fbpx

“ဗုဒ္ဓအလိုကျ Minimalism (၂)”

Share on facebook
Share on google
Share on twitter
Share on linkedin

အရှေ့က တင်ခဲ့တဲ့ ပို့စ်နဲ့ တွဲဖတ်ရင်တော့ ပိုနားလည်မယ်။ အဲဒီပို့စ်မှာ အခု ခေတ်စားနေတဲ့ Minimalism ဆိုတဲ့ ဘဝနေနည်းက ဥပုသ်သီလ ဆောက်တည်ခြင်းနဲ့ ဆက်စပ်နေတယ် ဆိုတာကို ရှင်းပြခဲ့တယ်။

အခု ပို့စ်မှာ ဆက်ရေးမှာက ဟုတ်ပြီ၊ နေ့တိုင်းတော့ ဥပုသ်မစောင့်နိုင်ကြဘူး။ သို့သော် တစ်ရက်လေး စောင့်ပြီး နောက်ရက်ကျ အရင်လိုပဲ ပြန်နေထိုင်မယ်ဆိုလည်း ကုသိုလ်တော့ ရမယ်၊ ရေရှည်မှာ ကိုယ့်ရဲ့ လူနေမှုပုံစံက ပြောင်းလာမှာ မဟုတ်ဘူး။ (Minimalist ဖြစ်လာမှာ မဟုတ်ဘူး။) ဒီတော့ ကိုယ့်စိတ် အေးချမ်းဖို့၊ မလိုအပ်တာတွေ ဖယ်ပြီး တကယ်အရေးကြီးတာတွေကိုပဲ အာရုံစိုက်နိုင်ဖို့အတွက်၊ ဥပုသ်စောင့်တဲ့အခါ စောင့်ထိန်းရတဲ့ သီလတွေကို နေ့စဉ်ဘဝဆီ ဘယ်လိုဆွဲယူမလဲ ဆိုတာကို ရေးမှာ ဖြစ်ပါတယ်။

ပုံမှန် ၅ ပါးသီလကို ဖယ်လိုက်မယ်။ အဗြဟ္မ စရိယာကလည်း နေ့စဉ်ရှောင်နေဖို့ ခက်တယ်။ အသစ်ပိုလာတဲ့ ၃ ပါးကိုပဲ ကြည့်ရအောင်။

၁။ ဝိကာလ ဘောဇနာ – နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်တာ

ရည်ရွယ်ချက်က Productivity & Health

ခုခေတ်အခေါ် Intermittent Fasting ပေါ့။ လုပ်ကြည့်ပါ။ စစချင်း သိပ်တင်းတင်းကြပ်ကြပ်ကြီး မလုပ်နဲ့ဦး။ တစ်နေ့ကို ၆ နာရီပဲ အစားစား။ မနက်တစ်ခါ၊ နေ့လယ်စာတစ်ခါ။ ညဘက်ကို မနေနိုင်ရင် အသီးဖျော်ရည်လောက် သောက်။ အသီးလေး စား။

နောက်တစ်ခုက ဥပုသ်စောင့်တယ်ဆို နေ့လယ် ၁၂ နာရီ ကျော်တာနဲ့ မစားရတော့ဘူးလို့ ပြောကြတယ်။ အစဉ်အလာ သတ်မှတ်လာတာ ဆိုတော့လည်း ပြောရခက်သား။ ဒါပေမဲ့ မနက်ဆို ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ထ၊ မနက်စာကို အဲ့တော့မှ စား၊ နေ့လယ်စာကို ၃-၄ နာရီမှ စားတတ်သူဆို နည်းနည်းခက်သွားတယ်။ အခုကတော့ ဥပုသ်ယူထားတာလို မဟုတ်တဲ့အတွက် ပြဿနာ မရှိဘူး။ ကိုယ်အိပ်ချိန်၊ နိုးချိန်နဲ့ ကိုက်ပြီး အစားစား။ အဓိကက၂ နပ်ပဲ စားဖို့၊ သွားရည်စာတွေ၊ ဆီကြော်တွေ လျှော့ဖို့ပဲ။ အိမ်မှာလည်း ဖြစ်နိုင်ရင် ဝယ်မထားနဲ့။ မဟုတ်ရင် စားမိနေလိမ့်မယ်။

ရမဲ့ အကျိုးကျေးဇူးတွေက

▪︎ပေါ့ပါးမယ်။ လန်းဆန်းမယ်။ အလုပ်ပိုလုပ်နိုင်မယ်။ Productive ဖြစ်မယ်။

▪︎ရေရှည်မှာ ကျန်းမာရေးကောင်းမယ်။

▪︎ဝိတ်ကျသွားမယ်။ (ချက်ချင်းတော့ မဟုတ်ဘူး။ ၄ ပတ်ကနေ ၆ ပတ်လောက်မှ စသိသာတယ်။ ဆေးတွေသောက်ပြီး ဝုန်းဒိုင်းဆို ကျသွားတာမျိုးထက် ရေရှည်ခံတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တယ်။)

▪︎ညစာ စီစဉ်ရတဲ့ဒုက္ခ သက်သာသွားမယ်။ အမေ ချက်ပေးတာဆိုလည်း အမေ အလုပ်ရှုပ် သက်သာသွားမယ်။

▪︎ကုန်ကျစရိတ် လျော့သွားမယ်။ ပိုပြီး လှူနိုင်တန်းနိုင်မယ်။

၂။ နိစ္စ ဂီတ ဝါဒိတ … (ပါဠိလို ရေးရခက်လို့ ဒီလောက်ပဲ ရေးလိုက်မယ်။) – ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ အဲဒါတွေကို ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်းတို့မှ ရှောင်ကြဉ်တာ

သူ့ရဲ့ ရည်ရွယ်ချက်ကတော့ စိတ်မှာ ဒေါသတွေ၊ လွမ်းဆွေးတာ၊ တပ်မက်တာ စသဖြင့် အညစ်အကြေးတွေ မဖြစ်စေချင်တာ။

ဒီနေရာမှာ အလုပ်သဘာဝအရ Entertainer လို့ ခေါ်တဲ့ Dancer တွေ၊ အဆိုတော်တွေ၊ အတီးသမားတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ မော်ဒယ်တွေကတော့ ဒါကို စောင့်ထိန်းဖို့ရာ ခက်တယ်။ သာမန်လူတွေအနေနဲ့ကတော့ နည်းနည်းလွယ်တယ်။ ကတာ၊ ဆိုတာ၊ တီးမှုတ်တာ မလုပ်ဖြစ်ကြဘူး။ သို့သော် နားမထောင်ဖို့ကျ ခက်တယ်။ ရုပ်ရှင်မကြည့်ဖို့ ခက်တယ်။ ဝါသနာ ပါတာ၊ မပါတာနဲ့လည်း ဆိုင်သေးတာကိုး။

နောက်တစ်ခု ဆိုရှယ်မီဒီယာတွေ။ ဘုရားခေတ်မှာ မရှိသေးလို့ မပါပေမဲ့ သူကလည်း စိတ်ကို ညစ်ညူးစေတဲ့ အထဲမှာ ပါတယ်။ လုံးလုံးဖြတ်ဖို့ကလည်း မလွယ်ဘူး။ သတင်းအချက်အလက်တွေ ရတယ်။ အလုပ်အတွက်လည်း လိုမယ်။

ဒါပေမဲ့ ဆိုရှယ်မီဒီယာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ ဂိမ်းတွေကို အချိန်တစ်ခုတော့ သတ်မှတ်ပြီး သုံးဖို့ လိုမယ်။ ဒါကို Digital minimalism လို့ ခေါ်ကြတယ်။ လုပ်ကြည့်ပါ။ သိသိသာသာ အချိန်တွေ ပိုထွက်လာတာ တွေ့ရမယ်။ ပိုထွက်လာတော့ ဘာလုပ်နိုင်လဲ။ မိသားစုကို အချိန်ပေးတာ၊ အပင်စိုက်တာ၊ စာဖတ်တာ၊ ပညာလေ့လာတာမျိုးလို ပိုအရေးကြီးတာကို လုပ်နိုင်လာတာပေါ့။

နောက်တစ်ပိုင်းက နံ့သာလိမ်းတာ၊ ပန်းပန်တာ။ ဒါတွေက ကိုယ့်ကိုယ်ကိုယ် မတပ်မက်အောင်၊ ကိုယ့်ကို သူများ တပ်မက်တာမျိုး မဖြစ်အောင် ထိန်းခိုင်းတာ။ ဒီနေရာမှာလည်း ကိုယ့်အလှအပ၊ ရုပ်ရည်နဲ့ အလုပ်လုပ်ရတဲ့၊ တည့်တည့်ပြောရရင် ကိုယ့်ကို တပ်မက်အောင်၊ နှစ်သက်အောင် လုပ်ရတဲ့ အလုပ်အကိုင်မျိုးတွေက ထိန်းရခက်ပြန်တယ်။

ဘယ်သူမဆိုတော့လည်း လှချင်ပချင်တာပဲ။ သို့သော် တတ်နိုင်သလောက်တော့ လျှော့ပေါ့။ ဥပမာ ခန္ဓာကိုယ် အချိုးအစား လှဖို့ Gym ဆော့တာလောက် ရတယ်။ တအားပိန်ချင်ပြီး ဆေးတွေသောက်တာမျိုး၊ ခွဲစိတ်ပြုပြင်တာမျိုးလောက်ထိတော့ မလုပ်နဲ့ပေါ့။ Cosmetic ဖိုးတွေ လျှော့ပေါ့။ ဒါဆို ငွေပိုငွေလျှံလည်း ထွက်လာမယ်။ စုမိဆောင်းမိမယ်။ လှူနိုင်တန်းနိုင်လာမယ်။

၃။ ဥစ္စာသယန မဟာသယနာ – မြင့်မြတ်သော နေရာတို့မှာ အိပ်စက်အနားယူခြင်းမှ ရှောင်ကြဉ်ခြင်း

ကိုယ် အခုအိပ်နေတဲ့ ကုတင်ကို ရောင်းပစ်ရမယ် မပြောဘူး။ ကြမ်းပေါ် ဖျာခင်းအိပ်ရမယ် မဆိုလိုဘူး။ လုပ်နိုင်ရင်တော့ ကောင်းတယ်။ သို့သော် ဖြည်းဖြည်းချင်း လျှော့။ ဥပမာ အဲကွန်းမဖွင့်ဘဲ ပြတင်းပေါက်ဖွင့်၊ ခြင်တောင်ထောင်ပြီး သဘာဝလေလေးနဲ့ အိပ်ကြည့်တာမျိုး။ စစချင်းတော့ အိပ်ရခက်လိမ့်မယ်။ သို့သော် ကြာလာရင် ရိုးရှင်းစွာ အိပ်စက်ရတာကို ပျော်လာလိမ့်မယ်။ မနက် နိုးလာရင် အပျင်းတစ်မနေတော့ဘူး။ အိပ်ရာကနေ ချက်ချင်းထနိုင်လိမ့်မယ်။

နောက်ပြီး ချမ်းသာစွာ အိပ်စက်ရတယ် ဆိုတာ အိပ်ရာအကောင်းစားကြီးနဲ့ အိပ်ရတာမျိုးကို မဆိုလိုဘူးတဲ့။ ကိုယ် ဒီနေ့တစ်နေ့တာမှာ လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေ၊ အကျိုးရှိတာလေးတွေကို ပြန်တွေးရင်း အိပ်ရတာကသာ တကယ့်ချမ်းသာအစစ်လို့ ဟောတယ်။ တစ်နေ့တာ မဟုတ်ဘူး။ တစ်လတာဖြစ်ဖြစ်၊ တစ်ဘဝစာဖြစ်ဖြစ်ပေါ့။ တင်စားပြောရရင်တော့ Sleep in a sea of merits ကုသိုလ်ပင်လယ်ကြီးထဲ အိပ်စက်ပါပေါ့။ အဲ့လိုဆို နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်လိမ့်မယ်။ မနက်ကိုလည်း လန်းလန်းဆန်းဆန်းနဲ့ ထနိုင်လိမ့်မယ်။ ညမအိပ်ခင် နောက်ဆုံး တွေးခဲ့တဲ့ အတွေးက နောက်တစ်နေ့မနက် ကိုယ်ဘယ်လိုနိုးထလာမလဲ ဆိုတဲ့အပေါ် သက်ရောက်မှု ရှိတာကိုး။

ဒါတွေကတော့ ဥပုသ်စောင့်ခြင်းကနေ ကိုယ့်ရဲ့ လူနေမှုဘဝကို ဘယ်လိုပြောင်းရမလဲ ဆိုတာ ရေးထားတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ထင်နေကြတာက ဒုက္ခအကြောင်းတွေ၊ မမြဲခြင်းသဘာတွေပဲ ဟောနေတဲ့ ဘာသာလို့ ထင်ကြတယ်။ လူငယ်တွေနဲ့ မနီးစပ်သလို ဖြစ်နေတယ်။ တကယ်တမ်း ဗုဒ္ဓရဲ့ အဆုံးအမတွေက အဆင့်လိုက် ဟောထားတာ။ ပါရမီ မရင့်သန်သေးတဲ့သူတွေ၊ ဘဝကို ဒုက္ခလို့ မမြင်နိုင်သေးတဲ့သူတွေအတွက်လည်း လူရယ်လို့ ဖြစ်လာရင် လူပီသအောင် ဘယ်လိုနေရမယ်၊ ပစ္စည်းဥစ္စာ ချမ်းသာချင်ရင် ဘာတွေ လုပ်ရမယ် စသဖြင့် ဟောကြားခဲ့တာတွေ အများကြီး ရှိတယ်။

အခု ဥပုသ်စောင့်တာဆိုပဲ ကြည့်။ ကုသိုလ်ရဖို့ ဆိုပြီး ကြိတ်မှိတ်လုပ်ရတဲ့ အလုပ်သက်သက် မဟုတ်ဘူး။ ကိုယ့်ရဲ့ လူနေမှုပုံစံကို ပြောင်းခိုင်းတာပဲ။ ဒီလိုတွေ နားလည်လာတော့ ဥပုသ်စောင့်ရတာ မပင်ပန်းတော့ဘူး။ ပိုပြီးလည်း အရသာ ရှိလာတယ်။ ဘုရားစင်ရှေ့ထိုင်၊ သီလမယူဖြစ်ရင်တောင် ခုရေးထားသလို နေ့စဉ်ဘဝမှာ ကျင့်သုံးတဲ့အတွက် သိသိသာသာ အေးချမ်းလာတယ်။ အရေးကြီးတာတွေကို ပိုအာရုံစိုက်နိုင်လာတယ်။

တရားဂုဏ်တော် ၆ ပါးမှာ ပါတဲ့ သန္ဒိဌိကော ဆိုတာ အဲဒါပဲ။ လက်တွေ့လုပ်ရင် ဒီဘဝမှာတင် အကျိုးရှိတယ်။ ခု ကျွန်တော် ရေးနေတာကလည်း ကျွန်တော်ကိုယ်တိုင် လုပ်ကြည့်ပြီး အကျိုးရှိခဲ့လို့ ပြန်မျှဝေနေတာပဲ။

ဥပုသ်စောင့်ဖို့အတွက် ဗုဒ္ဓဘာသာ မဟုတ်လည်း ရတယ်။ တရားထိုင်ဖို့အတွက် ဗုဒ္ဓဘာသာ မဟုတ်လည်း ရတယ်။ ကိုယ့်စိတ်ထဲမှာ နောက်ဘ၀ ရှိတာ မရှိတာ၊ နတ်ပြည်တွေ၊ ငရဲပြည်တွေ တကယ်ရှိမရှိ သံသယ ဖြစ်နေလား။ ရတယ်။ အတင်းမယုံခိုင်းဘူး။ ခုပြောသလိုသာ လုပ်ကြည့်ကြည့်။ အကျိုးရှိမယ်။ ၁၀ မိနစ်လောက် ဝင်လေထွက်လေ မှတ်ကြည့်။ အဲဒီ ၁၀ မိနစ်စာ အေးချမ်းသွားတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်း ပြောင်းလဲကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay