ခုဆို နှစ်တစ်နှစ်ရဲ့ တစ်ဝက်တိတိ ဖြစ်တဲ့ ၆ လတာ ကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။ နှစ်စက ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်မယ်လို့ စဉ်းစားထားတာတွေ ဘယ်နှခု ပြီးပြီလဲ။ ဘယ်နှခု ကျန်သေးလဲ။ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။
အရင့်အရင်နှစ်တွေနဲ့ မတူတာက ဒီနှစ်မှာ COVID-19 ဖြစ်လိုက်တာပါပဲ။ စီစဉ်ထားတာတွေ ပျက်ကုန်တယ်။ အလုပ်အကိုင်တွေ၊ စဉ်းစားပုံတွေ ပြောင်းကုန်တယ်။ အခြေအနေသစ်နဲ့ အံဝင်အောင် ပြောင်းလဲယူရတယ်။ ဒါကြောင့်မို့ နှစ်စက စဉ်းစားထားတဲ့အတိုင်း ဖြစ်မလာတာတွေ ရှိရင်လည်း စိတ်ပျက်မသွားဘဲ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ကိုသာ စဉ်းစားစေချင်တယ်။
ဒီတော့ ခုလို နှစ်ဝက်ကာလမှာ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးကြည့်ပါ။
၁။ နောက် ၆ လအတွက် ငါ ဘာတွေ လုပ်မလဲ။ နောင်အနာဂတ်အတွက်ရော ငါ ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ ဘာတွေ လေ့လာဖို့ လိုမလဲ။
၂။ ကိုယ့်ရဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ဖြစ်သလဲ။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Healthy lifestyle ဖြစ်နေသလား။
တကယ်တော့ ကျန်းမာရေးဟာ အရေးကြီးဆုံးနဲ့ အမေ့လျော့ခံရဆုံး ကိစ္စပါ။
၃။ ကိုယ့်ရဲ့ Relationship တွေ အဆင်ပြေနေသလား။ မိဘ၊ သားသမီး၊ အိမ်ထောင်ဖက်၊ ချစ်သူရည်းစား၊ သူငယ်ချင်း မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် စသဖြင့်ပေါ့။
ဒီ COVID က သတိပေးလိုက်တဲ့ တစ်ချက်ကို မမေ့ပါနဲ့။ ဘဝမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကြိုလည်း သတိပေးချင်မှ ပေးမှာပါ။ ဒီအတွက် ကိုယ့်အနားက သူတွေကို ဘယ်လောက် ဂရုစိုက်ပြီးပြီလဲ။ ချစ်ခြင်းမေတ္တာ ပြသပြီးပြီလဲ။ ပြန်မေးကြည့်ပါ။
၄။ ကိုယ့်ရဲ့ ပညာရေးကရော ဘယ်လိုလဲ။ နေ့စဉ်နေ့တိုင်း လေ့လာသင်ယူမှုတွေ လုပ်နေရဲ့လား။ ၂၄ နာရီမှာ ဘယ်နှနာရီလောက် လေ့လာမှုအတွက် အချိန်ပေးနေပါသလဲ။
၅။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေရော ကောင်းပါသလား။ မကောင်းဘူးဆို ဘာတွေ ဖြစ်နေသလဲ ကိုယ်သိသလား။ အဲဒါတွေကိုရော ကိုင်တွယ်ဖြေရှင်းနေရဲ့လား။
၆။ နေ့စဉ်နေ့တိုင်းကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေသလား။ အပြစ်တင်ခြင်းတွေ၊ အလိုမကျ ဖြစ်မှုတွေနဲ့ ကျော်ဖြတ်နေသလား။
၇။ ကိုယ့်ရဲ့ Career မှာရော ဘာတွေ အပြောင်းအလဲ လုပ်ဖို့ လိုမလဲ။ အခု လုပ်နေတဲ့ အလုပ်တွေက နောင် ၅ နှစ်မှာ ကိုယ် ရောက်ချင်တဲ့နေရာကို ရောက်နိုင်ဖို့ အထောက်အကူ ဖြစ်ရဲ့လား။
၈။ ငွေကြေး စုထားဆောင်းထားသလား။ သုံးမယ်ဆိုရင်ရော ကိုယ့်အတွက် ရေရှည်မှာ အကျိုးရှိမဲ့ အရာတွေကို ပိုသုံးဖြစ်နေသလား။
၉။ ကိုယ့်ပတ်ဝန်းကျင်အပေါ်၊ လူအများအပေါ်မှာရော ဘယ်လောက် အကျိုးပြုပြီးပြီလဲ။ တစ်ဖက်သား အဆင်ပြေအောင်၊ စိတ်ချမ်းသာအောင် ဘယ်လောက်ထိ လုပ်ပေးပြီးပြီလဲ။ နေ့စဉ်နေ့တိုင်းမှာရော အဲ့လိုစိတ်နဲ့ ဖြတ်သန်းနေရဲ့လား။
၁၀။ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင်ရော သိရဲ့လား။ ကိုယ့်မှာရှိတဲ့ အရာတွေကို မေ့လျော့ပြီး သူများမှာ ရှိတဲ့အရာတွေကိုပဲ အားကျနေမိလား။
၁၁။ နောက်ဆုံးမေးခွန်းကတော့ အရေးကြီးဆုံးပါ။
ကိုယ် ဘာအတွက် လူ့လောကထဲကို ရောက်လာတာလဲ။ အချိန်တန်လို့ ပြန်ရတဲ့အခါ ဘာတွေ ချန်ထားခဲ့ချင်သလဲ။ အခုနေများ ပြန်ရတော့မယ်ဆိုရင်ရော ကိုယ့်ဘဝကိုယ် အားရကျေနပ်မှု ရှိနေပြီလား။
ဒီမေးခွန်းလေးတွေ ဖြေကြည့်ပါ။ ပြန်သုံးသပ်ကြည့်ပါ။ ပြီးရင် ၂၀၂၀ လက်ကျန် နှစ်ဝက်ကိုရော၊ ဆက်ပြီး ရှင်သန်ရဦးမယ့် နေ့ရက်တိုင်းကိုရော အကောင်းဆုံး ဖြစ်အောင် ပြည့်ပြည့်၀၀ ဖြတ်သန်းလိုက်ပါ။
Brand You Academy