fbpx

“စိတ်ညစ်နေရင် ဒီ ၃ ခု လုပ်ပါ”

စိတ်ညစ်ပြီ၊ စိတ်တွေ ဖိစီးနေပြီဆို ဘာလုပ်လေ့ ရှိကြသလဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမယ် မထင်ဘူး။ တချို့လည်း အရက်သောက်မယ်။ တချို့လည်း ကာရာအိုကေ ဆိုမယ်။ တချို့လည်း ဝယ်ချင်တာတွေ လျှောက်ဝယ်ပစ်မယ်ပေါ့။
ဒီဆောင်းပါးမှာတော့ ငွေကုန်ကြေးကျလည်း မများဘဲ ကိုယ့်ရဲ့ ညစ်နေတဲ့ စိတ်ကို အတိုင်းအတာတစ်ခုထိ ပြေပျောက်သွားစေမဲ့ အလုပ် ၃ ခုအကြောင်း ဝေမျှပေးမှာ ဖြစ်ပါတယ်။
၁။ ရသစာပေ ဖတ်ပါ။
ရသစာပေ ဆိုတာ အမျိုးမျိုး ရှိပေမဲ့ အဓိကက ဝတ္ထုစာအုပ်ကောင်းတွေ ဖတ်စေချင်တာပါ။ ဆိုရှယ်မီဒီယာ ဆိုတာ အားလုံးလည်း သိတဲ့အတိုင်း ၁၀၀ မှာ ၉၉ ယောက်က ကောင်းတာတွေပဲ တင်ကြတာပါ။ တစ်ဖက်ကလည်း အားကျစရာ ဆိုပေမဲ့ ကြာလာတော့ ကိုယ့်ဘဝကိုယ် သိမ်ငယ်လာတယ်။ ကိုယ့်ဘဝတစ်ခုပဲ စိတ်ညစ်စရာတွေနဲ့ ပြည့်နှက်နေသလို ဖြစ်လာတယ်။
ရသစာပေကျ ဒီလိုမဟုတ်ဘူး။ ဘဝတွေကို အရှိအရှိအတိုင်း ချပြထားတယ်။ ကောင်းတာလည်း ပါတယ်။ ဆိုးတာလည်း ပါတယ်။ ရာနှုန်းပြည့် ကောင်းနေတယ် ဆိုတဲ့သူလည်း မရှိဘူး။ ဒီတော့ ဘဝအပေါ်မှာ မြင်တဲ့အမြင်တွေ ပြောင်းလာမယ်။ လူတွေအပေါ် ပိုပြီး နားလည်ပေးနိုင်လာမယ်။ စိတ်အေးချမ်းမယ်။ နောက်ပြီး ကြည်နူူးမှုရသကလေးတွေလည်း ခံစားရမယ်။ ဇာတ်နာတဲ့ ဝတ္ထုတွေ ဖတ်လို့ ပိုစိတ်ညစ်သွားမလား စိုးရိမ်ကြပေမဲ့ ကျွန်တော့်အတွေ့အကြုံအရတော့ အဲ့လို စာအုပ်ကလေး ဖတ်ရင်း ကိုယ်မသိတဲ့ ဘဝတွေအကြောင်းကို စိတ်ကူးထဲ ပုံဖော်ခံစားနေရတာ သိပ်ကောင်းပါတယ်။ ဖတ်လည်းပြီးရော ကိုယ်ဖြစ်နေတဲ့ စိတ်ညစ်တာတွေလည်း အတော်လေး သက်သာသွားတယ်။ ကိုယ်အမြင်မကြည် ဖြစ်နေတာတွေကိုပါ ရှုထောင့်တစ်မျိုးကနေ ကြည့်တတ်လာတယ်။ ခွင့်လွှတ်ပေးတတ်လာတယ်။
ဒါက တကယ်တော့ စိတ်ညစ်မှ လုပ်ရမှာမျိုး မဟုတ်ပါဘူး။ ဘဝနဲ့ ပတ်သက်လို့ ခံယူချက်တွေ မှန်ချင်ရင်၊ ကိုယ့်ရဲ့ စိတ်နှလုံး နူးညံ့ချင်ရင်၊ ကိုယ်ချင်းစာတတ်ချင်ရင်၊ ပျော်ရွှင်ချင်တယ်ဆိုရင် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်အမျိုးအစား ဖြစ်ပါတယ်။
၂။ ကိုယ့်ဘဝရဲ့ ကောင်းတဲ့အချက်တွေကို ချရေးကြည့်ပါ။
ဒီအတိုင်း စိတ်ထဲ တွေးရုံတင် မတွေးပါနဲ့။ စာအုပ်ထဲမှာ ချရေးပါ။ ကျွန်တော် စိတ်ညစ်တိုင်း၊ ကိုယ့်ကိုယ်ကိုယ် အားမရတိုင်း လုပ်လေ့ရှိတဲ့ အပြုအမူ ဖြစ်ပါတယ်။ ပထမတစ်ခါ ရေးထားတာကို ပြန်ကြည့်ရင် စိတ်ညစ်မပျောက်ပါဘူး။ အသစ်ထပ်ရေးမှ အဆင်ပြေတာပါ။ ဒါကြောင့် စိတ်ညစ်တိုင်း ချရေးပါ။ တစ်ခါနဲ့တစ်ခါလည်း ကိုယ့်ကိုယ်ကိုယ် အမြင်ချင်းက မတူနိုင်ဘူးလေ။
ကျွန်တော်တို့ဟာ လူ့သဘာဝပဲ ပြောရမလား။ ကိုယ့်မှာ ရှိတဲ့အရာတွေကိုပဲ အသိအမှတ် မပြုတတ်ဘဲ မရှိတဲ့ အရာကိုမှ သိမ်ငယ်တတ်ကြတယ်။ နောက်ပြီး ငယ်ငယ်ကလေးကတည်းက သူများနဲ့ နှိုင်းယှဉ်တာ ခံခဲ့ရတယ်။ စာမေးပွဲမှာဆိုလည်း အဆင့်တွေခွဲတယ်။ အတန်းတွေခွဲတယ်။ နင်က ဘယ်သူ့သားလောက်တောင် အသုံးမကျဘူး၊ ဘယ်သူတွေဆို ဘယ်အရွယ်နဲ့ ဘာဖြစ်နေပြီ စသဖြင့် သူများနဲ့ အမြဲနှိုင်းခံရလေ့ ရှိတယ်။ ပညာရေးစနစ်ကလည်း ဒီလိုပဲ။ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုကလည်း ဒီလိုပဲ။ နောက်ဆုံး ကိုယ့်ညီအစ်ကို မောင်နှမချင်းတောင် နှိုင်းယှဉ်ခံရတယ်။ ကိုယ့်ရဲ့ အားသာချက်ထက် ကိုယ့်ရဲ့ အားနည်းချက်ကိုပဲ ဖိပြီး ဆူပူခံရတယ်။ ဒါကြောင့် ထင်တယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ဆို သိပ်လျှော့တွက်ကြတယ်။ ရလဒ်အနေနဲ့ အလွယ်တကူ စိတ်ဓါတ်ကျတယ်။ ဘဝကို အားမရတော့ဘူး။
ဒါကြောင့် အဲ့လိုများ ခံစားနေရတယ်ဆို ကိုယ့်ဘဝရဲ့ ကောင်းတဲ့အချက်တွေ ချရေးကြည့်ပါ။ ပိုကောင်းတာက မရေးခင် အရင်ဆုံး ၁၀ မိနစ်လောက် တရားထိုင်ပြီး ဝင်လေထွက်လေ မှတ်လိုက်ပါ။ ဒါဆို စိတ်က ပိုရှင်းသွားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်မြင်လာပါလိမ့်မယ်။
ဥပမာကလေးတွေ ရေးပြပါမယ်။
၁) ကျန်းမာရေး ကောင်းတယ်။ (အဲဒါ ဘာမှ မဟုတ်ပါဘူး ထင်ရင် နီးစပ်ရာဆေးရုံတစ်ခုကို သွားကြည့်လိုက်ပါ။ ကျန်းမာရေးရဲ့ တန်ဖိုးကို မြင်သွားလိမ့်မယ်။)
၂) သက်ရှိထင်ရှား မိဘတွေ ရှိသေးတယ်။ သူတို့ကို လုပ်ကျွေးခွင့် ရနေတယ်။
၃) လူအများကို ကူညီတတ်တယ်။ ငွေကြေးမချမ်းသာပေမဲ့ ကိုယ်ဟာ ကိုယ်နဲ့ ပတ်သက်ဆက်စပ်သူတိုင်းကို ကူညီပေးတယ်။ စိတ်ချမ်းသာအောင် ထားတတ်တယ်။ ကိုယ့်ကြောင့် ဘယ်သူမှ မျက်ရည်ပေါက်ကြီးငယ် မကျဖူးဘူး။
အစရှိသဖြင့် အဲဒီလို ကောင်းတာလေးတွေ ချရေးပါ။ ပြီးရင် ပြန်ဖတ်ပါ။ မျက်စိကလေး မှိတ်ပြီး ရေးထားတာတွေကို ပုံဖော်ခံစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတာတွေ အတိုင်းအတာတစ်ခုထိ ပြေပျောက်သွားနိုင်ပါတယ်။
၃။ ချစ်ခင်ရသူတွေနဲ့ ငွေကုန်ကြေးကျ သက်သာပြီး ပျော်စရာကောင်းတဲ့ Activity တွေ လုပ်ပါ။
သူငယ်ချင်းတွေ စုပြီး ဘားသွားထိုင်ကြမယ်၊ ကလပ်တက်ကြမယ်၊ ဒီလိုမဟုတ်ပါဘူး။ Free but fun ငွေမကုန်ဘူး၊ ဒါပေမဲ့ အကုန်အကျ နည်းမယ်၊ ပျော်စရာလည်း ကောင်းမယ် ဆိုတဲ့ ပုံစံလေးနဲ့ တွေ့ကြပါ။ ဥပမာ အိမ်မှာ စုပြီး မုန့်တစ်ခုခု လုပ်စားကြတာတို့၊ နေ့ချင်းပြန် ခရီးတိုလေး ထွက်၊ ပျော်ပွဲစားထွက်၊ သူက ဘာယူ၊ ငါက ဘာဝယ်ခဲ့မယ် ဆိုတာမျိုး၊ မြို့တွင်းမှာပဲ အထင်ကရနေရာ၊ သိပ်လည်း မရောက်ဖြစ်တဲ့နေရာမျိုးမှာ ဓါတ်ပုံသွားရိုက်ကြတာမျိုး၊ လေ့လာရေး လုပ်ကြတာမျိုး (ဥပမာ ရန်ကုန်မှာဆို ဝန်ကြီးများရုံးလိုပေါ့) အဲ့လိုလေးတွေ လုပ်ခြင်းကလည်း တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ရင်းနှီးစေသလို ပိုလည်း ပျော်ရွှင်စေပါလိမ့်မယ်။ အချိန်အများစုမှာ ဆိုရှယ်မီဒီယာရယ်၊ ငွေကုန်ကြေးကျ များတဲ့ နေရာတွေ သွားလည်ပတ် စားသောက်ကြတာရယ်ပဲ လုပ်နေကြတဲ့ခေတ်မှာ ဒါလေးတွေက ကိုယ့်စိတ်ကို လန်းဆန်းစေပါလိမ့်မယ်။
အခု ပြောခဲ့တဲ့ ၃ ချက်စလုံးက ပိုက်ဆံလည်း မကုန်သလို၊ လူလည်း မပင်ပန်းဘူး။ အရက်သောက်သလိုမျိုး ခဏတော့ ပျော်ရပေမဲ့ နောက်ဆက်တွဲ ပြဿနာတွေ လိုက်လာနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ဘူး။ ဒီတော့ စိတ်ညစ်ရင် စမ်းလုပ်ကြည့်ပါ။ အတိုင်းအတာတစ်ခုထိ အဆင်ပြေနိုင်ပါတယ်။
၁။ ရသစာပေ ဖတ်ကျင့်မရှိရင် ဒီနေ့ကစပြီး ဖတ်ကြည့်ပါ။ လူအများ ညွှန်းတဲ့စာအုပ်တွေကနေ အရင်စဖတ်ကြည့်ပါ။
၂။ ကိုယ့်ဘဝရဲ့ ကောင်းတဲ့အချက်တွေကို ချရေးဖို့ အရင်ဆုံး တရားထိုင်ပါ။ ပြီးမှ ရေးပါ။ အဲဒါတွေကို မျက်လုံးမှိတ်ပြီး ပြန်ပုံဖော်ကြည့်ပါ။
၃။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ ကိုယ်နဲ့ စိတ်ချင်းရင်းနှီးတဲ့သူတွေနဲ့ ငွေလည်း သိပ်မကုန်၊ လုပ်လေ့လည်း သိပ်မရှိ၊ ပျော်စရာလည်း ကောင်းတဲ့ အလုပ်ကလေးတွေ လုပ်ကြည့်ပါ။
Ref: The Key To Happiness : Meik Wiking
ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay