လူတစ်ယောက်ကို Drive လုပ်နေတဲ့အရာဆို အကြမ်းအားဖြင့် နှစ်မျိုးရှိမယ်။ ဖြစ်ချင်စိတ် (Desire) နဲ့ ကြောက်စိတ် (Fear) ။ အိမ်ထောင်သည်တွေကတော့ ကိုယ့်သား၊ ကိုယ့်သမီးကို ကျောင်းကောင်းကောင်း မထားနိုင်မှာ ကြောက်တယ်၊ သူတို့အတွက် အစစအရာရာ ပြည့်စုံအောင်၊ သူများထက် မနိမ့်အောင် ထားပေးချင်ကြတယ်။ အဲ့လိုပဲ လူလွတ်တွေမှာလည်း ကိုယ်စီကိုယ်စီ တွန်းအားတွေ ရှိတတ်ကြတယ်။
ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ နမူနာပေးရရင် ကျွန်တော် ဘာလို့ အလုပ်တွေ လုပ်နေလဲဆိုရင် ကျွန်တော့်မိဘအတွက် အလုပ်လုပ်တာ။ ကျွန်တော်တို့တုန်းက သူတို့ လိုလေသေးမရှိ ထားခဲ့သလို၊ သူတို့ အရွယ်ရလာတဲ့အခါမှာလည်း ခြိုးခြံချွေတာနေရတာမျိုး မဖြစ်စေချင်ဘူး။ သူတို့ ကျန်းမာရေး မကောင်းလို့ ဆေးကုမပေးနိုင်မှာမျိုး ကျွန်တော်ကြောက်တယ်။လူမှုပတ်၀န်းကျင်အတွက်လည်း တခုခုလေး အကျိုးပြုနေသူ ဖြစ်ချင်တယ်။ အသိပညာ ဝေမျှပေးသူ ဖြစ်ချင်တယ်။ ကိုယ့်ပတ်၀န်းကျင်က ငွေကြေးလိုအပ်နေသူတွေကိုလည်း ကူညီပေးနိုင်တဲ့သူ ဖြစ်ချင်တယ်။ နာမည်ကျော်ကြား လူသိများတာမျိုးထက် ပညာရှိတွေ မကဲ့ရဲ့တဲ့သူတစ်ယောက် ပိုဖြစ်ချင်တယ်။ ဒါတွေက ကျွန်တော့်ကို ကြိုးစားဖို့၊ ရုန်းကန်ဖို့ တွန်းအားပေးနေတဲ့ အရာတွေပဲ။
စကားလုံးတစ်လုံးတည်း ချုပ်ပြောရရင်တော့ “တာ၀န်ယူတတ်တဲ့စိတ်” ပါပဲ။အိမ်ထောင်ရှိတိုင်း၊ သားသမီးရှိတိုင်းလည်း တွန်းအားဖြစ်တာ မဟုတ်ဘူး။ တာ၀န်မဲ့တဲ့ အဖေတွေ၊ အမေတွေ အများကြီးပဲ။ အလွယ်တကူ လက်လျှော့အရှုံးပေးလိုက်သူတွေလည်း အများကြီးပဲ။ ကိုယ့်သားသမီးကိုယ် တာ၀န်ယူတတ်မှ တွန်းအားဆိုတာက ဖြစ်လာတာ။အဲ့လိုပဲ၊ လူလွတ်ဆိုပေမဲ့ မိသားစုကို လုပ်ကျွေးနေတဲ့ လူလွတ်တွေ အများကြီးရှိတယ်။
မိသားစုဆိုတာမှာ နှစ်မျိုးခွဲပြောလို့ ရတယ်။ တစ်မျိုးက ကိုယ်ဖြစ်တည်တဲ့ မိသားစု။ နောက်တစ်မျိုးကတော့ ကိုယ်ဆောက်တည်တဲ့ မိသားစု။ တခါတလေ ကိုယ်ဖြစ်တည်တဲ့ မိသားစုကို တာ၀န်ယူရင်း နောက်ထပ်မိသားစုတစ်ခု ထပ်မတည်ဆောက်နိုင်တော့တာမျိုး ရှိတယ်။ သူတို့ကို နင်တို့က လူလွတ်ပဲ၊ ဘာတာ၀န်မှ ယူစရာ မလိုဘူးလို့ သွားပြောလို့ မရဘူး။ လုပ်ငန်းရှင်ချင်း တူရင်တောင်မှ ကိုယ့်၀န်ထမ်းတွေအပေါ် ဘယ်လောက်တာ၀န်ယူစိတ် ရှိသလဲက စကားပြောပြန်သေးတယ်။ တခုခု အရှုံးပေါ်ပြီဆို အလွယ်တကူ လုပ်ငန်းရပ်လိုက်လို့ ရတာပဲ။ ဒါပေမဲ့ တချို့ကျ ဘယ်လိုပဲ ရှုံးနေပါစေ၊ ဆက်ပြီး ကျားကန်ထားသေးတယ်ဆိုတာ ကိုယ့်၀န်ထမ်းတွေအပေါ် တာ၀န်ယူစိတ် ရှိလို့ပဲ။ပြောချင်တာက တာ၀န်ကတော့ ရှိနေတာပဲ၊ ဒါပေမဲ့ အဲ့ဒီတာ၀န်ကို သိသလား၊ မသိဘူးလား၊ ယူတတ်သလား၊ မယူတတ်ဘူးလားဆိုတာက ပိုအရေးကြီးတာပါ။အိမ်ထောင်သည်ဆိုပေမဲ့ ကိုယ်ဆောက်တည်တဲ့ မိသားစုကိုတောင် တာ၀န်မယူနိုင်၊ တာ၀န်မယူတတ်ဘဲ ကိုယ်ဖြစ်တည်ခဲ့တဲ့ မိသားစုဆီကနေ လက်ဖြန့်တောင်းနေကြသူတွေ ရှိတယ်။ မိဘက ချမ်းသာလို့၊ ထောက်ပံ့နိုင်လို့ဆို သိပ်ပြဿနာမရှိပေမဲ့ မပြည့်စုံတဲ့ မိဘမျိုးအတွက်ဆိုရင်တော့ ကိုယ်က ၀န်ထုပ်၀န်ပိုးပါ ဖြစ်စေတော့မှာ။
ဒါကြောင့် နိုင်ငံတွေ၊ မွေးရပ်မြေတွေ ခဏထားဦး၊ အနည်းဆုံး မိသားစုကိုတော့ တာ၀န်ယူစိတ် ရှိရမယ်၊ မိသားစုကိုလည်း တာ၀န်မယူနိုင်သေးရင်တောင် ကိုယ့်တာ၀န်လေးတော့ ကိုယ်ယူဖို့ လိုတယ်။ မိသားစုအတွက် ကိုယ်က ၀န်ထုပ်၀န်ပိုး မဖြစ်ဖို့ လိုတယ်။ ဒီတာ၀န်လောက်တောင် မယူနိုင်တဲ့၊ မယူတတ်တဲ့သူ၊ ယူရကောင်းမှန်း မသိတဲ့သူ၊ အဲဒါကိုလည်း ရှက်ရကောင်းမှန်း မသိတဲ့သူကတော့ ဘ၀မှာ ပေါက်ပေါက်မြောက်မြောက် ဖြစ်လာဖို့ရာ သိပ်မလွယ်ပါဘူး။ဒီတော့ တာ၀န်သိပါ။ တာ၀န်ယူပါ။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် တာ၀န်ယူပါ။ ပြီးရင် ကိုယ်ဖြစ်တည်တဲ့ မိသားစုက လိုအပ်နေတယ်ဆို အဲဒီတာ၀န်ကို ယူပါ။ တာ၀န်ယူနိုင်တယ်ဆိုမှလည်း နောက်ထပ်မိသားစုတစ်ခုကို ထပ်ဆောက်တည်ပါ။ နောက်ပြီးတော့မှ ကိုယ့်ပတ်၀န်းကျင်၊ ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်၀န်ထမ်း၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ စသဖြင့် ကိုယ့်ရဲ့ တာ၀န်ယူနိုင်စွမ်းကို ချဲ့ချဲ့သွားပါ။
တာ၀န်ယူတတ်တဲ့စိတ်နဲ့ ဘ၀တိုးတက်မှုဟာ အပြန်အလှန်အားဖြင့် သက်ရောက်မှု ရှိပါတယ်။ တာ၀န်သိတဲ့သူဟာ ဒီလိုတာ၀န်တွေကို တိုးတိုးပြီး ယူသွားနိုင်ဖို့အတွက် သူတို့ရဲ့ ပညာ၊ ငွေကြေးပိုင်ဆိုင်မှု စတာတွေ များများလာအောင် အမြဲကြိုးစားနေသလို၊ အဲ့လို ကိုယ်တိုင်က ပြည့်စုံသထက် ပြည့်စုံလာတဲ့အခါမှာလည်း ကိုယ့်ရဲ့ တာ၀န်ယူနိုင်စွမ်းနဲ့ တာ၀န်ယူနိုင်တဲ့ အတိုင်းအတာက ပိုပိုများလာမှာ ဖြစ်ပါတယ်။ဒါကြောင့် တာ၀န်မယူတတ်တဲ့စိတ်ဟာ ကိုယ့်ပတ်၀န်းကျင်က လူတွေကိုလည်း ၀န်ထုပ်၀န်ပိုး ဖြစ်စေတာမှန်ပေမဲ့ အရင်ဆုံးတော့ ကိုယ့်ဘ၀ကို တွန်းအားမဲ့တဲ့၊ အဓိပ္ပါယ်မဲ့တဲ့ ဘ၀တစ်ခု ဖြစ်သွားစေမယ် ဆိုတာကို သတိရစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ