လုပ်နေတာမဟုတ်ဘူး။ Artificial Intelligence နဲ့ လုပ်နေတာ။ ဘာသာပြန်ရရင် လူလုပ်ဉာဏ်ရည်ပေါ့။ ဆိုလိုတာက ဒီလိုနည်းပညာတွေ တအားတိုးတက်လာတဲ့အချိန်မှာ ဒါကို မသိလို့လည်း မရသလို၊ သူတို့အစားထိုးမပစ်နိုင်အောင် ကိုယ့်ရဲ့ အရည်အသွေးတွေကိုလည်း မြှင့်ထားမှ ရတော့မယ်ဆိုတာပါပဲ။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် လုပ်တော့ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို မေးပါတယ်။ ခေတ်သစ်မှာ အောင်မြင်ဖို့ဆိုရင် ဘယ်လိုအရည်အချင်းမျိုးတွေ လိုလာမလဲ။ ဒီအခါ သူတို့ပြန်ဖြေတဲ့ အဖြေတွေကို စုပြီး ခေတ်သစ်အတွက် မရှိမဖြစ် လိုအပ်လာမယ့် အရည်အသွေး ၁၀ ခုရယ်လို့ ဖြစ်လာပါတယ်။ ကျွန်တော်တို့ လူတွေနဲ့၊ ဒီလိုနည်းပညာတွေ၊ စက်ရုပ်တွေနဲ့ ကွာခြားနေတဲ့ အရာတွေဖြစ်တဲ့ စိတ်ဓါတ်၊ ခံယူချက်၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်စွမ်း၊ ဒါတွေကို ပိုပြီးဇောင်းပေးပြောခဲ့ကြတာကို တွေ့ရတယ်။
၁။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း (Flexibility)
ဒီခေတ်ဟာ အပြောင်းအလဲ အင်မတန်များပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်တောင် တူချင်မှ တူတော့တာပါ။ ခုအလုပ်ဖြစ်နေတဲ့ နည်းတစ်ခုဟာ နောက်လအနည်းငယ်ကျ အဆင်ပြေချင်မှ ပြေတော့မှာပါ။ ခုအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဟာ ခဏနေရင် ကျရှုံးချင် ရှုံးသွားမှာပါ။ ဒါကြောင့် အပြောင်းအလဲတွေမှာ အလိုက်သင့် လိုက်ပါနိုင်ဖို့ အရေးကြီးလာပါတယ်။ တခုခုကိုပဲ တရားသေဆုပ်ကိုင်ထားမယ်ဆိုရင် ဒီခေတ်မှာ အဆင်ပြေ အံမ၀င်နိုင်တော့ပါဘူး။
၂။ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Negotiation)
နည်းပညာတွေ၊ Robot တွေဟာ မညှိနှိုင်းတတ်ဘူး။ ဒါဆို ဒါပဲ။ လူတွေမှာတော့ ဒီအရည်အသွေး ရှိနေပါတယ်။ ဒါကို တောက်ပြောင်အောင် လုပ်ဖို့လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်တာတွေ၊ ချိတ်ဆက်တာတွေ သိပ်လိုအပ်နေတဲ့အချိန်မှာ ဒီအရည်အချင်းမျိုး ရှိနေဖို့ဟာ သိပ်အရေးကြီးပါတယ်။
၃။ ၀န်ဆောင်မှုပေးတတ်ခြင်း (Service orientation)
ဒီနေရာမှာ ၀န်ဆောင်မှုလုပ်ငန်းလုပ်မှ ဒါ လိုအပ်တယ်လို့ မထင်ပါနဲ့။ ကိုယ့်ဆီမှာ ၀န်ဆောင်မှုပေးမယ်ဆိုတဲ့ Service mindset လေး ရှိနေမယ်ဆို ဘယ်အလုပ် လုပ်လုပ် အောင်မြင်မှာပါ။ တကယ်တော့ ၀န်ဆောင်မှုဆိုတာ တစ်ဖက်သားကို ဘယ်လိုအဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲဆိုတဲ့ စိတ်ကနေ အခြေခံပါတယ်။ ကိုယ်က ဆရာ၀န်ဆိုလည်း ဒီလိုစိတ်အခံလေးရှိရင် လူနာတွေ ဆေးခန်းလာရ ပိုအဆင်ပြေသွားတာပေါ့။ ပြုံးပြမယ်၊ နှုတ်ဆက်မယ်၊ ဖော်ရွေမယ်၊ လိုတာလေးတွေ ကူညီပေးမယ်။ ဒီအတွက် ၀န်ဆောင်မှုပေးမယ်၊ တစ်ဖက်သားကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ်ဆိုတဲ့ စိတ်လေးရှိဖို့ လိုပါတယ်။
၄။ ဆုံးဖြတ်ချက်ချခြင်း (Decision making)
ဘ၀ဆိုတာ ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒီဆုံးဖြတ်ချက်အမှန်အမှားပေါ် မူတည်ပြီး အောင်မြင်လား ကျရှုံးသလား ဖြစ်လာတာ။ ဒါကြောင့် ဆုံးဖြတ်ချက်ချတတ်ဖို့သည် သိပ်အရေးကြီးတယ်။ အဲဒီအတွက် အကြမ်းအားဖြင့် လိုအပ်တာတွေက သတင်းအချက်အလက် များများနဲ့ မှန်မှန်ကို မြန်မြန်ရတဲ့သူတွေသည် ဆုံးဖြတ်တာမှန်နိုင်တယ်။ နောက်ပြီး ကြောင်းကျိုးဆက်စပ်တွေးတတ်ဖို့ လိုတယ်။ နောက်တစ်ခုကတော့ ပင်ကိုယ်သိစိတ် (Instinct) နဲ့ ဆုံးဖြတ်တာမျိုးလည်း ရှိတယ်။ ဒါကတော့ အတွေ့အကြုံ သိပ်ရင့်လာတဲ့အခါ စိတ်ထဲကနေ ဒါ လုပ်သင့်တယ်ဆိုပြီး သိနေတာမျိုးပေါ့။ ဒီအဆင့်ထိ ကျွန်တော်တို့ မရောက်ကြသေးတောင် သတင်းအချက်အလက် စုဖို့၊ ဦးဖို့နဲ့ Logic ကျကျ စဉ်းစားတတ်ဖို့တော့ လိုမယ်။
၅။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားခြင်း (Emotional intelligence)
EQ ကတော့ ဒီနေ့ခေတ်မှာ တော်တော်လေး အပြောများလာကြတဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ လူဟာ ဦးနှောက်ဖွံ့ဖြိုးနေရုံနဲ့ မရပါဘူး။ နှလုံးသားလည်း ဖွံ့ဖြိုးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို သိဖို့၊ ထိန်းနိုင်ဖို့၊ စိတ်ဓါတ်တက်ကြွနေဖို့ လိုသလို၊ တစ်ပါးသူရဲ့ ခံစားချက်တွေကို သိဖို့၊ ဖြည့်တွေးတတ်ဖို့လည်း အရေးကြီးပါတယ်။ အောင်မြင်နေကြသူတွေ အားလုံးဟာ ပင်ကိုယ်ပါရမီတစ်ခုတည်းကြောင့် ဒီလိုဖြစ်လာတာ မဟုတ်ပါဘူး။ ပရိုပီသတယ်၊ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်တယ်၊ တခုခုကို ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ လုပ်တတ်တယ်၊ အရှုံးတွေ၊ အခက်အခဲတွေ ကြုံရရင်လည်း နောက်မတွန့်ဘူး၊ ဒီအရည်အသွေးတွေ၊ တစ်နည်းအားဖြင့် ပြောရရင် ဒီလို EQ မြင့်ခြင်းကြောင့် အောင်မြင်နေကြတာပဲ ဖြစ်ပါတယ်။
၆။ အများနဲ့ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Coordinating with others)
‘မြန်မြန်သွားချင်ရင် တစ်ယောက်တည်း သွား၊ ဝေးဝေးသွားချင်ရင်တော့ အသင်းအဖွဲ့နဲ့ သွား’ ဆိုတဲ့ စကားလိုပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို လိုချင်တယ်ဆိုရင် အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုတောင် အစပိုင်းလောက်သာ တစ်ယောက်တည်း လုပ်နိုင်တာပါ။ နည်းနည်းအောင်မြင်လာတာနဲ့အမျှ ကိုယ့်နောက်မှာ ကိုယ်အားကိုးရမယ့်အဖွဲ့တစ်ခုက လိုလာတာပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲ တော်တဲ့လူဖြစ်ပါစေ၊ အများနဲ့ ညှိနှိုင်းလုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။
၇။ လူအများကို စီမံခန့်ခွဲတတ်ခြင်း (People management)
ဒါကတော့ လူတွေကို ဘယ်လိုစည်းရုံးရမယ်၊ လှုံ့ဆော်ရမယ်၊ ညှိနှိုင်းရမယ်၊ လူ့သဘော သဘာဝတွေအကြောင်း သိထားရမယ်၊ ဒါတွေကို ဆိုလိုတာပါ။ လူတစ်ယောက်ဟာ ဆေးကုသမှုကို တတ်ကျွမ်းတယ်ဆိုရင် ဆရာ၀န်တစ်ယောက် ဖြစ်လာပါမယ်။ ဒါပေမယ့် ဆရာ၀န်တွေကို ပြန်စီမံခန့်ခွဲရတဲ့ နေရာမျိုး လိုချင်တယ်ဆိုရင်တော့ သူ့မှာ ဒီအရည်အသွေးရှိဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုနေရာကို ယူချင်တဲ့သူတိုင်း ဖြည့်ထားရမယ့် အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။
၈။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity)
ဒီခေတ်ရဲ့ ပြဿနာတွေဟာ အသစ်တွေဖြစ်တယ်။ ဒါကြောင့် ဖြေရှင်းပုံတွေကလည်း အသစ်ဖြစ်မှရမယ်။ အရင်က လမ်းမရှိလို့ ရွှံ့ဗွက်တွေထဲ ကားတွန်းခဲ့ရတဲ့ အတွေ့အကြုံဟာ ကတ္တရာလမ်းဖြစ်သွားတဲ့အခါ မလိုအပ်တော့ပါဘူး။ နိုင်ငံတကာကိုလည်း ကြည့်လိုက်ပါ။ အရင်က အသက် ၅၀ ၆၀၊ အတွေ့အကြုံတစ်စုံတစ်ရာ ရှိမှဖြစ်မယ်လို့ ထင်တဲ့ ရာထူးနေရာတွေ၊ နောက်ဆုံး သမ္မတ၊ ၀န်ကြီး၊ ဒီလိုနေရာတွေကိုတောင် ၄၀ ကျော်၊ ၃၀ ၀န်းကျင်တွေနဲ့ ရသွားတဲ့သူတွေ ရှိလာပါပြီ။ အတွေ့အကြုံကို အရေးမကြီးဘူး မပြောချင်ပေမယ့်၊ ဒီခေတ်မှာ ရင်ဆိုင်နေရတာတွေဟာ အသစ်ဖြစ်တဲ့အတွက် အတွေ့အကြုံဆိုတာထက် တီထွင်ဖန်တီးနိုင်စွမ်းကို ပိုလိုအပ်လာတယ် ဆိုတာပါပဲ။
၉။ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်း (Critical thinking)
ကျိုးကြောင်းဆင်ခြင်နိုင်ဖို့ဆိုတာ အင်မတန်မှကို လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအရည်အသွေး မရှိရင် အလွယ်တကူ လိမ်ခံရမယ်။ လူ့အသိုင်းအဝုိင်းထဲ ရှင်သန်ဖို့ရာ မလွယ်ဘူး။ တစ်ယောက်ယောက်က ဝါဒမှိုင်းတိုက်မယ်ဆိုလည်း သိပ်လွယ်တယ်။ အကျယ်ချဲ့ပြောရရင် ဒီကနေပဲ နိုင်ငံရေး၊ လူမျိုးရေးပြဿနာတွေ အများကြီးဖြစ်လာမယ်။ လူပုဂ္ဂိုလ်ကိုးကွယ်မှုတွေ ပိုထွန်းကားလာမယ်။ ဒါကြောင့် ဘယ်အရာကိုမဆို တစ်ထစ်ချယုံလိုက်မယ် ဆိုတာထက်၊ အချက်အလက်တွေ မှတ်နေဖို့ထက် သူပြောတာဟုတ်ပါ့မလား ဆိုပြီး စဉ်းစားတတ်ဖို့၊ ဘာကြောင့် ဒီလိုပြောတာလဲ ဆိုတဲ့ Why ကို များများမေးတတ်ဖို့ သိပ်လိုအပ်ပါတယ်။ ပြောရရင် နိုင်ငံတစ်ခုမှာ ဒီမိုကရေစီ ထွန်းကားဖို့အတွက်လည်း အဲ့ဒီလို ပြည်သူတွေရဲ့ ဆင်ခြင်တုံတရားနဲ့ ကျိုးကြောင်းကျ တွေးခေါ်နိုင်စွမ်းဟာ အင်မတန် အရေးကြီးပါတယ်။
၁၀။ ပြဿနာဖြေရှင်းခြင်း (Problem solving)
ကိုယ်မျှော်မှန်းထားတာနဲ့ ဖြစ်လာတာနဲ့ကြားက အကွာအဟကို ပြဿနာလို့ခေါ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ပြဿနာဆိုတာက ရှောင်ရှားလို့ မရပါဘူး။ ဖြေရှင်းဖို့ပဲ လိုပါတယ်။ ဖြေရှင်းတတ်ဖို့ပဲ လိုပါတယ်။ တခုခုဆို ရှောင်ပြေးမယ်၊ စိတ်ဖိစီးနေမယ်၊ မှန်ကန်တဲ့ဖြေရှင်းမှုမျိုးကို ခေါင်းအေးအေးထားပြီး မလုပ်နိုင်ဘူးဆိုရင် အဆင်မပြေနိုင်ပါဘူ။
ခုပြောခဲ့တဲ့ အရည်အသွေး ၁၀ ခုကတော့ ဒီဘက်ခေတ်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်လာတာတချို့ကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဖတ်လိုက်ရတဲ့ လူငယ်တွေ တစ်စုံတစ်ရာ အကျိုးရှိပြီး ကိုယ့်ကိုယ်ကိုယ် အသင့်ဖြစ်နေအောင် ပြင်ဆင်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay