ကိုယ့်ကို သူများက ဘယ်လိုမြင်စေချင်ပါသလဲ။ မြင်စေချင်တဲ့ အမြင် ၅ ချက်လောက်ရေးချလိုက်ပါ၊ ဥပမာ – စမတ်ကျတဲ့သူ၊ သစ္စာရှိတဲ့သူ၊ အလုပ်ကျွမ်းကျင်တဲ့သူ စသဖြင့်။ ပြီးရင် အခင်ဆုံး သူငယ်ချင်းတစ်ယောက်နှစ်ယောက်ကို ဖုန်းဆက်ပြီး ကိုယ့်ကို ဘယ်လိုမြင်လဲ ၅ ချက်ရေးချခိုင်းပါ။ အဲဒီ နှစ်ခု တူတယ်ဆိုရင်၊ အဖြေတွေက အပေါင်းလက္ခဏာဆောင်တယ်ဆိုရင် သိပ်ကောင်းပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သင့်ရဲ့ Reputation (နာမည်ကောင်း)၊ သင့်ရဲ့ Personal Brand ကို တည်ဆောက်ဖို့ အချိန်ရောက်နေပါပြီ။
Personal Brand ဆိုတာ တစုံတစ်ယောက်ရဲ့ မိမိအပေါ်မှာရှိတဲ့ အတွေ့အကြုံ၊ ခံစားချက်၊ အမြင် ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်ချင်ရင် Branding က အရေးကြီးသလိုပဲ လူမှုရေး၊ စီးပွားရေးမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ နာမည်ကောင်းက အရေးကြီးလှပါတယ်။ ကျွန်မတို့ဟာ အချိန်တိုင်းမှာ အကဲခတ်၊ ဝေဖန်ခံနေရလို့ပါပဲ။ ကိုယ့်ရဲ့ ပြင်ပ သွင်ပြင်လက္ခဏာ၊ ပြုမူပြောဆိုပုံ၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်၊ ဆက်သွယ်ပုံ စတဲ့ အရာအားလုံးမှာ မိမိလိုချင်တဲ့ ဖန်တီးချင်တဲ့ ပုံရိပ်အတိုင်း အလေးထားပြီး တည်ဆောက်လို့ရပါတယ်။ အလုပ်မှာမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နာမည်ကောင်းဟာ နေရာတိုင်းမှာ ကောင်းဖို့လိုအပ်ပါတယ်။
“Perosonal Brand ကောင်းကောင်းရှိခြင်းရဲ့ အကျိုးကျေးဇူးတွေ”
ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေပါတယ်။ ကိုယ့်ကိုယ်ကို ပိုပြီးနားလည် သဘောပေါက်စေပါတယ်။ ကိုယ်တိုင် ဘာလိုချင်မှန်း မသိတဲ့လူကို သူများက အကူအညီပေးမယ်ဆိုရင်တောင် ပေးဖို့ခက်ခဲပါတယ်။ ကိုယ်ကျွမ်းကျင်မှုရှိတဲ့နေရာမှာ နာမည်ကောင်းရှိတယ်ဆိုရင် အဲဒီနေရာမှာ ကိုယ့်ကို အများ သတိပြုမိပြီး ယုံကြည်မှု ပိုမိုရရှိစေပါတယ်။ ကိုယ့်ရဲ့ သမိုင်းကို လှလှပပ ရေးနိုင်ပါတယ်။ မိမိကျွမ်းကျင်တဲ့နယ်ပယ်မှာ အများနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာနိုင်သလို ပြိုင်ဘက်တွေကြားမှာ အသာစီးရစေပါတယ်။
“မှားတတ်တဲ့ အချက်တွေ”
Personal Branding မှာ လွဲတတ်တဲ့ အယူအဆလေးတွေရှိပါတယ်။
ကိုယ့်ရဲ့ Personal Brand ကောင်းဖို့ ကိုယ့်ကိုယ်ကိုယ် ကောင်းတယ်၊ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို တချိန်လုံး ထိုင်ပြောနေစရာ မလိုပါဘူး။ ကုန်ပစ္စည်းတစ်ခုကို ကိုယ်တိုင်ကြော်ငြာတာထက် စားသုံးသူက ကြော်ငြာပေးတာက ပိုပြီးထိရောက်သလိုပါပဲ။ မိမိနဲ့ တွေ့တဲ့လူ၊ အလုပ်တူတူတွဲလုပ်တဲ့သူတိုင်းရဲ့ လေးစားမှု၊ ယုံကြည်မှု ရနေမယ်ဆိုရင် ကောင်းမွန်တဲ့ Personal Brand ရှိတယ်လို့ ပြောလို့ရပါတယ်။
နောက်ထပ် သတိထားစရာတစ်ခုက သူများဘယ်လိုထင်မလဲဆိုတာ ကြောက်တဲ့စိတ်ပါ။ သူများအလိုအတိုင်း လိုက်နေစရာမလိုပါဘူး။ မိမိရဲ့ ရေရှည်တည်တဲ့ခိုင်မြဲတဲ့ Personal Brand လိုချင်တယ်ဆိုရင် မိမိလေးစားတဲ့ Values (တန်ဖိုး) တွေကနေစတာ အမှန်ကန်ဆုံးပဲလို့ Branding ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကိုယ်တန်ဖိုးထားတဲ့ အမူအကျင့်တွေကို အခြေခံပြီး ရည်ရွယ်ချက်ရှိရှိ၊ အသေးစိတ်တည်ဆောက်ရပါမယ်။ Inside Out Approach လို့ခေါ်တဲ့ မိမိစိတ်ဝိဉာဉ်ထဲက တကယ်ယုံကြည်တဲ့အရာကို တည်ဆောက်တဲ့ စနစ်ကိုသုံးမှသာ မိမိအတွက်လည်းလွယ်ကူပြီး ရေရှည်တည်တံ့မှာပါ။
“တသမတ်တည်း ဖြစ်ဖို့”
ခုတမျိုးတော်ကြာတမျိုးဆိုရင် နာမည်ကောင်းရဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါကြောင့် Personal Brand တစ်ခုကိုတည်ဆောက်မယ်ဆိုရင် အချိန်ယူပြီး စဉ်းစားပါ။ ပြီးရင် တတ်နိုင်သလောက် တသမတ်တည်း သွားပါလို့ ဆိုပါတယ်။ ဒါမှ မိမိအပေါ် လူအများရဲ့ ယုံကြည်မှု၊ လေးစားမှု ရမှာဖြစ်ပါတယ်။ ပြင်ပလောကမှာ၊ အလုပ်မှာ၊ အိမ်မှာ အပြင် Social Media မှာပါ တသမတ်တည်း ဖြစ်ဖို့ လိုပါတယ်။
“ခက်ခဲတယ်၊ တာဝန်ကြီးတယ်လို့ ထင်ရင်”
မိမိရဲ့ နေ့စဉ်ဘဝမှာ တာဝန်တွေ များရတဲ့အထဲ အပိုအလုပ်ဖြစ်တယ်၊ တာဝန်ကြီးတယ်လို့ ထင်ချင်စရာပါပဲ။ မိမိရဲ့ Personal Brand ကို တည်ဆောက်တာနဲ့ ထိန်းသိမ်းတာဟာ တကယ်တော့ အလေ့အထတစ်ခုပါပဲ။ ကောင်းတဲ့ အလေ့အထတစ်ခုတည်ဆောက်ထားရင် ခဏလေးနဲ့ ကိုယ့်ရဲ့ ကောင်းတဲ့အကျင့်စရိုက် ဖြစ်လာမှာပါ။ မိမိရဲ့ အတွေးအခေါ်လေးတစ်ခု ပြောင်းလဲလိုက်တာနဲ့ နည်းနည်းလေး ကြိုးစားအားထုတ်လိုက်တာနဲ့ ရလဒ် အကြီးကြီးတွေရလာမှာပါ။ နေ့စဉ်ဘဝနေထိုင်မှုမှာလည်း အဓိပ္ပါယ်ရှိပြီး ကိုယ့်ရဲ့ ဘဝပန်းတိုင်ကို အထောက်အကူပြုတဲ့ ဆုံးဖြတ်ချက်တွေချမှတ်လာနိုင်မှာပဲ ဖြစ်ပါတယ်။
“လွယ်ကူစွာတည်ဆောက်နိုင်ဖို့ အခြေခံအကြံပြုချက်တွေ”
မိမိရဲ့ personal brand ကို တည်ဆောက်တော့မယ်လို့ရည်ရွယ်ရင်
(၁) အချိန်ယူပါ။
(၂) မိမိ ကိုယ်ကို ဘယ်လိုနာမည်မျိုးနဲ့ ကျော်ကြားချင်လဲ၊ နာမည်ကောင်းလိုချင်လဲဆိုတဲ့ မိမိတန်ဖိုးထားတဲ့ စရိုက်၊ ဝိသေသလက္ခဏာ ၅ ချက်ရေးချပါ။
(၃) မိမိနဲ့ရင်းနှီးတဲ့ မိတ်ဆွေ သို့မဟုတ် ဆရာ သို့မဟုတ် coach တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး မိမိတည်ဆောက်ချင်တဲ့ Brand ကို သတ်မှတ်ပါ။ (တည်ဆောက်နေတဲ့ အချိန်အတွင်း ပြောင်းလဲရမှာ မကြောက်ပါနဲ့)။
(၄) မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို ဘာအကျိုးပြုနိုင်လဲ၊ ဘယ်လိုနည်းနဲ့ အကျိုးပြုနိုင်လဲ စဉ်းစားပါ။
(၅) စတင်ထူထောင်တဲ့ အဆင့်ရောက်ပါပြီ။ Company Branding နဲ့ မတူတာကို သတိရပါ။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် လူလူချင်းဆက်သွယ်နိုင်တဲ့ အကြောင်းအရာတွေကို ပိုသုံးပါ။ Inspiring Story လို့ပြောတဲ့ တဖက်လူက ကိုယ့်အပေါ်လေးစားမှုရစေမယ့် story လေးတွေသုံးပါ။ ကိုယ့်ရဲ့ တန်ဖိုးထားတဲ့အရာနဲ့ ကိုက်ညီတဲ့ စရိုက်လက္ခဏာတွေ တည်ဆောက်ပါ။
(၆) ကိုယ့်ရဲ့ တန်ဖိုးထားတဲ့ အရာတွေနဲ့ ကိုက်ညီတဲ့ ပြင်ပသွင်ပြင်လက္ခဏာ (Appearance)၊ ပြုမူပြောဆိုပုံ (Behavior)၊ ဆက်သွယ်မှုပုံစံ (Communication)၊ လိုအပ်တဲ့ ကျွမ်းကျင်မှု (Skills)၊ အသိပညာဗဟုသုတ (Knowledge) စတာတွေကို ဖြည့်ပါ။
(၇) ကိုယ့်ကိုယ်ကိုယ် မြန်မြန်ဆန်ဆန်နဲ့ promote လုပ်ချင်တဲ့ လူတွေကတော့ PR professionals, Personal Branding professionals တွေနဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ Brand ကို promote လုပ်လို့ရပါတယ်။ Blog တွေရေးတာ၊ Interview တွေဖြေတာ၊ မိမိကျွမ်းကျင်တဲ့နယ်ပယ်မှာ အများအကျိုးပြုလုပ်ငန်းတွေလုပ်တာ စသဖြင့် လုပ်ဆောင်လို့ရပါတယ်။
သတိအကြီးကြီးထားရမှာတွေက သူများအထင်ကြီးစေချင်တဲ့စိတ်နဲ့ ဘယ်တော့မှ မလုပ်ပါနဲ့။ သေချာပြင်ဆင်ပါ။ ကိုယ့်ကိုယ်ကိုယ်ရော၊ သူများကိုပါ မလိမ်ပါနဲ့။ လိမ်တာက ရေရှည်မခံလို့ပဲ ဖြစ်ပါတယ်။