စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်စွမ်း ဆိုတဲ့ Emotional intelligence ရဲ့ အရေးကြီးမှုကို ဒီနေ့ခေတ်မှာ အတော်လေး သဘောပေါက်လာကြပါပြီ။ အဲဒီမှာ အရေးကြီးတဲ့ အချက်တစ်ချက်က ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ဖို့ဆိုတဲ့ Self-control ပါ။ ဒါက ခန္ဓာကိုယ် အလေးချိန် လျှော့ဖို့ကနေ ဘဝတိုးတက်ဖို့အထိ အရေးပါပါတယ်။ မစားသင့်တဲ့ အစားအသောက်တွေ မစားမိအောင်၊ မနက်စောစော လေ့ကျင့်ခန်း လုပ်မယ်ဆို ပြန်အိပ်ချင်တာ မအိပ်မိအောင် ထိန်းရတယ်။ ပညာတွေ သင်တဲ့အခါ လက်လျှော့ချင်တဲ့စိတ်၊ အလုပ်မသွားချင်တဲ့စိတ်၊ အရှုံးပေးချင်တဲ့စိတ်တွေကို ပြင်ပြီး အကောင်းဆုံး ကြိုးစားနေကြရတယ်။
အလုပ်ခွင်ဆိုတာ ကိုယ့်မိသားစု မဟုတ်ဘူး။ ဒါများ အထူးတဆန်းလုပ် ပြောနေတယ် မထင်နဲ့။ တကယ်ကို အဲ့လို ကိုယ့်မိသားစုနဲ့ မှားနေသူတွေ ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေကို ကိုယ့်ဆွေမျိုးလို ထင်ပြီး အထိန်းအကွပ်မရှိ ပြောဆိုနေထိုင်နေသူတွေ တကယ်မြင်ဖူးတယ်။ ပြောချင်တာက ကိုယ့်အိမ်မှာဆို ကိုယ်နေချင်သလို နေလို့ရတယ်။ စိတ်တွေတိုနေလား၊ ကိုယ့်မောင်နှမတွေကို အော်ဟစ်လိုက်လို့ ရတယ်။ တခုခုဆို ပြန်တောင်းပန်လို့လည်း လွယ်တယ်။ ဘယ်သူကမှလည်း အထင်သေးမနေဘူး။ ဘာလို့ဆိုတော့ မိသားစုတွေကိုး။ တချို့ဆိုလည်း အိမ်မှာ အငယ်ဆုံးမို့ ဖူးဖူးမှုတ် အလိုလိုက်ခံထားရတာတွေတောင် ရှိတယ်။
လုပ်ငန်းခွင်ကျ ဒီလို မဟုတ်ဘူး။ ကိုယ့်စိတ်ရှိတဲ့အတိုင်း နေလို့မရဘူး။ ပြောလို့မရဘူး။ အော်လို့မရဘူး။ ဘယ်သူကမှလည်း ကိုယ့်ကို အလိုလိုက်မနေဘူး။ ဖူးဖူးမှုတ်မနေဘူး။ ဒီတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြောဆို ပြုမူ နေထိုင်တတ်ဖို့က သိပ်အရေးကြီးတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြင်မတူတဲ့အခါ စနစ်တကျ ငြင်းခုန်တတ်ရတယ်။ Customer တွေနဲ့ ပြဿနာ တက်တဲ့အခါ စိတ်မတိုအောင် ထိန်းရတယ်။ အထက်လူကြီးကိုလည်း ချက်ကျလက်ကျနဲ့ တင်ပြဆွေးနွေးနိုင်ရတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်းဆိုတဲ့ Self-control ဟာ အရေးကြီးလာတယ်။
ကိုယ့်အိမ်မှာ ပြဿနာ တက်နေတာ၊ ရည်းစားနဲ့ အဆင်မပြေလို့ အသည်းကွဲနေတာ၊ စတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေဟာ လုပ်ငန်းခွင်နဲ့ ဘာပတ်သက်မှုမှ မရှိဘူး။ ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးဆီ သွားရင် လစာမှလောက်ရဲ့လား၊ အလုပ်မှာ ပျော်ရဲ့လား၊ ရည်းစားနဲ့ အဆင်ပြေရဲ့လား တွေးပေးနေလို့လား။ အကောင်းဆုံး စွမ်းဆောင်ရည်ကိုပဲ လိုချင်တာပဲမို့လား။ ဒါဆို သူများတွေကလည်း ကိုယ့်ဆီကနေ အဲ့လိုပဲ လိုချင်တာပေါ့။ ဒါကြောင့် ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေ ပေးမဲ့အစား ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ပြီး အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့ လိုတယ်။ ဒီအတွက် Self-control ဟာ ပရော်ဖက်ရှင်နယ် ပီသသူတိုင်းမှာ တွေ့ရတတ်တဲ့ စရိုက်လက္ခဏာတစ်ခု ဖြစ်နေတာပါ။ တစ်ဖက်က ပြန်ပြောရရင် ပရိုပီသချင်သူတိုင်း လေ့ကျင့်ထားရမဲ့ အရည်အသွေးတစ်ခုလည်း ဖြစ်ပါတယ်။
အဲလို စိတ်ခံစားချက်တွေကို ထိန်းပါ၊ စိတ်မတိုပါနဲ့ လို့ ပြောတော့ တချို့က မေးကြတယ်။ သည်းခံရင်း၊ မျိုသိပ်ရင်းနဲ့ ကြာတော့ အဆင်မပြေတော့ဘူးတဲ့။ အဲဒါကရော မှန်ကန်ရဲ့လားတဲ့။ ဒီတော့ ရှင်းပြစရာ ရှိလာပါတယ်။ Self-control သည် အရာရာ ခေါင်းငုံ့သည်းခံ အလျှော့ပေးခြင်း မဟုတ်ပါဘူး။
နမူနာ ပေးပါမယ်။ ကျွန်တော် ကားမောင်းပြီး အပြင်သွားတဲ့အခါ ဘေးက ကားတစ်စီးစီးက ကပ်ပြီး ကျော်တက်သွားတယ် ဆိုပါတော့။ ကျွန်တော် ဒေါသထွက်မယ်။ အဲဒီကားနောက်ကို အသည်းအသန် လိုက်မယ်။ မီလာရင် မှန်ချပြီး လှမ်းဆဲမယ်။ အဲဒီအခါ တစ်ဖက်ကားကလည်း ပြန်ဆဲမယ်။ ပြိုင်မောင်းရင်း မောင်းရင်း အခြေအနေ ပိုဆိုးလာမယ်။ လမ်းဘေးတစ်နေရာ ထိုးရပ်ပြီး စကားပိုများကြမယ်။ အခန့်မသင့်ရင် ကိုယ်ထိလက်ရောက်တွေတောင် ဖြစ်သွားနိုင်တယ်။
စဉ်းစားကြည့်။ ဘာအကျိုးအမြတ် ရသလဲ၊ အဲ့လို ပေါက်ကွဲလိုက်လို့။ ကိုယ့်မို့လို့ တမင်လုပ်သွားတာလည်း မဟုတ်ဘူး။ သူ့ဟာသူ အရေးကြီးကိစ္စ ရှိလို့လည်း ဖြစ်ရင်ဖြစ်မယ်။ ကိုယ်နဲ့ အမြဲတွေ့နေရမဲ့ ကားလည်း မဟုတ်ဘူး။ အဲ့လို တုံ့ပြန်လိုက်တော့ ကိုယ်လုပ်ရမဲ့အလုပ် မလုပ်ရတော့ဘူး။ သွားရမဲ့နေရာ မရောက်တော့ဘူး။ ဒေါသထွက်ရ၊ ရန်ဖြစ်ရ၊ စကားများရတယ်။ ရုံးရောက်ဂါတ်ရောက်တောင် ဖြစ်သွားနိုင်သေး။ ပြောရရင် မတန်ဘူး။ ဒီလို အကျောမခံနိုင်တာလေးအတွက်နဲ့ ပြန်ပေးလိုက်ရတဲ့ အရာတွေက တော်တော်များတယ်။ ခရီးနှောင့်နှေးတာ၊ ဒေါသထွက်လို့ ပင်ပန်းရတာ၊ အချိန်ကုန်တာ စသဖြင့်ပေါ့။ အဲဒါမျိုးတွေမှာ စိတ်ကို ထိန်းလိုက်။ ဒေါသထွက်နေပြီဆို ကိုယ့်စိတ်ကိုယ်သိလိုက်။ မထိန်းလိုက်နိုင်ရင် ဆက်ဖြစ်လာမဲ့ အကျိုးဆက်ကို မြင်အောင်ကြည့်လိုက်။ ဒါဆို အဆင်ပြေသွားလိမ့်မယ်။
ကားနဲ့ ဥပမာ ပေးထားပေမဲ့ လုပ်ငန်းခွင်မှာလည်း ဒါမျိုး အခြေအနေတွေ အများကြီးရှိတယ်။ စကားလေး အတင်စီးမခံနိုင်ရုံနဲ့ ပြန်ချေပလိုက်တာတွေ၊ ငါ့ကို မလေးမစား လုပ်တယ် ဆိုပြီး အာဏာပါဝါ ပြမိလို့ လေးစားမှု ဆုံးရှုံးခဲ့ရတာတွေ၊ ငါလုပ်တယ်၊ သူလုပ်တယ် ဆိုပြီး နာမည်ကောင်း လိုချင်လို့ အသင်းအဖွဲ့ စိတ်ဓါတ် ပျက်စီးခဲ့ရတာတွေ၊ Customer နဲ့ ဆက်ဆံရေး ပျက်ပြီး အလုပ်ထိခိုက်ကုန်တာတွေ စသဖြင့် Small victory လို့ခေါ်တဲ့ ဘာမဟုတ်တဲ့ အနိုင်ရမှု သေးသေးကလေးကို လိုချင်လို့ ကိုယ့်ဘက်က အများကြီး ပေးဆပ်လိုက်ရတာတွေ ရှိဖူးကြမှာပါ။ အဲဒါတွေအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ သေးသေးကလေးတွေကို မကြည့်ပါနဲ့။ ကိုယ် ဒါလေးလျှော့လိုက်လို့၊ သည်းခံလိုက်လို့၊ ထိန်းချုပ်လိုက်လို့ ပိုအကျိုးများမဲ့ ကိစ္စတွေဆို လျှော့ပေးလိုက်ပါ။ သဘောထားကြီးလိုက်ပါ။
သို့သော် ခေါင်းငုံ့ သည်းခံလိုက်တိုင်း ပြဿနာတွေက ပြေလည်သွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း သိစေချင်ပါတယ်။ ခုနက ဥပမာမှာဆိုလည်း လမ်းပေါ်မှာ တစ်ခါလောက် တွေ့တဲ့ကားဆို သည်းခံလိုက်ပေါ့။ တစ်တိုက်တည်းမှာ အတူနေတာကို ဒီကားပါကင်မှာ သူပဲ ရပ်မယ် ဆိုတာမျိုး လာကျောရင်တော့ ဖြေရှင်းသင့်တာ ဖြေရှင်းရပါလိမ့်မယ်။
လုပ်ငန်းခွင်မှာလည်း ဒီလိုပဲ။ အကုန်လုံးသာ ငုံ့ခံနေမယ်၊ ပြောသမျှ ပြန်မငြင်း၊ ဖြစ်နိုင်၊ မဖြစ်နိုင် ပြန်မဆွေးနွေးဘဲ အကုန်လက်ခံနေမယ်၊ သဘောတူနေမယ်၊ မငြင်းတတ်ဘူးဆို ဘယ်အဆင်ပြေပါ့မလဲ။ ကိုယ့်ခံစားချက်ကို ထိန်း။ စိတ်တိုတဲ့သူဟာ ရှုံးတာပဲ။ စိတ်တိုလိုက်ပြီ ဆိုရင်ကို ရှုံးဖို့ လမ်းစ ဖြစ်လာတာပဲ။ ဒါပေမဲ့ ပြောစရာ ရှိတာတော့ ပြောရမယ်။ ငြင်းသင့်တာ ငြင်းရမယ်။ ဒါမှပဲ ရေရှည်မှာ အဆင်ပြေမယ်။ Small victory ရဖို့အတွက် မဟုတ်ဘူး။ အလုပ်မှာ ပိုပြီး အောင်မြင်ဖို့၊ အဆင်ပြေဖို့၊ ကိုယ်လုပ်တာတွေ အရာထင်ဖို့အတွက် တုံ့ပြန်ရခြင်း ဖြစ်ပါတယ်။
စကားလေး တင်စီးတာတော့ သည်းခံလိုက်။ ဒါပေမဲ့ ကိုယ့်နောက်ကွယ်မှာ ကိုယ်မလုပ်တာတွေကို လုပ်ခဲ့သယောင်ယောင် လျှောက်ပြောနေရင်တော့ ဖြေရှင်းရမယ်။ သတိထား။ ဒေါသတော့ မထွက်စေနဲ့။
ကိုယ့်ကို ဆရာခေါ်နေဖို့၊ မမ ခေါ်နေဖို့ မလိုဘူး။ အလုပ်ကိုတော့ လေးလေးစားစား လုပ်ရမယ်။ အကြောင်းမကြားဘဲ အလုပ်ပျက်ကွက်တာမျိုး၊ လုပ်ငန်းခွင်မှာ စော်ကားမော်ကား ပြုမူတာမျိုးတော့ လုံးဝလက်သင့်မခံဘူး။ ပြောစရာရှိတာ ပြောရမယ်။ သတိထား။ ဒေါသတော့ မထွက်စေနဲ့။
အောင်မြင်မှုတစ်ခု ရတဲ့အခါ အဲဒါ ငါတော်လို့၊ ငါ့စိတ်ကူးကြောင့် ဆိုတာမျိုး လက်မ မထောင်နဲ့။ ဒါပေမဲ့ ကိုယ့်အိုင်ဒီယာကို သူ့အိုင်ဒီယာလုပ် နာမည်ကောင်း ယူသွားတာမျိုး ထပ်ကာ ထပ်ကာ မဖြစ်အောင်တော့ လုပ်ရမယ်။ သတိထား။ ဒေါသတော့ မထွက်စေနဲ့။
Customer က Complain တက်ရင် ရန်ပြန်ဖြစ်ဖို့ မဟုတ်ဘူး။ သူ လွန်တာတွေကို အပြစ်တင်ဖို့ မဟုတ်ဘူး။ သို့သော် ရှင်းပြရမယ်။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လုပ်ငန်းရဲ့ မူအပေါ် ပြတ်ပြတ်သားသား ရပ်တည်ပြီး သူနားလည်လာအောင် ပြောပြနိုင်စွမ်း ရှိရမယ်။ တစ်ခုပဲ။ ဒေါသတော့ မပါစေနဲ့။
ကျွန်တော်တို့ လိုအပ်တဲ့ Self-control ဆိုတာ အဲဒါမျိုးကို ခေါ်တာပါ။ အရာရာ သည်းခံ၊ အလျှော့ပေးနေတတ်တဲ့၊ တအား Passive ဖြစ်လွန်းတဲ့သူဟာ လူချစ်လူခင်တော့ ပေါမယ်။ ဒါပေမဲ့ အလုပ်မှာ အောင်မြင်ဖို့ရာ မလွယ်ဘူး။ ပိုဆိုးတာက အကျောလည်း ခံလာရသေး၊ အပြောလည်း ခံလာရသေး။ အဲဒီတစ်ခါလည်း ရှုံးတယ်။ ပြီးသွားတော့လည်း ကိုယ့်စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတော့ နောက်တစ်ခါ ထပ်ရှုံးတယ်။ ကြာလာတော့ စိတ်တွေ ဖိစီးလာတယ်။ မပျော်တော့ဘူး။ ပင်ပန်းလာတယ်။ ဒါကြောင့် Self-control ဆိုတာ နေရာတကာ ခေါင်းငုံ့ သည်းခံခြင်း မဟုတ်ဘူး ဆိုတာလေးကို သိစေချင်ပါတယ်။
အနိုင်ရမှု သေးသေးကလေးတွေကို မလိုချင်ပါနဲ့။ အမြင်ကျယ်ကျယ် ကြည့်ပါ။ သဘောထားကြီးကြီး ထားပါ။ အဲ့ဒါတွေကို လိုချင်မိလို့ အကြီးကြီး ပေးဆပ်လိုက်ရတာမျိုး မဖြစ်စေပါနဲ့။ ဒီအတွက် စိတ်ခံစားချက်ကို ထိန်းပါ။ တစ်ဖက်ကလည်း ပြောသင့် ပြောထိုက်၊ လုပ်သင့် လုပ်ထိုက်၊ တုံ့ပြန်သင့် တုံ့ပြန်ထိုက်တာကို စိတ်ခံစားချက် ရှေ့တန်းမတင်ဘဲ လုပ်ဆောင်နိုင်ဖို့ ကြိုးစားပါ။ အဲဒီစွမ်းရည်ဟာ ပရော်ဖက်ရှင်နယ် ပီသသူတိုင်းမှာ ရှိထားသင့်တဲ့ အရည်အသွေးတစ်ခုလည်း ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ