fbpx

“စိတ်ခံစားချက်တွေ ကျန်းမာဖို့”

လူငယ်တွေနဲ့ Emotional health ဆိုတဲ့ ခေါင်းစဉ်လေး ဆွေးနွေးတိုင်း ကျွန်တော် Activity လေးတစ်ခု လုပ်တယ်။ ဘာလဲဆိုတော့ ကိုယ့်မှာ အခုရှိနေတဲ့ ခံစားချက်တစ်ခုကို စာရွက်လွတ်တစ်ရွက်မှာ ချရေးခိုင်းတာ။ နာမည်မရေးနဲ့။ ခံစားနေရတာကို ပွင့်ပွင့်လင်းလင်းသာ ချရေး။ ကိုယ် ရေးထားမှန်းကို မသိစေရဘူး။ ပြီးမှ အဲ့လိုရေးလိုက်တာတွေကို တစ်ရွက်ချင်း ပြန်ဖတ်ပြတယ်။

ရေးကြတာပေ့ါ၊ အိမ်နဲ့ အဆင်မပြေတာ၊ ပညာရေး၊ အလုပ်အကိုင် စတာတွေနဲ့ ပတ်သက်လို့ စိတ်ပူတာ၊ ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို မကြိုက်ဘူး၊ ကိုယ်ကြိုက်တဲ့ မိန်းကလေးကို ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကလည်း လိုက်ကြိုက်နေတော့ ဘာလုပ်ရမှန်း မသိဘူး၊ အချစ်မခံရဘူးလို့ ထင်နေတယ် စသဖြင့် ပါလာတယ်။

အဲဒါလေး လုပ်ပြီးရင် ဘယ်လိုခံစားကြရလဲ မေးတော့ ရင်ထဲပေါ့သွားတယ်တဲ့။ အင်းလေ၊ ဖွင့်ထုတ်လိုက်ရတာကိုး။ နောက်ပြီးတော့ရောလို့ ထပ်မေးတော့ ဖြေကြတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာလေး သိသွားတယ်တဲ့။ သူတို့မှတ်မိအောင် ကျွန်တော်က နောက်တယ်၊ ဟုတ်တယ် ကိုယ်တစ်ယောက်တည်း ခွေးဖြစ်နေတာ မဟုတ်ဘူးလို့။ အားလုံးကလည်း ဖြစ်နေကြတာပဲလို့။

ဒီအတိုင်း ကြည့်လိုက်ရင် အကုန်လုံးက ပုံမှန်လိုပဲ။ ဒီထဲမှာ အသည်းကွဲနေတဲ့သူ၊ စိတ်ဓါတ်ကျနေတဲ့သူ၊ အိမ်မပြန်ချင်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတဲ့သူ ပါလိမ့်မယ်လို့ ဘယ်လိုမှ ထင်စရာ မရှိဘူး။ ဒါပေမဲ့ တကယ်ရှိနေတယ်။ အဲဒါကို ဒီလိုရေးလိုက်မှ သိရတယ်။

အဲ့ဒီတစ်ချက်က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ သိပ်အရေးကြီးတယ်လို့ ထင်တယ်။

ကျွန်တော်တို့ ငယ်ငယ်က စိတ်ညစ်ဖူးတာပဲ။ ဥပမာ အဖေနဲ့ အမေ ရန်ဖြစ်တယ်ဆိုပါတော့။ အဲ့ဒီအချိန်ဆို တခြားသူငယ်ချင်းတွေရဲ့ မိသားစုတွေက မျက်စိထဲ ပေါ်လာတယ်။ သြော် သူတို့မိသားစုတွေကျ ကံကောင်းလိုက်တာ၊ ပျော်စရာကောင်းလိုက်တာပေါ့။ အဲဒီအခါ လူက ပိုဝမ်းနည်းလာတယ်။ တကယ်တော့ သူတို့မှာလည်း သူတို့ပြဿနာနဲ့ သူတို့။ ကြီးလာမှ ဒါကို သဘောပေါက်တာ။ သဘောပေါက်လာမှ ကိုယ့်ပြဿနာကို ရဲရဲတင်းတင်း ရင်ဆိုင်ရဲလာတာ။

ဖေ့စ်ဘွတ် ပေါ်လာတော့ ပိုဆိုးသွားတယ်။ ဟောပြောပွဲ လုပ်တယ်ဆိုပါတော့။ ကျွန်တော်တို့ အများစုက အောင်မြင်တဲ့ပွဲကျမှ “ခန်းမအပြည့် Full house” ဘာညာ တင်တာ။ လူမလာတဲ့ပွဲကျ မတင်ဘူး။ တင်ရင်တောင် လူရှိတဲ့နေရာလေး ကွက်ပြီးပဲ တင်တာ။ တကယ်တမ်း အဲ့အနောက်မှာ ခုံအလွတ်တွေချည်းပဲ။

အဖေများနေ့ ဆိုပါတော့၊ အဖေနဲ့ တစ်ချိန်လုံး ပြဿနာဖြစ်နေတာတွေကျ လူသိမခံဘူး။ အဖေ့များနေ့ကျမှ ဖေဖေက ကျွန်တော့် Hero ဆိုပြီး လုပ်တာ။ စာမေးပွဲအောင်မှ ဖေ့စ်ဘွတ်ပေါ်တင်တာ၊ ကျနေတုန်း ဘယ်သူမှ အသိခံတာ မဟုတ်ဘူး။ ဆိုလိုတာက ဖေ့စ်ဘွတ်ပေါ် မြင်ရသမျှတွေကို အားကျတာလည်း ကျပါ။ ဒါပေမဲ့ အကုန်လုံးက အဆင်ပြေနေပြီး ကိုယ်တစ်ယောက်တည်း ခွေးဖြစ်နေတယ်တော့ မထင်လိုက်နဲ့။

ဒါကြောင့် ဖေ့စ်ဘွတ်ထက် ရသစာပေ ပိုဖတ်ဖို့ကို တိုက်တွန်းချင်တယ်။ အဲဒီမှာမှ တကယ့်ဘဝအစစ်တွေက ရှိတာလေ။ ကိုယ့်ထက် ဆိုးတဲ့သူတွေ အများကြီး ရှိသေးတာကို ဖတ်ရလိမ့်မယ်။ အဲ့ဒါကိုတောင် စိတ်ဓါတ်မကျဘဲ ရုန်းကန်နေတဲ့ ဇာတ်ကောင်တွေအကြောင်းက စိတ်ဓါတ်တက်ရင် ပြီးရော ရေးထားတဲ့ တက်ကျမ်းစာအုပ်တွေထက် ပိုပြီး ကြာရှည်ခံတဲ့ Motivation ကို ပေးလိမ့်မယ်။ ဘဝဆိုတာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ပေါင်းများစွာနဲ့ တည်ဆောက်ထားတာကို သိလာတဲ့အခါ လုပ်သမျှ မဖြစ်လာတာတွေကို ရင်ဆိုင်လာနိုင်လိမ့်မယ်။

အဲဒီအပြင် ဘဝရဲ့ အနှစ်သာရကို ပိုသဘောပေါက်လာမယ်။ လူတွေကို ကိုယ်ချင်းစာတတ်လာမယ်။ စိတ်နှလုံးတွေ နူးညံ့လာမယ်။ ဆရာလင်းခါး ရေးတဲ့ ရေသေအိုင် ဆိုတဲ့ ဝတ္ထုကို ဖတ်ဖူးရင် အဲ့လိုအခြေအနေက လူငယ်တွေကို “မင်းတို့ မအောင်မြင်သေးတာ မင်းတို့မှာ အောင်မြင်ချင်စိတ် မရှိသေးလို့ပါ” ဆိုတဲ့ စကားမျိုး ပြောထွက်တော့မှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ သင်္ကြန်က ထီးဖြုတ်တဲ့ ကောင်လေးတွေကိုလည်း နားလည်ပေးသွားနိုင်လိမ့်မယ်။

ကျင့်ဝတ် ဆိုတာ ဘယ်လိုကြီးပါလို့ ပြောပြတာထက် ခေတ်ကြီးက ဘယ်လိုဖြစ်နေနေ ခေါင်းမာမာနဲ့ ကျင့်ဝတ်စောင့်ထိန်းတဲ့ လူတစ်ယောက်အကြောင်း ရေးထားတဲ့ ဝတ္ထုက လွှမ်းမိုးမှု ပိုကြီးတယ်။ ကိုယ်ချစ်မိတဲ့ မိန်းကလေးက ကိုယ့်ဆရာရဲ့ ကတော်ဖြစ်သွားတယ်။ ဒါပေမဲ့ တိတ်တိတ်ကလေး ဆက်ချစ်တယ်။ လိုတာ လုပ်ပေးတယ်။ နောက်ဆုံး သူ ထားသွားတဲ့ သူ့သမီးလေးတွေကိုက အစ ဦးလေးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ ယောက်ျားဇာတ်ကောင်တစ်ယောက်ရဲ့ အကြောင်းက မွန်မြတ်တဲ့ အချစ်တစ်ခုကို ချစ်တတ်စေလိမ့်မယ်။ အဲ့လိုလူဟာ ကိုယ့်ထက် ခွန်အားနည်းတဲ့ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။

ဒီနေ့ခေတ်က နည်းပညာခေတ်၊ အရာအားလုံးက လွယ်ကူနေတဲ့ခေတ်။ ဒီတော့ ဘာဖြစ်လာလဲ။ နည်းနည်းလေးမှကို စိတ်မရှည်တော့ဘူး။ တခြားဟာတွေ ထားဦး၊ အင်တာနက် သုံးလို့ အဝိုင်းလည်နေရင်တောင် မနေနိုင်တော့ဘူး။

ဆိုရှယ်မီဒီယာခေတ်၊ အပြိုင်အဆိုင်များတဲ့ ခေတ်လည်း ဖြစ်လာတော့ အရင်က အသက် ၃၀ ထိ ဘာဖြစ်ချင်မှန်း မသိသေးလည်း ရတယ်။ ခုက အသက် ၁၈ လောက်လေးတွေနဲ့ နိုင်ငံကျော် ကမ္ဘာကျော် ဖြစ်နေတာတွေ ကြည့်ပြီး အဲ့ဒီအသက် ၃၀ လူက စိတ်ဓါတ်ကျ သိမ်ငယ်လာရော။ သူများတွေ ထုတ်ပြထားတဲ့ သာယာတဲ့ ဘဝအစိတ်အပိုင်းလေးကိုပဲ မြင်ပြီး အားတွေစွတ်ကျနေတော့ ကိုယ့်ဘဝကိုယ် အားမရတော့ဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နာမည်ကြီးရင်ပြီးရော၊ အောင်မြင်ရင်ပြီးရော လုပ်လာကြတဲ့ ခေတ်မှာ ခိုင်မာပြတ်သားတဲ့ တန်ဖိုးထားမှု မရှိရင် ရပ်တည်ချက်တွေ ယိုင်ထွက်သွားလိမ့်မယ်။

ပြောရရင် အခု ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ကြီးက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို မကျန်းမမာ ပိုဖြစ်စေတယ်။ တကယ်တော့ ကိုယ်ဖြတ်သန်းတဲ့ခေတ်က ကိုယ့်ကို ပုံသွင်းနေတာပဲ။ အရာရာ ကြပ်တည်းတဲ့ခေတ်ကို ဖြတ်ခဲ့ရတဲ့ လူကြီးတွေဟာ တခုခုဆို သိပ်ကပ်စေးနဲကြတာ ဒီသဘောပဲ။

ရှောင်လွှဲလို့တော့ မရဘူး။ သို့သော် လျှော့ချလို့တော့ ရနိုင်တယ်။ ဒါကြောင့် ရသစာပေ များများဖတ်ပါ။ ဘဝတွေအကြောင်း နားထောင်၊ များများထိတွေ့ပါ။ ကိုယ့်မှာ သားသမီးရှိရင် ရသစာပေ ဖတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးပါ။ အထူးသဖြင့် သူတို့တွေဟာ Digital ဆိုတာနဲ့ ဖက်မွေးလာကြတာမို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေ့ရနိုင်ခြေ ပိုများပါတယ်။

တစ်အုပ် နှစ်အုပ်နဲ့တော့ မသိသာပါဘူး။ ရသစာပေက ဘဝကို တိုးတက်စေမယ့် စာမျိုးလည်း မဟုတ်ပါဘူး။ သို့သော် ရေရှည်မှာတော့ ကိုယ့်ကို လူပီသတဲ့ လူတစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။ ဘဝကို ပိုပြီး အနှစ်သာရ ပြည့်ပြည့်၀၀နဲ့ နေတတ် ထိုင်တတ်စေပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay