fbpx

“ပျော်ရွှင်မှုရဲ့ သော့ချက်”

လူတိုင်းကတော့ ပျော်ရွှင်ချင်ကြတာပါပဲ။ စိတ်ပျော်ရွှင်မှုနောက်ကိုလိုက်ရင်း မလုပ်သင့်တာတွေကို လုပ်မိသူတွေရှိသလို ခဏတာပျော်ရွှင်မှုနဲ့ ဘဝတစ်ခုလုံးနဲ့ လဲလိုက်ရသူတွေလည်းရှိပါတယ်။ တချို့ကျပြန်တော့လည်း အားကျစရာကောင်းလောက်အောင်ကို ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာ တွေ့ရပါတယ်။

Mikael Krogerus နဲ့ Roman Tschappeler တို့ရေးတဲ့ The Decision Book: Fifty models for strategic thinking ဆိုတာလေးထဲမှာပျော်ရွှင်မှုနဲ့ ပတ်သက်လို့ ဖတ်မိတာလေးတစ်ခု မျှဝေချင်ပါတယ်။ အဲဒီစာအုပ်က ဆုံးဖြတ်ချက်ချရခက်နေသူတွေ၊ ကိုယ့်ကိုယ်ကိုယ်နားလည်ချင်သူတွေ၊ တိုးတက်ချင်သူတွေ၊ သူများကို ပိုပြီးနားလည်ချင်ပါတယ် ဆိုသူတွေအတွက် workbook သဘောမျိုး model လေးတွေကို ပုံလေးတွေနဲ့ သီအိုရီလေးတွေ ပေးထားတာပါ။ ပေးထားတဲ့ model ထဲမှာ ထည့်ရေးကြည့်ပါ စသဖြင့် လေ့ကျင့်ခန်းသဘောမျိုးလေးတွေ ပါဝင်ပါတယ်။

အဲဒီမှာ “What makes you Happy” ဆိုတဲ့ ခေါင်းစဉ်လေးအကြောင်း ရေးထားတာလေးရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်က အရစ္စတိုတယ်လ် Aristotle က လူသားတစ်ယောက်အနေနဲ့ အလိုချင်ဆုံးက “ပျော်ရွှင်မှု” ပါလို့ ကောက်ချက်ချခဲ့ပါသတဲ့။

ကျန်းမာခြင်း၊ လှပခြင်း၊ ငွေကြေးချမ်းသာခြင်းနဲ့ တန်ခိုးအာဏာကို လိုချင်ကြတယ်လို့ လူသားတွေ ရည်မှန်းကြတာဟာ အဲဒါတွေရှိရင် ပျော်မယ်လို့ ထင်လို့ပါတဲ့။

လူတစ်ထောင်လောက်ကို အင်တာဗျူးကြည့်တဲ့အခါ ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်ရဖို့ အချက် ၅ ချက်နဲ့ ပြည့်စုံဖို့ လိုပါသတဲ့။

၁။ လုပ်ဆောင်ချက်တစ်ခု (activity) ကို ပြင်းပြင်းပြပြ အာရုံစူးစိုက်စွာလုပ်ဆောင်နေရမယ်။

၂။ အဲဒီ လုပ်ဆောင်ချက်ကလည်း သူများတိုက်တွန်းတာမဖြစ်ရဘဲ ကိုယ့်ဟာကိုယ်ရွေးချယ်ထားတာဖြစ်ရမယ်။

၃။ Under-Challenging (အရမ်းလွယ်လွန်းနေတာ) လည်း မဖြစ်ရ၊ Over-Challenging (အရမ်းခက်ခဲလွန်းနေတာ) လည်းမဖြစ်ရပါဘူးတဲ့။

၄။ ရှင်းလင်းတဲ့ ရည်ရွယ်ချက်ရှိရမယ်။

၅။ ချက်ချင်း တုံ့ပြန်မှု ရတာလည်းဖြစ်ရမယ် တဲ့။

သူကတော့ Immediate feedback လို့ သုံးထားပါတယ်။ ကျွန်မထင်တာတော့ ကိုယ့်ကြိုးစားမှုရဲ့ ရလဒ်ကို အကုန်မဟုတ်တောင် နည်းနည်းမြင်နေရတာကိုဆိုလိုတယ်လို့ ထင်မိပါတယ်။

ဥပမာ – လေ့ကျင့်ခန်းလုပ်လို့ ချက်ချင်းကြီး 6 pack ဘာညာ မမြင်ရရင်တောင် နည်းနည်းတော့ ကျန်းမာရေးကောင်းလာတာ၊ အိပ်ပျော်တာ၊ တက်ကြွမှုရှိတာ စသဖြင့် သက်ရောက်မှုလေး နည်းနည်းရှိနေတာလို့ ထင်ပါတယ်။ ရီပို့တစ်စောင်ရေးရမယ်ဆိုရင် ချက်ချင်းမပြီးသေးရင်တောင်မှ တစ်ခန်းပြီးသွားတိုင်းရတဲ့ ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုလည်း ဖြစ်နိုင်ပါတယ်။

ဘာမှမလုပ်ဘဲ အရာအားလုံးပြည့်စုံပြီး ထိုင်နေရရင် ပျော်ရွှင်မယ်လို့ ထင်ကြပေမယ့် အဲဒါမမှန်ပါဘူးတဲ့။ အချိန်တွေကိုမေ့လောက်အောင် ကိစ္စတစ်ခုခုမှာ စိတ်ဝင်တစားလုပ်ဆောင်နေတဲ့အချိန်က အပျော်ရွှင်ဆုံးပါ လို့ ဂီတသမားတွေ၊ ဆရာဝန်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေက ပြောပါတယ်တဲ့။

ဒီတော့ သင်ပျော်ရွှင်နေလား? သင့်ပျော်ရွှင်မှုကို ဘာက တားဆီးထားသလဲဆိုတဲ့ မေးခွန်းလေးရယ်၊ တိုင်းတာလို့ရတဲ့ model လေးတစ်ခုရယ်နဲ့ ခေါင်းစဉ်ကို အဆုံးသတ်ထားပါတယ်။ The Flow Model လို့ နာမည်ပေးထားပါတယ်။ ကိုယ်ကြုံတွေ့ခဲ့တဲ့ စိန်ခေါ်မှုတွေထဲက နောက်ဆုံး ၃ ခုကို ဒီဇယားကွက်ထဲမှာရေးချကြည့်ပြီး ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာကို ရေးပါတဲ့။ ပုံထဲမှာ ပြထားတဲ့ ဇယားကွက်လေးပါ။

ကျွန်မ ဆက်စပ်စဉ်းစားမိတာက ကိုယ့်ရဲ့ နောက်ဆုံး စိန်ခေါ်မှုက ဘာလဲ။
မနက်နှိုးစက်မြည်တဲ့ချိန် အိပ်ယာက ချက်ချင်း ထ,ရမှာကိုလား။ ဒါမှမဟုတ် လူတွေအတွက် အကျိုးကျေးဇူးများမယ့် ကိစ္စတစ်ခုကို risk ယူပြီး လုပ်ဆောင်ရတာလား။
မနက်စာကို မုန့်ဟင်းခါး စားရမလား၊ ထမင်းကြော်စားရမလားဆိုတာကို အချိန်အကြာကြီးယူပြီး စဉ်းစားနေရတာလား။
ကိုယ်ဝတ်မယ့် အင်္ကျီရွေးနေတာနဲ့ အချိန်ကုန်သွားတာလား။
လုပ်ငန်းအတွက် အကျိုးရှိတဲ့ အလုပ်ကိစ္စအကြီးကြီးတစ်ခုကို ဦးဆောင်ခဲ့တာလား။
မှန်တာကိုလုပ်မှာလား၊ အများနောက်လိုက်မှာလားဆိုတဲ့ လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်သိက္ခာနဲ့ဆိုင်တဲ့ ကိစ္စတွေလား။

ဘဝကတော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာပါ။ ဒီနေ့ပဲ နားထောင်လိုက်တဲ့ Webinar ထဲမှာလည်း Andrew Matthews ဆိုတဲ့ Australian Speaker က ပျော်ရွှင်မှုကိုရဖို့ဆိုရင် သာယာအောင်မြင်နေတဲ့အချိန်တွေကိုချည်း မလိုချင်ပါနဲ့။ ခက်ခဲကြပ်တည်းတဲ့ အချိန်တွေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ခြင်းကသာ ပျော်ရွှင်မှုကိုပေးမယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။

ဘာပဲဖြစ်ဖြစ် နေ့ရက်တိုင်းက ကိုယ့်အတွက် ပျော်ရွှင်ဖို့နဲ့ ရှင်သန်ရတာ အဓိပ္ပါယ်ရှိဖို့လိုပါတယ်။ ပျော်ရွှင်မှုနောက်ကို မလိုက်ပါနဲ့၊ ပျော်ရွှင်မှုက ကိုယ့်ရဲ့ အတွင်းထဲက လာပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက လာပါတယ်။

ကိုယ့်အတွက် မှန်ကန်တဲ့၊ ထိုက်တန်တဲ့ စိန်ခေါ်မှုကို ရှာဖွေပါ။ အဲဒီ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်တဲ့အခါ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိမှာပါ။

brandyou

brandyou

Leave a Replay