fbpx

ဖန်တီးရမဲ့ နားလည်မှု

အခုကာလမှာ လူတိုင်းလို သောကရောက်ကြရပါတယ်။ အစစပြည့်စုံတဲ့ မိသားစုတွေတောင် ရှေ့ရေးကိုတွေးပြီး သောကရောက်ကြရတယ်ဆိုရင် မပြည့်စုံတဲ့၊ တနေ့လုပ်မှတနေ့စားရတဲ့သူတွေအဖို့မှာ ပြောဖွယ်ရာမရှိပါဘူး။ မရေရာမှုတွေက ကြောက်ခြင်းကိုတိုးစေပါတယ်။ ကြောက်ခြင်းက စိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ လည်ပတ်နေတဲ့ စက်ယန္တရားကြီးတစ်ခု နှေးသွားတဲ့အခါ၊ ရပ်သွားတဲ့အခါ ပါဝင်နေတဲ့ လူတွေအဖို့မှာ ဘာလုပ်ရမှန်းမသိဖြစ်ကြရတာပါ။

အရင်က မနက်ကနေ ညအထိ အလုပ်လုပ်နေရတဲ့ လူမှုဘဝပုံစံကနေ အိမ်ထဲ တနေကုန်နေရတဲ့ (ပိတ်ထားခံရတဲ့) ပုံစံဖြစ်လာတယ်။ ပြေးလွှားနေရတဲ့ ခေတ်စနစ်ကနေ ပြေးဖို့မပြောနဲ့၊ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပခုံးခြင်းတိုက်နေရမယ်ဆိုရင် တချိန်မဟုတ် တချိန် ပြဿနာဖြစ်ဖို့များပါတယ်။

မိသားစုလို့ခေါ်နေပေမဲ့ မျက်နှာခြင်းမဆိုင်တဲ့ မိသားစုတွေအများကြီးပါပဲ။ ချစ်ခင်ကြင်နာကြတဲ့ မိသားစုတွေအဖို့ ဒီကာလကပျော်စရာ မမ်မိုရီတွေဖန်တီးဖို့ အချိန်ဖြစ်နိုင်ပေမဲ့ မတည့်တဲ့သူတွေအဖို့မှာ လျှပ်စစ်နဲ့မထိတွေ့အောင် သတိကြီးနဲ့ နေရသူတွေဖြစ်လာမှာပါ။ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်နေမယ်၊ အားကြီးတဲ့သူတွေက အားနည်းသူတွေကို အနိုင်ကျင့်နေမယ်၊ ဝင်ငွေမရှာနိုင်တဲ့သူတွေက သိမ်ငယ်ပြီး ဝင်ငွေရှာနိုင်သူတွေအပေါ်မှာ ပြဿနာရှာနေမယ်ဆိုရင် ပိုပြီးစိတ်သောကရောက်ရပါလိမ့်မယ်။ဒီကာလကြီးပြီးသွားတဲ့အခါ အဆင်ပြေပြေပြန်စနိုင်ဖို့၊ မြန်မြန်ပြန်လည်ထူထောင်နိုင်ဖို့ဆိုရင် အတူနေမိသားစုတွေထဲမှာ နားလည်မှုကို ဖန်တီးတည်ဆောက်ဖို့လိုပါတယ်။

၁။ အလိုလိုရလာမှာမဟုတ်ပါ။နားလည်မှုတို့၊ ကြင်နာမှုတို့၊ စာနာမှုတို့ဆိုတာ အလိုလိုနေရင်းဖြစ်လာတာမဟုတ်ပါဘူး။ တည်ဆောက်ယူရတာပါ။ ဖန်တီးယူရတာပါ။ ဒီတော့ အတူနေမိသားစုတွေနဲ့ ချစ်ခင်သူတွေကြားမှာ နားလည်မှုကို ဖန်တီးချင်စိတ်ရှိဖို့လိုပါတယ်။

၂။ ကောင်းမွန်တဲ့ ခံစားချက်ရှိပါစေ။ အောက်စဖို့ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်မှာ ဟိုတနေ့ကနာလိုက်ရပါတယ်။ ဖြစ်ပျက်သမ ျှအရာတိုင်းကို ကိုယ်မထိန်းချုပ်နိုင်ပေမဲ့ ခံစားချက်တွေကောင်းဖို့၊ ပျော်ရွှင်ဖို့ ၆၅ ရာခိုင်နှုန်းက ကိုယ့်လက်ထဲမှာပါလို့ ဘုန်းဘုန်းက မိန့်ပါတယ်။ ဒါကြောင့် ကိုယ်ပျော်ရွှင်ဖို့ရာ ကိုယ့်မှာပဲ တာဝန်ရှိတယ်လို့ စိတ်ကို ဒုန်းဒုန်းချသတ်မှတ်လိုက်ပါ။

၃။ ကိုယ့်ကိုယ်ကိုယ် ညှာတာပါ။ ကိုယ့်ကိုယ်ကိုယ် မေတ္တာစိတ်မရှိရင် သူများကိုလည်း စိတ်မရှည်နိုင်ပါဘူး။ လူဖြစ်တဲ့အတွက် စိတ်ရှုပ်၊ စိတ်ညစ်၊ သောကရောက်ရတဲ့အခါ၊ အတိတ်ကအမှားတွေကို နောင်တရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သနားကြင်နာစိတ်လေး ထားပါ။ အိပ်ရေးဝအောင် အိပ်ဖို့ကြိုးစားပါ။ ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်ပါ။ သေသေချာချာစားပါ။ စိတ်ညစ်လို့ဆိုပြီး Netflix ကြည့်တာ၊ ဆိုရှယ်မီဒီယာမှာ အချိန်ကုန်နေတာ၊ စားချိန်အိပ်ချိန်မမှန်တာတွေက ကိုယ့်ကို ဘယ်လိုမှ ကောင်းကျိုးပေးမှာမဟုတ်ပါဘူး။

၄။ တဖက်လူကို ညှာတာပါ။ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ တူတူနေရတာဖြစ်လို့ တစ်ယောက်ရဲ့ ခန္တာကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှုက တခြားလူတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ မိသားစုနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်တဲ့ terms လေးတွေ ထားပါ။ တစ်ယောက်က အလုပ်လုပ်ရင် တစ်ယောက်က ကလေးကြည့်ပေးတာမျိုး၊ အလုပ်လုပ်တဲ့သူကလည်း အားရက်ကျရင် ကျန်သူတွေနားလို့ရအောင် အိမ်အလုပ် ကူလုပ်တာမျိုး လုပ်စေချင်ပါတယ်။ ငွေကြေးဆိုရင်လည်း နှိုင်းနှိုင်းချင့်ချင့်၊ တိုင်တိုင်ပင်ပင် သုံးတာမျိုး လုပ်စေချင်ပါတယ်။

၅။ မိသားစု activity လေးတွေလုပ်ပါ။ လတ်တလော အပြင်မထွက်ရပေမဲ့ အင်တာနက်ရှိနေတာပဲ။ ကျွန်မတို့က ကျောက်ခေတ်ပြန်ရောက်သွားတာမဟုတ်ပါ။ ဆိုရှယ်မီဒီယာမှာပဲ ကြောက်စရာတွေ၊ မကောင်းသတင်းတွေ၊ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်နေမဲ့ အစား မိသားစု games လေးတွေဆော့ပါ။ တစ်နေ့ကို တစ်နာရီလောက် family time သတ်မှတ်ပြီး မိုနိုပိုလီဆော့တာတို့၊ အင်တာနက်က Quiz တွေဖြေတာတို့၊ လေ့ကျင့်ခန်းလုပ်တဲ့ app တွေ ဖွင့်ပြီး တူတူကကြတာတို့ လုပ်ပါ။ သီချင်းဆိုပါ။ ခြံဝင်းနဲ့နေတဲ့သူတွေက ဘောလုံးကန်တာ၊ ခြင်းခတ်တာ၊ စိန်ပြေးလိုက်တမ်းကစားတာ စတာတွေလုပ်ပါ။ ပိုပြီး ပျော်ရွှင်လာဖို့ အာမခံနိုင်ပါတယ်။ မိသားစုလိုက် တရားထိုင်၊ ဘုရားရှိခိုးတာတွေကလည်း ကောင်းမွန်တဲ့ အလေ့အထတွေ ဖြစ်ပါတယ်။

၆။ အသိအမှတ်ပြု စကားလေးတွေပြောပါ။ဒီကာလကြီးမှာ လူတိုင်း စိတ်ညစ်ကြတာပါပဲ။ စိတ်ညစ်၊ စိတ်ရှုပ်နေပေမဲ့လည်း လုပ်ငန်းတာဝန်တွေကို ရွေးချယ်ခွင့်မရှိဘဲ လုပ်နေရတဲ့သူတွေရှိပါတယ်။ အမေကထမင်း၊ ဟင်း ချက်ပေးတယ်ဆိုရင် ကျေးဇူးတင်လိုက်ပါ။ အဖေက ငွေရှာပေးနေတုန်းပဲဆိုရင် ကျေးဇူးတင်ပါ။ သား၊ သမီးက အွန်လိုင်းနဲ့ စာသင်ရတာ၊ အပြင်မထွက်ရတာ သူတို့အတွက် ခက်ခဲပေမဲ့ သေချာလေး သင်ပေးနေတယ်ဆိုရင် အသိအမှတ်ပြုပေးလိုက်ပါ။

၇။ ကလေးတွေကို ကြင်နာပါ။ဒီအချိန်မှာ လူကြီးတွေရဲ့ စိတ်ပူပန်မှုတွေကြောင့် ကလေးတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မသွားဖို့ကအရေးကြီးလှပါတယ်။ ကိုယ်က မီတင်ရှိနေတယ်။ ကလေးက ဂျီကျနေ၊ အင်တာနက်လိုင်းက မကောင်း၊ ဘေးအိမ်က ဆူဆူညံညံတွေ ပြောနေ ဆိုရင် ဒေါသထွက်ပြီး ကလေးအပေါ် အော်မိ ဆူမိတာ၊ ရိုက်မိတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ခဏလေးစိတ်မထိန်းနိုင်တာကြောင့် ကလေးမှာ စိတ်ဒဏ်ရာမရသွားစေဖို့က အရေးကြီးလှပါတယ်။ အင်တာနက်မှာ ရှာဖွေကြည့်လို့ရတဲ့ activity လေးတွေ၊ ကလေးကို စိတ်ဝင်စားအောင် သင်ပေး၊ ပြောပေးရင်း၊ စာဖတ်ပြရင်း အချိန်ကုန်စေမယ်ဆိုရင် အကျိုးရှိတဲ့ ဖြတ်သန်းမှုဖြစ်စေမှာပါ။ဒီကာလက ဘယ်လောက်ကြာမယ်ဆိုတာ မသိသလို ဘယ်လိုတွေ အဆုံးသတ်မယ် ဆိုတာလည်း ဘယ်သူမှ မသိပါဘူး။ ဒီတော့ မိသားစုအတွင်းမှာ၊ လုပ်ငန်းခွင်ထဲမှာ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနဲ့ ကိုယ်ခြင်းစာတရားတွေ တည်ဆောက်ရင်း စိတ်တည်ငြိမ်စွာ ဖြတ်သန်းနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ထက်ရည်

brandyou

brandyou

Leave a Replay