ပျော်ရွှင်ပါစေ ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားသလိုပါပဲ။ ပျော်နေတဲ့သူဟာ Relationship (RS) တွေ အဆင်ပြေဖို့ လွယ်သလို၊ RS အဆင်ပြေနေတဲ့သူဟာလည်း ပိုပြီး ပျော်ရွှင်ရတတ်ပါတယ်။ ဒီနေရာမှာ RS ဆိုတာ သမီးရည်းစားကိုပဲ ပြောတာ မဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်ထောင်ရေး၊ အိမ်နီးနားချင်း စသဖြင့် ပါပါတယ်။
ဒီနေ့ခေတ်လို ဆိုရှယ်မီဒီယာ ထွန်းကားလာတဲ့ ခေတ်မှာ ဆက်သွယ်ရေးတွေ ပိုအဆင်ပြေလာပါတယ်။ ဝေးကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံရတယ်။ နိုင်ငံရပ်ခြားက ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ် မပြတ်တော့ဘူး။ သို့သော်လည်း ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေအပေါ်မှာတော့ ထိခိုက်မှုတွေ ရှိလာတယ်။ဆိုရှယ်မီဒီယာကြောင့် လူချင်းထိတွေ့ ပြောဆိုဆက်ဆံတာတွေ နည်းလာတယ်။ စားသောက်ဆိုင်တွေမှာဆို ဖုန်းကြည့်ရင်းပဲ စကားပြောကြတော့တာ။
ဟိုးနိုင်ငံခြားက မိတ်ဆွေနဲ့သာ Messenger မှာ စကားပြောနေတာ၊ ဘေးအိမ်မှာကျ ဘယ်သူနေမှန်းတောင် မသိကြတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေ များလာပေမဲ့ ဆက်ဆံရေးတွေက အပေါ်ယံဆန်လာတယ်။ မွေးနေ့တွေဘာတွေ သိလို့ မဟုတ်ဘူး။ ပို့စ်တင်ထားတာ မြင်မှ ဝတ်ကျေတန်းကျေ Birthday wish ဝင်လုပ်တာ။ နောက်ပြီး ဆက်ဆံရေးတွေဟာ တင်စားပြီး ပြောရရင် Facebookable ဖြစ်လာတယ်။ ဥပမာပြရရင် ဆိုရှယ်မီဒီယာမှာ ခေတ်စားအောင်လို့ ရည်ရွယ်ပြီး Surprise လုပ်ကြတာမျိုးပေါ့။ တကယ်ကို အံ့သြသွားစေချင်လို့ လုပ်ပေးသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာမှာ အပြလှအောင် တမင်လုပ်နေကြသူတွေလည်း မနည်းဘူး။ အဖေများနေ့၊ အမေများနေ့၊ အဲ့လိုနေ့တွေမှာလည်း ဖေဖေက ဟီးရိုး၊ မေမေက အမေ့ခံသူရဲကောင်း စသဖြင့်သာ တင်နေကြတာ။ သူတို့ကို ဂရုစိုက်ဖို့၊ တစ်ယောက်ကို တစ်ယောက် နားလည်ပေးဖို့၊ ဆက်ဆံရေး ခုထက်ပို အဆင်ပြေဖို့ကျတော့ မကြိုးစားမိကြဘူး။ ဒီလိုနဲ့ အွန်လိုင်းမှာတော့ အမေချစ်တဲ့ သားလေး၊ သိပ်ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူ၊ သူ့ယောကျာ်းက သူ့ကို သိပ်ချစ်တာ၊ သိပ်ကံကောင်းတဲ့ မိန်းကလေး စတဲ့ အမှတ်တံဆိပ်တွေ ရနေကြပေမဲ့ တကယ်တမ်း လက်တွေ့ဘဝမှာတော့ သူတို့ဟာ ပျော်ရွှင်မနေကြဘူး။
ခုလို ဆိုရှယ်မီဒီယာခေတ်မှာ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေရတဲ့ လူတွေကို အုပ်စု ၄ စု ခွဲလို့ရတယ်။ ဒီအုပ်စု တစ်ခုစီမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ပုံရိပ်ကလည်း တစ်ခုနဲ့ တစ်ခု မတူဘူးပေါ့။
ဟိုတစ်ရက်က ကျွန်တော့်စာအုပ်သစ် ကြော်ငြာထားတဲ့ ပို့စ်အောက်မှာ ညီတစ်ယောက်က လာမန့်တယ်။ ခုလိုအချိန်မှာ တစ်ရာဖိုး ၃ ပုဒ်တွေ ရေးပြီး စာအုပ်ကြော်ငြာနေမဲ့အစား တခုခု လုပ်ပါလားတဲ့။ သူတောင် Mask တွေ၊ လက်ဆေးရည်တွေ လှူနေသေးတယ်ပေါ့လေ။ အဲဒါလေးကို ဖတ်လိုက်ကတည်းက သိသာတယ်။ သူဟာ ကျွန်တော့်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကမှ စသိတဲ့သူ ဖြစ်မယ် ဆိုတာပဲ။ ၂ လ ၃ လလောက်ကမှ သတိထားမိတဲ့သူ ဆိုရင်တောင် ကျွန်တော့်ကို ဆဲချင်သာ ဆဲသွားမယ်။ ဒီလိုစကား မပြောဘူး။ ကျွန်တော် ဘာတွေ လုပ်နေလဲ သူတို့ သိတာကိုး။
တစ်ခါတုန်းက ဟောပြောပွဲတစ်ခုမှာ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်လို့ စကားမှားတုန်းကလည်း ဆရာ၊ ဆရာမတွေကိုယ်တိုင်ကပဲ ကျွန်တော့်ဘက်က ရပ်တည်ပြီး ပြောပေးခဲ့ကြတယ်။ နားလည်ပေးခဲ့ကြတယ်။ ဘာလို့ဆိုတော့ သူတို့ဟာ ကျွန်တော့်စာတွေကို အစဉ်တစိုက် ဖတ်နေသူတွေမို့ ကျွန်တော်ဟာ ဒီလို စော်ကားနှိမ်ချတဲ့ စကားမျိုး မပြောတတ်ဘူး ဆိုတာ ကောင်းကောင်းသိကြတာကိုး။ အဲဒီဗီဒီယိုလေးတစ်ခုကိုပဲ ကွက်ကြည့်ရတဲ့သူကတော့ သေချာတယ်။ ဒေါသထွက်မှာပေါ့။ ဆဲမှာပေါ့။ပြောချင်တာက Virtual world (အတုအယောင် ကမ္ဘာကြီး) လို့ တင်စားကြတဲ့ ဆိုရှယ်မီဒီယာပေါ်မှာတောင် ကိုယ့်ရဲ့ ပို့စ်လေးတစ်ခုလောက်ကိုပဲ ဖတ်မိတဲ့သူနဲ့၊ ကိုယ်နဲ့ အမြဲထိတွေ့ ဆက်ဆံနေတဲ့သူဟာ မတူဘူး။ ကိုယ့်အပေါ် မြင်ထားတဲ့ အမြင်ချင်းလည်း တူမှာ မဟုတ်ဘူး။ ဒီတော့ ပထမလူအုပ်စုရဲ့ သွားရင်းလာရင်း ရေးသွားတဲ့ ကွန်မန့်တစ်ခုကို ပေါက်ကွဲနေမဲ့အစား ကိုယ့်အကြောင်းကို သိနေ၊ ကိုယ်နဲ့ ရင်းနှီးနေတဲ့ ဒုတိယလူအုပ်စုအတွက် ကိုယ့်ရဲ့ အချိန်တွေ၊ ခွန်အားတွေကို ပေးတာ ပိုမကောင်းဘူးလား။ သူတို့ကို သာကြောင်းမာကြောင်း မေးတာ၊ သူတို့ လိုအပ်လို့ Messenger ကနေ လာမေးတာကို ဖြေပေးတာ၊ ဒီလိုတွေမှာ ပိုပြီး အချိန်ပေးဖြစ်ပါတယ်။
နောက် တတိယလူအုပ်စုကတော့ ကျွန်တော့်ကို အပြင်မှာ သိပြီး ကျွန်တော်နဲ့ အလုပ်တွဲလုပ်ဖူးတဲ့သူတွေပါ။ သူတို့ဆီမှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ ပုံရိပ်ကတော့ တစ်မျိုးဖြစ်ချင် ဖြစ်နေမယ်။ Missed call တွေ့ရင် ပြန်မခေါ်တတ်တာ၊ အီးမေးလ်ကို တော်တော်နဲ့ မပြန်တာ စတဲ့ အားနည်းချက်တွေကို သိသလို၊ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထား၊ အလုပ်လုပ်ပုံ၊ အငယ်တွေကို ပြောဆိုဆက်ဆံပုံတွေကိုလည်း သူတို့ကသာ ပိုသိလိမ့်မယ်။ ဖေ့စ်ဘွတ်ပေါ်ကပဲ သိနေတဲ့ လူတွေထက်စာရင် သူတို့ကတော့ ကျွန်တော် ရေးတဲ့စာနဲ့ ကျွန်တော်နဲ့ ကိုက်မကိုက်ကို ပိုသိမယ်။တစ်ဖက်ကလည်း ဒီလူတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ဟော့ပေါ့သွားသောက်တာ၊ အလုပ်ထဲက တခြားလူတွေရဲ့ အတင်းတွေ ပြောတာ၊ ရယ်ကြ မောကြတာ၊ ကာရာအိုကေ သွားဆိုတာ၊ ဒါတွေက ဆိုရှယ်မီဒီယာပေါ်က ထိတွေ့မှုတွေထက်စာရင် ကျွန်တော်တို့ကို ပိုပြီးတော့ ပျော်ရွှင်စေနိုင်တယ်။
နောက်ဆုံး လူအုပ်စုကတော့ ကျွန်တော်နဲ့ အရင်းနှီးဆုံးတွေပေါ့။ ကျွန်တော် ရေချိုးပျင်းမှန်း သိတာ၊ စိတ်တိုနေတဲ့ပုံကို မြင်ဖူးတာ၊ ဆိုရှယ်မီဒီယာမှာ ပြောလို့ မဖြစ်တဲ့ စကားတွေ၊ ဆဲဆိုသံတွေကို ကြားဖူးတာ သူတို့တွေပါ။ သူတို့ကျ အဖေ၊ အမေ ဖြစ်နိုင်သလို အိမ်ထောင်ဖက်လည်း ဖြစ်နိုင်တယ်။ တခါတလေလည်း တစ်အိမ်တည်းသာ တူတူနေပေမဲ့ ရင်ဘတ်ချင်း ဝေးကွာနေသူတွေလည်း အများကြီးပါပဲ။ ဒါကြောင့် တချို့အတွက်ဆို အဲ့လိုလူမျိုးက သူငယ်ချင်းလည်း ဖြစ်နိုင်တယ်။ ချစ်သူရည်းစား၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နေနိုင်ပါတယ်။ဖေ့စ်ဘွတ်မှာ ကိုယ့်ကို တစ်ယောက်ယောက်က လာဆဲသွားရင် အရင်ဆုံး ဖြစ်တာက ဒေါသပါ။ ပြီးမှ အဲဒီစိတ်ကို ထိန်းပြီး ပရိုပီပီသသ ပြန်တုံ့ပြန်ရတာပါ။ ဒါပေမဲ့ သူတို့ရှေ့မှာတော့ ကြိုက်သလို ပေါက်ကွဲနေလို့ ရပါတယ်။ “ဘယ်လိုဦးနှောက်နဲ့ ဖတ်လိုက်လို့များ အဲ့လို သဘောပေါက်သွားတာလဲ မသိဘူး” လို့ ပြောတဲ့အခါ ဟာ အဲ့လို မပြောရဘူးလေ တို့၊ ဆရာဖြိုး မဟုတ်သလိုပဲ တို့ စသဖြင့် ဘာတစ်ခုမှ ပြန်မပြော၊ Judgement မလုပ်ဘဲ တဟားဟားနဲ့ လိုက်ရယ်မောပေးတဲ့ လူအုပ်စုဟာ သူတို့ပေါ့။ ဘာကိုမှ ဟန်ဆောင်နေစရာ မလိုသလို ကိုယ့်စိတ်ထဲ ရှိသမျှ၊ ရင်ထဲ ခံစားရသမျှကို ပြောပြလို့ ရတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုအပေါ် အဓိက သက်ရောက်စေတဲ့ လူအုပ်စုလည်း ဖြစ်ပါတယ်။
COVID ဟာ အသည်းခွဲဗိုင်းရပ်စ် ဖြစ်ပါတယ်။ လူတွေကို ဝေးကွာစေတယ်။ ချစ်ရသူတစ်ယောက်ရဲ့ နောက်ဆုံးချိန်မှာတောင် ဘေးမှာ ရှိနေခွင့် မပေးတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်။ တစ်ဖက်ကလည်း ဆိုရှယ်မီဒီယာမှာ နစ်မျောရင်း ကျွန်တော်တို့ မေ့လျော့နေခဲ့တဲ့ အရာတွေကို ပြန်ဂရုစိုက်ဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာကို လုံးဝပစ်ပယ်ထားဖို့ဆိုတာ မလွယ်ပါဘူး။ သို့သော် ဒီအပေါ်မှာ ပေးတဲ့ အချိန်ထက် ပြင်ပက ဆက်ဆံရေးတွေကို အချိန်ပိုပေးဖို့၊ ဒီအပေါ်မှာ နာမည်ကောင်းဖို့ထက် ပြင်ပဘဝမှာ တကယ်နာမည်ကောင်းဖို့၊ ဒီအပေါ်မှာ စိတ်ကောင်းရှိပြဖို့ထက် ပြင်ပဘဝမှာ ကြုံတွေ့ရတဲ့သူတွေအပေါ် စိတ်ကောင်းထားပြီး ဆက်ဆံပေးဖို့က ပိုလိုအပ်တယ် ဆိုတာကို သိစေချင်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ ပုံရိပ်ကောင်းကောင်း တည်ဆောက်ထားနိုင်ခြင်းက ကိုယ့်ကို အောင်မြင်စေတယ်။ လူသိများစေတယ်။ ပိုက်ဆံရစေတယ်။ ဒါပေမဲ့ လက်တွေ့ဘဝထဲက ဆက်ဆံရေးတွေကသာ ကိုယ့်ကို ပျော်ရွှင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ