ဒီရက်ထဲ ကလေးလေးတွေလည်း စိတ်ပင်ပန်းကြ၊ ကလေးအမေတွေလည်း ကလေးတွေ စိတ်ဒဏ်ရာရမှာစိုးလို့ စိုးရိမ်ပူပန်ကြတယ်၊ တအိမ်ထဲနေသူအချင်းချင်း စိတ်တိုမိတယ်ဆိုတာလေးတွေ တွေ့ရပါတယ်။ ခုချိန်မှာ အပြင်ကလာတဲ့ မကောင်းတဲ့အင်အားတွေရှိတာမှန်တယ်။ ဒါပေမဲ့ Little voice လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောတဲ့ စကားတွေက ပိုပြီးအရေးကြီးပါတယ်။ စိတ်ထဲ စွဲမသွားစေဖို့ လိုပါတယ်။
ဒါမျိုးတွေ ကိုယ့်ကိုယ်ကိုယ်ရော၊ ဘေးကလူတွေကိုရော ပြောမိနေရင် ချက်ချင်းပြင်ပြီး အစားထိုးနိုင်ပါတယ်။
၁။ တစ်သက်လုံး ဒီလိုပဲ နေရမှာလား လို့တွေးမိရင် –
ရက်ကြာလာလို့ stimulus တွေ၊ စိတ်ပင်ပန်းရတာတွေ များလာတဲ့အခါ ဦးနှောက်ရဲ့ စနစ်က ငါဒီလိုပဲ တသက်လုံးနေရမှာလားဆိုတဲ့ အတွေးဝင်တတ်ပါတယ်။
ဘာနဲ့အစားထိုးမလဲ –> ယတိပြတ် ကိုယ့်ကိုယ်ကိုယ်ပြောပါ။ It’s not permanent. ဒါက အမြဲမဟုတ်ဘူး။ ဒါက တသက်လုံး မဟုတ်ဘူး။ ခဏပဲ။ အချိန်တန်ရင်ပြီးသွားမယ်။ အချိန်တန်ရင် အဖြေထွက်မယ်။
၂။ မသေချာ၊ မရေရာတာတွေ၊ အပြောင်းအလဲတွေက များလိုက်တာ။ စိတ်တွေ ပူပန်လိုက်တာ လို့ တွေးမိရင် –
ခဏနေ ဟိုလူကတစ်ခုပြော၊ ခဏနေရင် အဲဒါအမှန်မဟုတ်ပြန်ဘူး ဖြစ်တော့ စိတ်ရှုပ်ရတယ်။
ကျွန်မတို့က အရာရာပုံမှန်အတိုင်းရှိနေမှ လုံခြုံတယ်ထင်တာ။ ကျွန်မတို့ဦးနှောက်သည် Stability လို့ခေါ်တဲ့ အထိုက်အလျောက်တည်ငြိမ်မှုကို လိုချင်တယ်။ အဲဒါ မရှိဘူး။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေဖြစ်နေတာပါ။
ဘာနဲ့အစားထိုးမလဲ –> အဲလို စိတ်ရှုပ်လာရင် ကိုယ့်ကိုယ်ကိုယ်ပြောပါ။ ခုချိန်က တည်ငြိမ်နေတဲ့အချိန်မဟုတ်တဲ့အတွက် ဖြစ်မှာပဲ။ အပြောင်းအလဲသည် အမြဲတမ်းရှိတယ်။ ဒါပုံမှန်ပဲ။ ကိုယ်ခဏခဏ စိတ်တိုတာရော၊ မိသားစုဝင်တွေ စိတ်တိုတာ၊ ထစ်ကနဲရှိ ကလေးတွေငိုတာ ဖြစ်နိုင်တယ်။ ပုံမှန်ပဲ။
မြန်လွန်းလို့ ကိုယ်ကသာမသိလိုက်တာ။ သိပ္ပံပညာမှာ နှစ်ပေါင်းများစွာသက်သေပြပြီးသား။ လူတွေရဲ့ ဦးနှောက်ထဲက PFC လို့ခေါ်တဲ့ အပိုင်းသည် သိစိတ်ကိုဖြစ်ဖို့အတွက် တစ်စက္ကန့်မှာ ၅ ကြိမ်ကနေ ၈ ကြိမ် အထိပြောင်းတယ်။ အတွေးတစ်ခုတွေးတာနဲ့ neural traffic လို့ခေါ်တဲ့ လျှပ်စီးပတ်လမ်းတစ်ခု ပြောင်းတယ်။ ဆိုလိုချင်တာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ရော၊ ဦးနှောက်ထဲရော တချိန်လုံးပြောင်းလဲမှုတွေဖြစ်နေတယ်။ သေတဲ့အထိ ပြောင်းလဲနေမှာပဲ။ အခုက အပြင်ကလာတဲ့ information ကို အမြဲ မီအောင် update လိုက်လုပ်နေရတော့ စိတ်ပင်ပန်းတယ်။ ဒါပုံမှန်ပဲ။
အဓိကက ကိုယ့်ရဲ့ ဦးနှောက်ကို အပြောင်းအလဲတွေကြားမှာ လိုက်မီဖို့၊ စိတ်ဖိစီးမှု ဒဏ်ခံနိုင်ဖို့ ပိုပြုစုစောင့်ရှောက်ရမယ်။ လေ့ကျင့်ရမယ်။
၃။ ငါ့ကလေးလေးမှာ Trauma ပါသွားမှာလား။ ဒီကိစ္စကြောင့် သူ့မှာ တသက်လုံး စိတ်ပူပန်ဆင်းရဲ မလုံမခြုံဖြစ်နေရမှာလား လို့ တွေးမိရင် –
ဘာနဲ့အစားထိုးမလဲ –> ကလေးတိုင်းမှာ trauma ရှိတယ်။ အနည်းနဲ့အများသာကွာတာ။ တသက်လုံး ဖူးဖူးမှုတ်ခံထားရ၊ ဘာပြဿနာမှ မကြုံဖူးတဲ့ကလေးလည်း trauma ရှိတယ်။ ကလေးက စိတ်ထဲ စွဲချင်တာစွဲတာ။
အဲတော့ ခုချိန်မှာ သူတို့ စိတ်ညစ်မလား၊ သောကရောက်မလား၊ ဝမ်းနည်းကြမလား။ ဟုတ်တယ်၊ ဖြစ်မယ်။ ရေရှည်ဖြစ်ခြင်းမဖြစ်ခြင်းသည် ကိုယ့်ပေါ်မူတည်တယ်။
ကိုယ်က ကိုင်တွယ်တတ်ဖို့လိုတယ်။ သူတို့ကိုရှင်းပြပါ။ ကိုယ်က မကြောက်ပြနဲ့။ ကိုယ့်စိတ်ထဲ ဘာရှိရှိ၊ ဖေဖေ မေမေတို့က သား၊ သမီးအနားမှာရှိတယ်။ သား၊ သမီးက လုံခြုံတယ်။ ဘာကြီးဖြစ်လာလာ အသေခံကာကွယ်မယ် ဆိုတာမျိုး ကလေးကို ယုံကြည်မှုရှိရှိပြောပါ။ ဒါသည် ခေတ္တခဏပဲဖြစ်တယ်။ သူတို့ကို မိဘတွေက အရမ်းချစ်တယ်။ ဘာမျ မဖြစ်စေရဘူးဆိုတာမျိုး ထပ်ခါ ထပ်ခါပြောပါ။
လုပ်ပေးနိုင်တာတွေ – စိတ်ပါပါ မပါပါ ကလေးနဲ့ တစ်ရက် တစ်နာရီလောက် တူတူကစားပေးပါ။ တူတူဘုရားရှိခိုးပါ။ ကစားနေရင်း ဖုန်းကို တစ်နာရီလောက် ပစ်ထားလိုက်ပါ။ ကိုယ်ပါ စိတ်ဖိစီးမှုလျော့တယ်။ စာဖတ်ပြပါ (စိတ်ပါပါ မပါပါနော်)။ ဦးနှောက်ဆေးတဲ့အချိန်ပါ။
၄။ နေ့နေ့ညည စိတ်ပူပန်နေလို့ ဘာ routine မှ မရှိ ဖြစ်ချင်တိုင်းဖြစ်နေရင် –
ရရင် ရသလို အိပ်ပါ။ မအိပ်လည်း လှဲပြီး၊ ထိုင်ပြီး ရှူသွင်းရှူထုတ် ဖြည်းဖြည်းလေး ၁၀ ခါလောက် ခဏခဏလုပ်ပေးပါ။ တစ်နာရီတစ်ခါလောက်ကို alarm လုပ်ပြီးဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်း ၁၀ ခါလောက်လုပ်ပါ။ ၅ မိနစ် မကြာပါဘူး။ အဲ့ဒီ ၅ မိနစ်အတွင်း ဘာသတင်းအပြောင်းအလဲမှ မရှိဘူး။ မပူပါနဲ့။ ဗုဒ္ဓဘာသာဝင်ဆိုရင် မေတ္တာပို့ပါ။ ဒီအချိန်မပို့နိုင်ဘူး မပြောပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပို့ပါ။ ကိုယ်ချစ်တဲ့သူတွေကို ပို့ပါ။ အခက်ကြီးမဟုတ်ဘူး။ ငါစိတ်ပင်ပန်းဆင်းရဲနေတာတွေ သက်သာပါစေ။ ဒါလေးပြောရုံပဲ။
လေ့ကျင့်ခန်းလုပ်ပါ။ သေချာစားပါ။
၅။ ငါကြောက်တယ် လို့တွေးမိ ပြောမိရင် –
ဘာနဲ့ အစားထိုးမလဲ -> ဟုတ်တယ်။ ကြောက်တယ်။ လူတိုင်းကြောက်တယ်။ ဒါပေမဲ့ ငါ့အတွက် ငါလုပ်တာမဟုတ်ဘူး။ ငါ့မိသားစုအတွက်၊ ငါ့သား၊ သမီးအတွက်၊ အဖေအမေအတွက် စသဖြင့် ကိုယ်တကယ်ချစ်တဲ့သူတွေကို စောင့်ရှောက်ချင်စိတ်ဆီကို အာရုံလွှဲပါ။
လက်ရှိမှာ တစ်ရက်ချင်းနေပါ။ မရရင် တစ်နာရီချင်းနေပါ။ မရရင် ၁၅ မိနစ်ချင်းစီနေပါ။ အနာဂတ်ဘာဖြစ်မလဲ မတွေးဘဲ ဆယ့်ငါးမိနစ်၊ တစ်နာရီအတွင်းမှာ ငါ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်နဲ့နေပါ။
အားလုံးကြားဖူးကြတဲ့အတိုင်းပါပဲ။ သိစိတ်နဲ့ မသိစိတ်မှာ မသိစိတ်က အဆပေါင်းများစွာ တန်ခိုးကြီးပါတယ်။ ဒါပေမဲ့ မသိစိတ်ကို ခိုင်းလို့ရအောင် သိစိတ်ကနေတဆင့်ပဲ လုပ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ သိစိတ်က စကားလုံးတွေကနေတဆင့် သင်ယူပါတယ်။ ဒါကြောင့် မကောင်းတာတွေ၊ အားမဖြစ်တဲ့စကားတွေ လာပြောလည်း နားမထောင်နဲ့။ ဖတ်မိလည်း စိတ်ထဲမထည့်နဲ့။ ကောင်းတာတွေ များများဖတ်၊ ခဏခဏ စိတ်ထဲကနေ ဘုရားရှိခိုး။
အချုပ်ကတော့ Words Create Worlds ပါ။
အခု online ပေါ်မှာ ဖြစ်နေသမျှ၊ အပြင်မှာဖြစ်နေသမျှ အရာအားလုံး စကားလုံးတွေ၊ conversation တွေဆိုတာ မမေ့ပါနဲ့။ ကိုယ့်ကို ကြောက်အောင် ကိုယ်ပဲ ပြောလို့ရတယ်။ ကိုယ့်ရဲ့ မသိစိတ်ကို စိတ်ပျက်အောင် ကိုယ်ပဲပြောတာ။ ကလေးတွေကို သူတို့ရဲ့ မိဘတွေဟာ ဘယ်လိုလူတွေပါဆိုတာကို ကျွန်မတို့နှုတ်က စကားလုံးတွေနဲ့ပဲ သင်ပေးရမှာ။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကိုချစ်ပါ။
ဒါတွေကို မောင်းနှင်နိုင်အောင် ဆီဖြည့်ပါ။
တစ်ရက်ချင်းစီ အလုပ်လုပ်ပါ။
ထက်ရည်
Ref: Buddha’s Brain. Rich Hanson & Richard Mendius