fbpx

ဇွဲရှိဖို့

ပြဿနာကင်းတဲ့အချိန်မှာ လူအများစုက စိတ်အေးတယ်၊ ပျော့ညံ့တတ်ကြပါတယ်။ သန်မာဖို့လည်း မလိုဘူးကိုး..

ပြဿနာရှိလာတဲ့အချိန်မှာ လူတစ်ယောက်၊ မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ရဲ့ ဇွဲနဲ့ သတ္တိကို သိရတာပါပဲ။ခုချိန်ကတော့ ကျွန်မတို့ရဲ့ ဇွဲ၊ သတ္တိနဲ့ ခံနိုင်ရည်ကို စမ်းသပ်တဲ့ အချိန်ပါ။ အိမ်ထဲမှာ နေရတယ်၊ အလုပ်တွေ ပါးတယ်(အလုပ် မရှိဘူး).. တနေ့တနေ့ ဆိုရှယ်မီဒီယာက သတင်းတွေဖတ်လိုက်၊ အတင်းပြောလိုက်၊ ခံစားလိုက်၊ ဆဲလိုက်၊ စိတ်ဓါတ်ကျလိုက်ဆိုရင်တော့ ပြန်စတဲ့အခါ အထနှေးပါလိမ့်မယ်။လူကိုယ်တိုင် ကျန်းမာ ကြံ့ခိုင်အောင်နေပါ။စိတ်ကျန်းမာ ကြံ့ခိုင်ဖို့ သတိထားပါ။ဘေးက လူကြီးသူမတွေနဲ့ ကလေးတွေကို ကြင်နာပါ။

လူရော၊ စိတ်ပါ ပျင်းရိမသွားဖို့၊ လေးလံ ထိုင်းမှိုင်းမသွားဖို့ သတိရှိပါ။အင်တာနက်ပေါ်က၊ ဖုန်းတွေကနေတဆင့် နယ်ပယ်အသစ်တွေ၊ မိတ်ဆွေ အသစ်တွေရှာပါ။ကလေးတွေကို ဇွဲသတ္တိနဲ့ ခံနိုင်ရည်ဆိုတာ ဘာလဲ သင်ပေးပါ။ ရှေ့ဆောင်လမ်းပြ လုပ်ပေးပါ။ဘဝမှာ ချော်လဲရင် မြန်မြန်ပြန်ထပြီး သီချင်းဆိုနိုင်တဲ့သူက သာပါတယ်။ခုက တစ်ကမ္ဘာလုံး ချော်လဲတာပါ။တချို့က ချိုင့်နက်နက်ထဲကျမယ်၊ တချို့က ချောက်အကြီးကြီးထဲကျမယ်၊ တချိူ့က ချိုင့်သေးသေးထဲကျမယ်။

ဘယ်လိုချိုင့်မျိုးကို ကျသွားတာပဲဖြစ်ဖြစ် ကိုယ့်ဘဝကို ပြန်ထူ၊ ပြန်ထဖို့အတွက် အချိန်တိုင်းပြင်ဆင်နေပါ။ တတ်နိုင်သလောက် အထိခိုက်၊ အနာအဆာနည်းအောင်နေပါ။အခွင့်အရေးရပြီဆိုတာနဲ့ လူရော၊ စိတ်ရော ကျန်းမာလန်းဆန်းစွာနဲ့ အရာအားလုံး စက်နှိုး၊ အရှိန်တင်နိုင်ဖို့က ဒီနေ့မှာ ဘာတွေလုပ်နေသလဲဆိုတာနဲ့ အများကြီး သက်ဆိုင်ပါတယ်။

ထက်ရည်၀၁.၀၄.၂၀၂၀

Htet Yie

Htet Yie

Leave a Replay