fbpx

နာမည်ကောင်းနဲ့ အခွင့်အလမ်း

လူတိုင်းကတော့ ဘဝကိုရှင်သန်တဲ့အချိန်မှာ အောင်မြင်ချင်ကြတာချည်းပါပဲ။ အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်၊ လူတွေကိုဦးဆောင်ချင်တယ် စသည်ဖြင့် ရှိသလိုပဲ ဘဝကို အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အကောင်းဆုံးဖြတ်သန်းချင်တယ်ဆိုတဲ့လူလည်း ရှိပါတယ်။ ဘယ်လိုလူပဲဖြစ်ဖြစ်ဘဝလမ်းကြောင်းကိုလျှောက်တဲ့အချိန်မှာ ရွေးချယ်မှုတွေ အများကြီးလုပ်ရမယ်၊ ဆုံးဖြတ်ချက်တွေ အများကြီးချရမယ်၊ အမှန်တွေ အမှားတွေ အများကြီးကြုံတွေ့ရပါလိမ့်မယ်။

အတွေ့အကြုံတွေ၊ အမှန်အမှားတွေ၊ ချီးမွမ်းကဲ့ရဲ့မှုတွေကို ကျော်ဖြတ်ရင်းနဲ့ပဲ လိုချင်တဲ့ရလဒ်တွေရအောင် အကောင်းဆုံးတည်ဆောက်ကြရပါတယ်။

ဒီလိုဘဝအတွေ့အကြုံတွေကို တဖြည်းဖြည်းချင်း စိတ်ရှည်ရှည်နဲ့ ဖြည့်သွားရသလိုပဲ ဘဝကပေးလာတဲ့ အခွင့်အလမ်းတွေကို ရဲရဲဝံ့ဝံ့ယူတတ်တဲ့ သတ္တိရှိဖို့လည်း လိုအပ်ပါတယ်။ အခွင့်အလမ်းတွေနဲ့ စိတ်ခေါ်မှုတွေက ဒွန်တွဲနေတာမို့ ကျော်ဖြတ်သွားပြီးတဲ့အခါကျရင် ဘဝရဲ့ ရင့်ကျက်မှုတွေဆီရောက်လာမှာ အမှန်ပဲဖြစ်ပါတယ်။

ဘယ်နေရာမှာပဲဖြစ်ဖြစ် အခွင့်အလမ်းကောင်းတွေများများရတဲ့သူက မြန်မြန်အောင်မြင်နိုင်ပါတယ်။ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတစ်ယောက်က မိတ်ဆွေအပေါင်းအသင်းများတယ်၊ ဆရာသမားတွေက သူ့ကို ချစ်တယ်ဆိုရင် ကျောင်းပြီးတဲ့အခါ အလုပ်ရဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က လုပ်ငန်းခွင်မှာ အထက်လူကြီးကကိုယ့်ကို သဘောကျတယ်၊ လူချစ်လူခင်များတယ်ဆိုရင် ရာထူးတက်ဖို့ အခွင့်အလမ်းပိုရှိနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ လူတစ်ယောက်က ဖြောင့်မတ်တယ်၊ သမာသမတ်ကျတယ်လို့ နာမည်ရှိတယ်ဆိုရင် သူထုတ်တဲ့ ကုန်ပစ္စည်းကို လူတွေက ယုံကြည်စွာဝယ်ယူသုံးစွဲဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ မိတ်ဆွေကောင်း စီးပွားဖက် Partner တွေပိုပြီးရနိုင်ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက်ကဘဝမှာ အခြေခံအချက်အလက်တွေတော့တူမှာမဟုတ်ပါဘူး။ ပညာပိုတတ်တဲ့သူရှိမယ်၊ မိဘငွေကြေး အထောက်အပံ့အားကောင်းတဲ့သူရှိမယ်၊ မိတ်ဆွေကောင်းတွေနဲ့ကြုံတွေ့ရတဲ့သူရှိမယ် စသည်ဖြင့် တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူး။ ဘဝကိုရှင်သန်ဖြတ်သန်းရတဲ့လမ်းကြောင်းချင်း တူမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာပဲမဆို အခွင့်အလမ်းတွေကို ရအောင်ယူနိုင်တဲ့သူက ရေရှည်မှာပိုပြီးတော့သာတာတွေ့ရပါလိမ့်မယ်။ ငယ်ငယ်တုန်းက ဘယ်လောက်ပဲ ပြည့်စုံခဲ့သည်ဖြစ်စေ အသက်ကြီးလာတဲ့အခါမှာ အခွင့်အလမ်းကောင်းကို မရခဲ့ရင် ဒါမှမဟုတ် ရတာတွေကို ကောင်းစွာအသုံးမချခဲ့ရင် လိုချင်တဲ့ ရလဒ်ကို ရမှာမဟုတ်ပါဘူး။

အခွင့်အလမ်းကောင်းတွေကို ဘယ်လိုဆွဲယူမလဲ?

ကျွန်မကတော့Image နဲ့ Personal Branding Consultant ဖြစ်တဲ့အတွက်ကြောင့် လူတွေရဲ့ Image နဲ့ နာမည်ကောင်းကို တည်ဆောက်ထားဖို့တိုက်တွန်းလေ့ရှိပါတယ်။ သူများကကိုယ့်ကို အထင်ကြီးဖို့၊ သဘောကျဖို့ အတင်းလုပ်ယူတာမျိုး၊ သူများဒီလိုလုပ်တိုင်း လိုက်လုပ်တာမျိုးကို အားမပေးပေမယ့် အဆင်ပြေသလိုနေရင်း ကိုယ့်နာမည်ကောင်းကို တည်ဆောက်ဖို့လည်း မေ့နေတာမျိုးလည်း မဖြစ်စေချင်ပါဘူး။

Image တစ်ခုကိုတည်ဆောက်တယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ နာမည်ကောင်းကို ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်မှာတည်ဆောက်တာပဲဖြစ်ပါတယ်။ အဲဒီလိုတည်ဆောက်ဖို့အတွက်ဆိုရင် ငွေကုန်ကြေးကျအများကြီးခံဖို့လည်းမလိုအပ်ဘူး၊ အဝတ်အစားအကောင်းစားတွေဝတ်ဖို့၊ ပညာတွေအများကြီးတတ်ဖို့၊ လူတွေအများကြီးသိနေဖို့လည်းမလိုအပ်ပါဘူး။ ကိုယ့်ရဲ့ လက်ရှိလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးလုပ်နေခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ Image ကိုတည်ဆောက်နိုင်တယ်။ အခွင့်လမ်းကောင်းတွေကိုရအောင် ဆွဲဆောင်နိုင်ပါတယ်။

ကိုယ့်ရဲ့ Image နဲ့ နာမည်ကောင်းကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လူတိုင်းသိဖို့လိုပါတယ်။ အသက်အရွယ်၊ ရာထူး၊ အလုပ်အကိုင်နဲ့ မဆိုင်ဘဲ ဘယ်လိုအလုပ်မျိုးလုပ်နေသည်ဖြစ်စေ၊ နာမည်ကောင်းကို အကောင်းဆုံးတည်ဆောက်ထားမှသာ ကိုယ့်ကို လူတွေက ယုံကြည်လေးစားမှုရှိလာမယ်။ ကိုယ့်စကားက ပိုပြီးထိရောက်လာမယ်။

နာမည်ကောင်းကို မတည်ဆောက်ခင် အရင်ဆုံးသိရမှာက First Impression လို့ခေါ်တဲ့ မြင်မြင်ချင်း လေးစားမှုတည်ဆောက်ခြင်းပါ။ လူတစ်ယောက်နဲ့ ပထမဦးဆုံးအကြိမ်တွေ့တဲ့အချိန်မှာ တစ်ဖက်လူရဲ့ လေးစားမှု သို့မဟုတ် ယုံကြည်မှုကိုရမယ်ဆိုရင် အလုပ်ဆက်လုပ်တဲ့အချိန်မှာ ပိုပြီးအဆင်ပြေချောမွေ့နိုင်ပါတယ်။ မြင်မြင်ချင်းလေးစားမှုကို မရခဲ့ရင် ကိုယ့်ရဲ့အရည်အချင်းတွေရှိကြောင်း၊ ကိုယ်တော်ကြောင်းတတ်ကြောင်း၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်မှန်ကန်ကြောင်း သူများတွေကို သက်သေပြနေရမှာ ပင်ပန်းလှပါတယ်။

ပထမဆုံးအကြိမ်တွေ့တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ First Impression ပေါ်မူတည်ပြီး တခြားလူတွေရဲ့ ဦးဏှောက်ထဲမှာ ကိုယ့်ရဲ့ ပုံရိပ်လို့ခေါ်တဲ့ Image တစ်ခုဖြစ်လာပါတယ်။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူတွေက အချင်းချင်း ဘယ်လိုလူဆိုတာ အပြန်အလှန်သုံးသပ်ကြတဲ့ အလေ့အထရှိတာမို့ လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ Image ကောင်းရှိတယ်ဆိုရင် ကိုယ်လုပ်ဆောင်သမျှ အရာထင်ဖို့ အခွင့်အလမ်း ပိုရှိပါတယ်။

Image ကောင်းတစ်ခုကို တည်ဆောင်ရာမှာ အရေးပါတဲ့အရာတွေက Appearance လို့ခေါ်တဲ့ ကိုယ့်ရဲ့ ပြင်ပ ပုံပန်းသွင်ပြင်၊ Behavior လို့ခေါ်တဲ့ အပြုအမူ၊ Communication လို့ခေါ်တဲ့ ဆက်ဆံရေး တို့ပဲဖြစ်ပါတယ်။ ပြင်ပပုံပန်းသွင်ပြင်လို့ ပြောတဲ့နေရာမှာ အကောင်းစားပစ္စည်းတွေကို သုံးစွဲတာ၊ ကားအကောင်းစားတွေစီးတာ၊ အဝတ်အစားအကောင်းစားတွေကို ဝတ်ဆင်တာကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်လုပ်ရတဲ့အလုပ်၊ သွားရမယ့်နေရာ၊ တွေ့ရမယ့်လူနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ – အလှူအိမ်ကို ကုတ်အကျီနဲ့ အနောက်တိုင်းဝတ်စုံနဲ့ သွားဖို့အဆင်မပြေသလို အလုပ်အင်တာဗျူးကို တီရှပ်နဲ့ ဂျင်းနဲ့ဝတ်သွားမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ သူများမင်္ဂလာဆောင်ကို လေ့ကျင့်ခန်းလုပ်တဲ့ Gym အဝတ်အစားနဲ့ သွားမယ်ဆိုရင် ပွဲရှင်က သူ့အပေါ် လေးစားမှုမရှိဘူးလို့ ထင်သွားနိုင်ပါတယ်။

နေရာနဲ့ လျော်ညီအောင် ဝတ်စားဆင်ယင်တတ်ရုံသာမက သေသေသပ်သပ်ဝတ်တတ်ခြင်းကလည်း အားသာချက်တစ်ခုပါပဲ။ အမြဲတမ်းကြီး အကျီ မီးပူကျ၊ ဆံပင်ကော်တောင့်ပြီး စမတ်ကျနေစရာမလိုပါဘူး။ ဒါပေမယ့် အလုပ်လျှောက်တဲ့အချိန်တို့၊ ခေါင်းဆောင်နေရာယူပြီး ဦးဆောင်ရမယ့်အချိန်တို့၊ ဆွေးနွေးပွဲတွေမှာ ဦးဆောင်ရမယ့်အချိန်တို့ဆိုရင် သတိထားပြီးသပ်သပ်ရပ်ရပ်နေထိုင်ဖို့ လိုပါတယ်။ မျက်နှာနဲ့ ကိုယ်ဟန်အမူအယာကို ကောင်းစွာထိန်းသိမ်းနိုင်ခြင်းဟာလည်း လူမှုပတ်ဝန်းကျင်မှာ နာမည်ကောင်းတည်ဆောက်ချင်တဲ့လူတွေ ရှိသင့်တဲ့ အရည်အချင်းတစ်ခုပါပဲ။

ကိုယ့်ရဲ့ လူကြားထဲမှာ နေထိုင်ပြောဆိုတဲ့ အပြုအမူ၊ online ပေါ်မှာ နေထိုင်ပြောဆိုတဲ့ အပြုအမူတွေက ကိုယ့်အောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်စေနိုင်သလို အနှောက်အယှက်လည်း ဖြစ်စေနိုင်ပါတယ်။

လူတွေကြားထဲမှာ နေရတာမို့ လူမှုဆက်ဆံရေးကောင်းတယ်ဆိုရင် မြင်မြင်ချင်းလေးစားမှု First Impression ရစေတဲ့အပြင် ရေရှည်ဆက်ဆံရေးတည်ဆောက်ဖို့ အခွင့်အလမ်းတွေလည်း ရစေပါတယ်။

နာမည်ကောင်းတည်ဆောက်တဲ့နေရာမှာ သူများသဘောကျအောင် လိုက်လုပ်နေဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ အားသာချက်တွေအပေါ်မှာ မူတည်ပြီးရေရှည်ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ နာမည်ကောင်းကို တည်ဆောက်ဖို့ အကြံပြုချင်ပါတယ်။

ပြိုင်ဆိုင်မှုတွေ များလွန်းတဲ့ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့နာမည်ကောင်းကို တည်ဆောက်ထားရင် ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ရပ်တည်ချက်၊ အားသာချက်တွေ၊ လုပ်ဆောင်ချက်တွေကို လူတွေက ပိုပြီးသတိထားမိ သိရှိနိုင်တဲ့အပြင် ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်မှာ မိတ်ဆွေကောင်း၊ ဆရာသမားကောင်းတွေ ရရှိတိုးပွားနိုင်တာမို့ လူတိုင်းပဲ Appearance, Behavior, Communication ကို ကောင်းစွာအသုံးချပြီး ပြင်ပလူမှုဆက်ဆံရေးလောကမှာရော၊ virtual world လို့ခေါ်ကြတဲ့ online မှာပါ နာမည်ကောင်းတည်ဆောက်နိုင်ပြီး အခွင့်အလမ်းကောင်းများ၊ ရလဒ်ကောင်းများရရှိနိုင်ကြဖို့ မျှဝေပေးလိုက်ပါတယ်။

ထက်ရည် (Brand You)
(27.10.2019 နေ့ထုတ် အခွင့်အလမ်းဂျာနယ် တွင် ဖေါ်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်။)

brandyou

brandyou

Leave a Replay