fbpx

“ဖြတ်ခဲ့ဖူးတဲ့ ခရီးမိုင်တွေအတွက် ဂုဏ်ယူပါ”

ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က Brand You Academy က သင်တန်းသားဟောင်းတွေအတွက် သီးသန့် Webinar လေး လုပ်ဖြစ်ခဲ့ပါတယ်။ ခေါင်းစဉ်က Building your resilience ကိုယ့်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာပါ။ အထူးသဖြင့် ခုလိုအချိန်အခါမှာ တော်တော်များများရဲ့ စိတ်တွေလည်း ထိခိုက်နေချိန်မို့ အဲဒီခေါင်းစဉ်လေး ရွေးဖြစ်ခဲ့တယ်။စစချင်း သူတို့ကို မေးပါတယ်။ ကိုယ့်ဘဝမှာ ကျော်ဖြတ်ခဲ့ဖူးတဲ့ အခက်အခဲတွေကို ပြောပြချင်တာရှိရင် အားလုံးသိအောင်၊ အားတက်ရအောင် မျှဝေပေးပါ ဆိုတော့ ၃ ယောက်လောက် ပြောကြပါတယ်။

အဲဒီထဲမှာ အားလုံးကို အံ့အားသင့်သွားစေသူတစ်ယောက် ပါပါတယ်။ အဲဒီညီမလေးက ချင်းလူမျိုးပါ။ နာမည်လည်း မမှတ်မိသလို၊ ကင်မရာ ပိတ်ထားလို့ သူ့ကိုလည်း မမြင်လိုက်ရပါဘူး။ ဒါပေမဲ့ သူ့အသံနဲ့ သူ ပြောသွားတာတွေကို ခုထိ သတိရနေတုန်းပါပဲ။တိုင်းရင်းသူဖြစ်လို့ မြန်မာစကားပြော ဝဲပါတယ်။ အဲဒါကလည်း ကျွန်တော်တို့အတွက် ရယ်စရာလို ဖြစ်နေပေမဲ့ သူတို့အတွက်တော့ အတော်လေး ခက်ခဲခဲ့ပါတယ်။ ချင်းပြည်ကနေ ကျောင်းတက်ဖို့ ရန်ကုန်ရောက်လာတော့ ဒီအသံထွက်နဲ့ ပတ်သက်ပြီး လှောင်ပြောင်မှုတွေလည်း ခံခဲ့ရတယ်။ စကားတောင် ပြောချင်စိတ် မရှိတော့တဲ့အထိပဲတဲ့။ ဒီနေရာမှာ သတိထားစေချင်တာက ကိုယ်တွေက နစ်နာစေလိုတဲ့စိတ်နဲ့ လှောင်တာတော့ မဟုတ်ပေမဲ့ တစ်ဖက်သားမှာတော့ အဲ့လောက်ထိ ခံစားသွားရနိုင်တယ် ဆိုတာပဲ။

နောက်တစ်ခု သူ ထပ်ပြောပြတာက သူ့ဘဝမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ခံခဲ့ရတဲ့အကြောင်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် အတော်လေး အံ့သြသွားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့လောက် ဆိုးရွားတဲ့ အခြေအနေမျိုး ကြုံခဲ့ရသူတွေ ပါလာလိမ့်မယ်လို့ ထင်ကို ထင်မထားတာပါ။ အဲဒီကနေ သူ ဘယ်လိုပြန်ရုန်းထ ရှင်သန်ခဲ့တယ် ဆိုတာကို တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်နဲ့ ပြောပြသွားခဲ့တယ်။ကျွန်တော် ထင်တယ်။ ဒီအကြောင်းကို ဦးဆောင်ဆွေးနွေးမဲ့ ကျွန်တော်အပါအဝင် အဲ့ဒီညနေက တက်ရောက်သူအားလုံးလည်း သူ့ကို အတော်လေး လေးစားမိသွားပါလိမ့်မယ်။

ပြောချင်တာက အဓမ္မပြုကျင့်မှုတွေအကြောင်း မဟုတ်ပါဘူး။ လူတွေရဲ့ မတူညီတဲ့ ဘဝတွေနဲ့ ရုန်းကန်ထနိုင်စွမ်းတွေကို တွေးမိသွားတာပါ။ကျွန်တော် မကြာခဏလည်း ပြောဖူးပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ဟာ အဖေ၊ အမေရဲ့ လိုလေသေးမရှိ ဂရုစိုက်ခြင်းကို ခံခဲ့ကြရပါတယ်။ တစ်ဖက်က ကြည့်တော့လည်း ကံကောင်းတယ်ပေါ့။ တစ်ဖက်က ကြည့်တော့ ဘဝဟာ အစစအရာရာ အဆင်ပြေ ချောမွေ့နေတဲ့အခါ နည်းနည်းလေး အတိမ်းအစောင်း ဖြစ်တာနဲ့ကို မခံနိုင်တော့ဘူး။ ဘာမဟုတ်တာလေးတွေနဲ့ကို ပြိုလဲချင်ချင် ဖြစ်ခဲ့ဖူးတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဆိုးရွားတဲ့ အဖြစ်အပျက်တွေကနေ ရုန်းကန်ထနိုင်စွမ်းလို့ ခေါ်တဲ့ Adversity Quotient နိမ့်ပါတယ်။

အဲ့လိုကနေမှ အသက်ကြီးလာ၊ အလုပ်တွေလည်း လုပ်လာရတော့ အိမ်မှာလို မဟုတ်တော့ဘူးပေါ့။ ရှုံးနိမ့်မှုတွေ၊ အခက်အခဲတွေ၊ အတိုက်အခိုက်တွေလည်း ကြုံလာရတယ်။ အဲ့လိုကနေပဲ တစ်စ တစ်စနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လေ့ကျင့်ယူခဲ့ရတာပါ။ ဒါကြောင့် အဆင်ပြေမှုတွေက လူကို ပျော်ရွှင်စေတယ်။ အခက်အခဲတွေကသာ ကိုယ့်ကို ပိုပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်လာစေမယ် ဆိုတာကို သိစေချင်ပါတယ်။ ခုနက ညီမလေးဆို တိုင်းရင်းသားဖြစ်တဲ့အတွက် မြန်မာစာ၊ မြန်မာစကားဟာ သူ့အတွက် အခက်အခဲတစ်ခု ဖြစ်ခဲ့တယ်။ ရန်ကုန်ကို ရွှေ့ပြောင်းလာရတယ်။ မိန်းကလေးတစ်ယောက်အတွက် အဆိုးရွားဆုံးလို့ ပြောလို့ ရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ကြုံခဲ့ရတယ်။ အဲဒီကနေမှ ခုလောက် အနေအထားထိ ရောက်အောင် သူ့ကိုယ်သူ ပြန်တည့်မတ်နိုင်ခဲ့သူ။

ဆိုပါတော့။ နောက်ထပ် မိန်းကလေးတစ်ယောက်က ရန်ကုန်မှာမွေး။ ရန်ကုန်မှာကြီး။ မိသားစုကလည်း ပြည့်စုံ။ ပညာကောင်းကောင်းသင်ရ။ မိသားစုအလုပ်ကို ဆက်ခံ။ ငယ်ငယ်လေးနဲ့ အောင်မြင်။ လူအများ အားကျရတဲ့ ဘဝမျိုးကို ရ။ ဒါဆို ဒီမိန်းကလေးနှစ်ယောက်မှာ ဘယ်သူ ပိုအောင်မြင်သလဲ။လက်ရှိရောက်နေတဲ့ နေရာချင်း တိုင်းရင်တော့ ဒုတိယ မိန်းကလေးဟာ အပြတ်အသတ် အောင်မြင်တာပေါ့။ ဒါပေမဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရီးမိုင်ချင်း ယှဉ်ရင်တော့ ပထမ မိန်းကလေးဟာ ပိုပြီး လေးစားစရာ ကောင်းပါတယ်။ ဘဝဆိုတာ မာရသွန်ပြေးပွဲတစ်ခု ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တာထွက်မှတ်ချင်း မတူကြပါဘူး။

တချို့က အများစုရဲ့ ရှေ့ကနေ တာထွက်ခွင့် ရသလို ပြေးလမ်းကလည်း ဖြောင့်ဖြောင့်ဖြူးဖြူးပါပဲ။ တချို့ကတော့ အများစုရဲ့ ဟိုးနောက်ဘက် အဝေးကြီးကနေ တာထွက်ခဲ့ကြရသလို အကွေ့အကောက်ပေါင်းများစွာ၊ ဆက်သွားလို့တောင် ရနိုင်ပါ့မလား ထင်ရလောက်တဲ့ အတားအဆီးပေါင်းများစွာကို ရင်ဆိုင်ကြရပါတယ်။အဲ့လို တာထွက်မှတ် မတူ၊ ပြေးလမ်းချင်း မတူတဲ့အတွက် ပြေးချိန်တူပေမဲ့ ရောက်နေတဲ့ နေရာချင်း မတူနိုင်တော့ပါဘူး။ဒီလိုပြောလိုက်လို့ ဆင်းရဲတဲ့ မိသားစုမှာ မွေးရင် မချမ်းသာနိုင်ဘူး၊ မအောင်မြင်နိုင်ဘူး ဆိုပြီး မထင်ကြစေချင်ဘူး။ ဒီလိုနိမ့်ပါးတဲ့ အခြေအနေကနေ နိုင်ငံ့အကြီးအကဲ ဖြစ်သွားသူတွေ၊ ကမ္ဘာကျော်သွားသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ သို့သော် သူများဘဝနဲ့ ကိုယ့်ဘဝကို မနှိုင်းစေချင်တာပါ။

ဒီလိုမတူညီတဲ့ ပြေးလမ်းတွေကို မမျှတဘူးဆိုပြီး အပြစ်တင်နေလို့ မရပါဘူး။ ဒီပြေးလမ်းတွေကို ရွေးချယ်ခွင့်လည်း မရခဲ့ကြဘူး။ လက်ခံဖို့ပဲ တတ်နိုင်ပါတယ်။အဓိကက ကိုယ်ဘယ်လောက်ထိ ကြိုးစားပမ်းစား ပြေးခဲ့တယ်၊ ဘယ်လိုအခက်အခဲပဲ ကြုံကြုံ၊ မရရအောင်တော့ ဆက်ပြေးနေခဲ့တယ် ဆိုတာ သေချာဖို့ပါပဲ။ ကိုယ့်နေရာမှာ ဘယ်သူရောက်လာပါစေ၊ ကိုယ့်ထက် သာအောင် မလုပ်နိုင်စေရဘူး ဆိုတာ သေချာတဲ့အထိ အားထုတ်ခဲ့ဖို့ပဲ လိုတာပါ။ များသောအားဖြင့် ကျွန်တော်တို့ဟာ ကိုယ်ရောက်နေတဲ့ နေရာကို သူများနဲ့ ယှဉ်ပြီး အားမရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါ တာထွက်ခဲ့ရတဲ့ နေရာချင်း မတူဘူး ဆိုတာလေးကို သတိရပေးပါ။ အမြဲ မဟုတ်တောင် တခါတလေလောက်ဖြစ်ဖြစ်တော့ ကိုယ် လက်ရှိရောက်နေတဲ့ နေရာထက် ကိုယ်ကျော်ဖြတ်ခဲ့တဲ့ ခရီးမိုင်တွေကို ပြန်ကြည့်ပြီးလည်း ဂုဏ်ယူတတ်စေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay