ဒီဘက်နောက်ပိုင်း လူတော်တော်များများ သဘောကျလာကြတဲ့ လူနေမှုပုံစံတစ်ခုက Minimalism လို့ ခေါ်တဲ့ ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းခြင်းပေါ့။
ဘာလို့ဆိုတော့ ကျွန်တော်တို့ ကျင်လည်နေရတဲ့ ခေတ်ကြီးက ရုပ်ဝတ္ထုတွေ သိပ်ပြီး တိုးတက်လာတာကိုး။ စားစရာတွေ၊ ဝတ်စရာတွေ၊ ဖုန်းတွေ၊ ကားတွေ၊ အသုံးအဆောင်တွေ အများကြီးကိုမှ အများကြီး ဖြစ်လာတယ်။ ရုတ်တရက်ဆို ပျော်စရာကြီးလို့ ထင်ရပေမဲ့ ကိုယ့်စိတ်ကို သေချာပြန်ကြည့်ကြည့်တဲ့အခါ အင်မတန်မှကို ပင်ပန်းနေတာ တွေ့လာရတယ်။
ဒါတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတယ်။ ပိုက်ဆံရှာရတယ်။ တချို့လည်း မဟုတ်တဲ့နည်းတွေ သုံးမိတယ်။ ပိုင်ဆိုင်ရပြီဆိုရင်ရော ပျော်လား စဉ်းစားကြည့်။ အဲဒီအပျော်လေးက ခဏပဲ။ နောက်ထပ်အသစ်တွေ ထပ်ပေါ်လာတော့ ထပ်လိုချင်ပြန်ရော။ လိုချင်တာတွေက များနေတော့ ဒီအကျီလေး ဝယ်လာရတာကို မပျော်နိုင်ဘူး။ မဝယ်နိုင်ဘဲ ထားခဲ့ရတဲ့ တခြားအကျီတွေကို စိတ်က ရောက်နေတယ်။
ငယ်ငယ်က မြန်မာ့အသံနဲ့ မြဝတီပဲ ကြည့်ခွင့်ရတော့ TV Channel တွေ အများကြီးဆို ပျော်စရာ ကောင်းမယ် ထင်ခဲ့ဖူးတယ်။ တကယ်လည်း အများကြီး ဖြစ်လာရော၊ ပျော်ရလားဆို မပျော်ရဘူး။ သူ့ဟာသူ ဘယ်နှလိုင်း ရှိရှိ၊ ကိုယ်ကတော့ တစ်ချိန်မှာ တစ်လိုင်းပဲ ကြည့်နိုင်တာကိုး။
အဲဒီအတွက် ကိုယ့်ရဲ့ လိုချင်စိတ်တွေကို ထိန်းချုပ်ပြီး ရိုးရှင်းစွာ နေထိုင်တဲ့ Minimalist ပုံစံကို ကြိုက်လာကြတာပဲ။
ဒီစကားလုံးကို အခုမှ အသစ်အဆန်းလို ပြောနေကြပေမဲ့ ဗုဒ္ဓဘာသာဝင်တွေ ဆောက်တည်လေ့ ရှိတဲ့ ဥပုသ်သီလဆိုတာလည်း တကယ်တော့ Minimalism ပုံစံနေထိုင်ခြင်းပဲ။ ကျွန်တော်တို့က အခါကြီးရက်ကြီးမှ ဆောက်တည်တယ်။ ဒီလိုလုပ်ရင် ကုသိုလ်ရတယ် စသဖြင့် ထင်နေကြလို့သာ မသိတာ။ သိပ်အဝေးကြီး မဟုတ်ဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ ဥပုသ်စောင့်ခြင်းကို Minimalism နဲ့ ချိတ်ပြီး ကျွန်တော် နားလည်သလို ရေးပြမယ်။
ဥပုသ်စောင့်တယ် ဆိုတာ ၈ ပါးသီလ စောင့်ထိန်းတာပေါ့။ (၉ ပါးသီလ၊ ၁၀ ပါးသီလ ရှိသေးပေမဲ့ အများစုက ၈ ပါး ဆောက်တည်ကြတာ များလို့ ၈ ပါးနဲ့ပဲ ရေးလိုက်ပါတယ်။) နေ့စဉ်နေ့တိုင်း စောင့်ထိန်းနေရတဲ့ ၅ ပါးသီလ ရှိပြီးသား။
ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေလည်း သိရအောင် ပြန်ပြောရရင်
၁။ သူတစ်ပါးအသက် မသတ်ဘူး။
၂။ မတရားသဖြင့် ဥစ္စာမရှာဖွေဘူး။ (မခိုးဘူးဆိုတာထက် ပိုကျယ်ပြန့်တယ်။)
၃။ သူတစ်ပါးသားမယား မပြစ်မှားဘူး။
၄။ မဟုတ်မမှန် မပြောဘူး။ ကုန်းမတိုက်ဘူး။
၅။ အရက်သေစာ မသောက်စားဘူး။ (အရက်ပဲ မဟုတ်ဘူး။ လူကို မူးယစ်ထိုင်းမှိုင်းစေတတ်တာ မှန်သမျှ ပါတယ်။)
ဒီလို စောင့်ထိန်းလိုက်ရင် ကိုယ် ဘာရလဲဆို ဘာမှမရဘူး။ သို့သော် ကိုယ့်ပတ်ဝန်းကျင်က လူတွေကတော့ ကိုယ့်အတွက်နဲ့ ဘာဒုက္ခမှ မရောက်တော့ဘူး။ ဒါကြောင့် ငါးပါးသီလကို “မဟာဒါန”လို့လည်း မြတ်စွာဘုရားက ဟောတယ်။ သူတစ်ပါးအတွက်၊ လောကကောင်းကျိုးအတွက် လုပ်တာပေါ့။
ဥပုသ်စောင့်တယ် ဆိုတဲ့ ၈ ပါးသီလကျ ကိုယ့်အတွက် ချက်ချင်းအကျိုးရတာတွေပါ ပါသွားပြီ။ ၅ ပါးသီလထက် ဘာတွေ ထူးသွားလဲဆို ၃ ချက် ထူးသွားတယ်။
၁။ ကိုယ့်စိတ်မှာ အညစ်အကြေးတွေ ကင်းသွားတယ်။
“သူတစ်ပါးသားမယား မပြစ်မှားဘူး” ဆိုတဲ့ ကာမေသုကနေ “မမြတ်သော မေထုန်မှီဝဲမှုကို မပြုလုပ်ဘူး” ဆိုတဲ့ အဗြဟ္မစရိယာ ဖြစ်သွားတယ်။ တည့်တည့်ပြောရရင်တော့ ကာမေသု စောင့်ထိန်းတာက ကိုယ်လက်ထပ်ထားတဲ့သူနဲ့ဆို ဆက်ဆံလို့ ရတယ်။ လူပျို အပျိုဆို Masturbation လုပ်လို့ ရတယ်ပေါ့။ အဗြဟ္မစရိယာကျ အဲဒါတွေပါ ရှောင်ရမှာ ဖြစ်သွားပြီ။ ဆိုတော့ သူများကို သွားဒုက္ခပေးတဲ့ အကုသိုလ်ကို ရှောင်တာတင် မဟုတ်တော့ဘဲ ကိုယ့်စိတ်မှာ ညစ်နွမ်းမနေအောင် လေ့ကျင့်နေထိုင်ရတာပါ ဖြစ်သွားပြီ။
အဲ့လိုပဲ မှန်မကြည့်ရဘူး၊ ပန်းမပန်ရဘူး၊ ကိုယ့်ကိုယ်ကိုယ် အလှမဆင်ရဘူး ဆိုတာလည်း ဒါပဲ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်။ ချောလိုက်တာ၊ လှလိုက်တာ ဆိုပြီး ဖြစ်နေရင် တပ်မက်စိတ် ဝင်လာမယ်။ နောက်ပြီး ကိုယ့်ကို မြင်ရသူတွေကလည်း တပ်မက်စိတ် ဖြစ်မယ်။ တရားစခန်းဝင်ရင် မိတ်ကပ်တွေ၊ မျက်တောင်တုတွေ ဖယ်ပစ်ရတာ အဲဒါပေါ့။ နဂိုက လှပပြီး တပ်မက်ချင်စရာ ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ချက်ချင်း ငြိမ်းအေးတဲ့အသွင် ဖြစ်သွားတယ်။ သူ့ကို မြင်ရသူတိုင်းရဲ့ စိတ်က အေးသွားတယ်။ အပြင်အဆင်တွေနဲ့ လှပနေတုန်းကလို မပူလောင်စေတော့ဘူး။
သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာလည်း ဒီသဘောပဲ။ သိကြမှာပါ။ သီချင်းနားထောင်နေတုန်း တိုက်ဆိုင်တာလေး ပါလာရင် လွမ်းလာလိုက်၊ ဒေါသထွက်လိုက် ခံစားချက်တွေ စုံနေအောင်ကို ဖြစ်တာ။ သီချင်းလေး ညည်းမိရင်လည်း အဲ့လိုပဲ။ ခံစားချက်ကလေးတွေ ပေါ်လာတာပဲ။ (ကိုယ့်အသံ ကြားပြီး ဘေးပတ်ဝန်းကျင်ကလည်း စိတ်ဆင်းရဲရတာပေါ့။) ရုပ်ရှင်ဆိုလည်း ဗီလိန်ကို ဒေါသထွက်လိုက်၊ မင်းသားကို အားမလို အားမရ ဖြစ်လိုက် စသဖြင့် ခံစားချက်တွေ ဖြစ်လာရော။ ဒါတွေမဖြစ်ဘဲ တည်ငြိမ်အေးချမ်းနေစေချင်တဲ့အတွက် မလုပ်ဖို့ ထိန်းချုပ်ခိုင်းခြင်း ဖြစ်တယ်။
နောက်ပြီး Facebook သုံးတာဆိုလည်း ဘုရားလက်ထက်ကတော့ မပေါ်သေးလို့ မထည့်ထားပေမဲ့ သူကလည်း စိတ်ကို ညစ်နွမ်းစေတဲ့ထဲ ပါတာပဲ။ ကိုယ့်ကို ဆဲသွားတာတွေ့ရင်၊ ကိုယ်နဲ့ အမြင်မတူတာ တွေ့ရင် ဒေါသထွက်တယ်။ ချောတာလှတာ မြင်ရင် တပ်မက်တယ်။ ပစ္စည်းလှလှလေးတွေ တွေ့ရင် လိုချင်တယ်။ ဒါကြောင့် ဥပုသ်ယူထားရင် မသုံးတာ အကောင်းဆုံးပဲ။ သုံးရင်တောင် သတိလေးကပ်ပြီး သုံးတာ ပိုကောင်းတယ်။ Facebook ပဲ နမူနာ ပေးလိုက်ပေမဲ့ ကျန်တဲ့ App တွေလည်း ပါတယ်။ အလုပ်ကိစ္စနဲ့ အသိပညာ ရှာဖွေတာတွေ မဟုတ်ဘဲ စိတ်ကို နောက်ကျိစေမဲ့ Netflix, YouTube, Game တွေအကုန်ပဲ။ တတ်နိုင်သမျှ လျှော့ဖို့ လိုမယ်။ အခုခေတ်မှာ ပြောနေကြတဲ့ Digital minimalism ဆိုတာ အဲဒါပေါ့။
၂။ ရိုးရှင်းစွာ နေထိုင်တတ်သွားတယ်။ (Minimalism)
ဥစ္စာသယန မဟာသယနာ – မြင့်မြတ်သော နေရာမှာ မအိပ်စက်ရဘူးလို့ ပြောတယ်။ ငယ်ငယ်က နားမလည်ဘူး။ မြင့်မြတ်တဲ့ နေရာဆိုတော့ ဘုရားပေါ်တို့၊ အထက်ပစ္စယံတို့ စသဖြင့် ထင်တာပေါ့။ အဲ့မှာ မအိပ်ရင် ရပြီ ထင်တာ။ တကယ်ဆိုလိုတာက ခမ်းနားကြီးကျယ်တဲ့ အိပ်ရာကြီးနဲ့ မအိပ်ဘူးလို့ ဆိုလိုတာ။ မွေ့ယာကြီးက အိလို့၊ ခေါင်းအုံးတွေက အများကြီး၊ အဲကွန်းက အေးစက်၊ ဒီလိုမျိုး မအိပ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ အိပ်ရမယ်။
အဲ့လို သိသွားတော့လည်း သဘောမပေါက်ပြန်သေးဘူး။ ဘာလို့ အဲ့လို အိပ်ရတာလဲ။ ဘာအကျိုးကျေးဇူး ရှိလို့လဲပေါ့။ Minimalism အကြောင်း ဟောလေ့ရှိတဲ့ ထိုင်းက ဘုန်းကြီးတစ်ပါး ရှင်းပြမှ ပိုသဘောပေါက်သွားတယ်။ ရိုးရှင်းစွာ အိပ်ရင် မနက်ဆို ထဖို့ မပျင်းတော့ဘူးတဲ့။ မှန်လိုက်တာ။ အိမ်မှာတုန်းကဆို အိပ်ရာထရ တအားခက်တယ်။ နှိုးစက်မြည်လာရင်တောင် မထချင်တာ။ ခုကျ ကြမ်းပြင်ပေါ် ဖျာခင်းအိပ်တော့ မနက်နိုးပြီ ဆိုတာနဲ့ တန်းထနိုင်တယ်။ အပျင်းတစ်ပြီး နှပ်မနေတော့ဘူး။ အဲ့လို မနက်ခင်းကို လန်းလန်းဆန်းဆန်းနဲ့ နိုးထရတော့ တစ်နေကုန်လည်း စိတ်က ကြည်လင်နေတယ်။
နောက်တစ်ခု။ နေ့လွဲညစာ မစားဖို့ စောင့်ထိန်းတာ။ မှတ်မိသေးတယ်။ ငယ်ငယ်က ကိုရင်ဝတ်တော့ အမေတို့က ဆွမ်းဟင်းတွေ ပို့တာပေါ့လေ။ ကိုရင်တို့ ညကျ ဗိုက်ဆာမှာ၊ များများစား ဆိုတော့ ကိုယ်တွေလည်း စားတာပေါ့။ ပြီးတော့ ဗိုက်တွေ အောင့်ပြီး နေလို့ထိုင်လို့ မကောင်း။ နောက်ပိုင်း ဥပုသ်စောင့်တော့လည်း အဲ့လို ညကျ ဗိုက်ဆာတာကို ခံရတအားခက်ခဲ့တယ်။
တကယ်တော့ ဒါသည်လည်း ထိန်းချုပ်ခြင်းတစ်မျိုးပဲ။ ညကျ ဗိုက်ဆာမှာဆိုပြီး နင်းကန်စားရတာ မဟုတ်ဘူး။ စားရင်တောင် သတိနဲ့ စားရတာလေ။ အမလေး ကြက်သားလေးက အိနေတာပဲ၊ ဝက်သားလေးက ကောင်းလိုက်တာ၊ ဒါမျိုး မဟုတ်ဘူး။ အစားအစာနဲ့ ကိုယ့်လျှာနဲ့ ထိသွားတယ်၊ အဲဒီကနေ ပျော့တယ်၊ မာတယ် ဆိုတဲ့ သိစိတ်ကလေး ပေါ်လာတယ်၊ အဲ့ကနေမှ နှစ်သက်တာ၊ မနှစ်သက်တာ ဆိုတဲ့ ဝေဒနာ (ခံစားချက်) ပေါ်လာတယ်၊ ဒါတွေ မြင်အောင် ရှုမှတ်ပြီး သတိနဲ့ စားရတာကိုး။
နောက်ပြီး ညစာ မစားရင် လူက ပေါ့ပါးတယ်။ လန်းဆန်းတယ်။ သံဃာတွေဆို တရားအားထုတ်နိုင်တယ်။ လူဆိုလည်း အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ ငိုက်မြည်းမနေဘူး။ မယုံရင် နေကြည့်။ စစချင်းတော့ ဗိုက်ဆာကောင်းဆာမယ်။ နောက်ပိုင်းကျ နေနိုင်သွားလိမ့်မယ်။ သိသိသာသာလည်း နေလို့ကောင်းလာတာ တွေ့ရမယ်။
ခု ပြောနေကြတဲ့ Intermittent Fasting ဆိုတာ ဒါပဲလေ။ ၆ နာရီပဲ အစားစား၊ ၁၈ နာရီကို ရေပဲသောက်၊ စားရင်လည်း နင်းကန်မစားနဲ့၊ ဒါဆို ဝိတ်မကျဘူး ဆိုပြီး ပြောနေကြတာက တကယ်တော့ ၈ ပါးသီလထဲ ပါတဲ့ ဝိကာလ ဘောဇနာ အင်္ဂလိပ်ဗားရှင်းပဲ။ ကွာတာက ခုနကလို အမှတ်သတိနဲ့ စားဖို့ မပြောတာလေးပဲ။
ဒါကြောင့် မြတ်စွာဘုရား အဆုံးအမတိုင်း နေထိုင်တဲ့ သံဃာတော်တွေဟာ ပိန်ပိန်ပါးပါး ဖြစ်နေတာ များတယ်။ (အများစုကို ပြောတာပါ။ ပင်ကိုယ်က ဝလွယ်၊ ပိန်လွယ်တာ၊ တစ်နေ့တာ လှုပ်ရှားမှု စတာတွေနဲ့လည်း ဆိုင်ပါသေးတယ်။) ဒီနေ့တော့ ကြက်သားလေး စားချင်တယ် ဆိုတာမျိုး မရှိရဘူး။ ဆွမ်းခံစားတယ်။ လောင်းလှူတာတွေနဲ့ပဲ ရောင့်ရဲတင်းတိမ်စွာ ဘုဉ်းပေးကြတယ်။ အိပ်ရင်လည်း ရိုးရိုးရှင်းရှင်း။ သင်္ကန်းဆိုလည်း လိုသလောက်ပဲ ထား။ ပိုတာကို မရှိတဲ့ သံဃာဆီ ပြန်လှူ။ ဒီလို နေထိုင်ကြတယ်။
အဲ့လို ရိုးရှင်းစွာ နေထိုင်ရင်းကနေ နောက်ထပ်အကျိုးတစ်ခု ရတယ်။ အဲဒါကတော့
၃။ တန်ဖိုးရှိတဲ့ အလုပ်တွေကို လုပ်နိုင်လာမယ်။
အိပ်ဖို့၊ စားဖို့အတွက် အထူးတလည် တခမ်းတနား ပြင်နေစရာ မလိုတော့ဘူး။ ညစာမစားလို့ လူက ပေါ့ပါးနေတဲ့အတွက် တရားဓမ္မ အားထုတ်နိုင်တယ်။ အလုပ်တွေ လုပ်နိုင်တယ်။ နောက်ပြီး သံဃာတွေ ဆံပင်ရိတ်ရတာ ဆိုလည်း ဘာလို့လဲပေါ့။ ဗုဒ္ဓမြတ်စွာက စဉ်းစားဆင်ခြင်တာကို အားပေးတယ် ဆိုတာ သိရတဲ့နေ့ကတည်းက ကျွန်တော် အဲ့လိုတွေ စဉ်းစားတာ။ ဒါလည်း Minimalism ပဲ။ ဆံပင်မရှိတဲ့အတွက် ဆီလိမ်းရတာ၊ Gel နဲ့ ပုံသွင်းရတာ၊ ခေါင်းလျှော်ရတာ မရှိတော့ဘူး။
အဲ့လို အရေးမပါတာတွေ ကိုယ့်မှာ နည်းသွားတဲ့အတွက် အရေးကြီးတာကိုပဲ အာရုံစိုက်နိုင်တယ်။ ဘဝကို ပြည့်ပြည့်၀၀ နေထိုင်နိုင်တယ်။ ဒါကို စကားလုံးလေးနဲ့ လှအောင် ပြောတော့ Less is More. တဲ့။ Minimalism ကို အကောင်းဆုံး ဖော်ညွှန်းတဲ့ စကားပေါ့။
ပြန်စဉ်းစားကြည့်။ ကျွန်တော်တို့မှာ မလိုအပ်တဲ့ မိတ်ဆွေတုတွေကို အချိန်ပေးဖို့ မိသားစုနဲ့ နေရမဲ့ အချိန်တွေကို စတေးခဲ့ရတယ်။ မလိုအပ်တဲ့ ပစ္စည်းဥစ္စာတွေကို ရှာဖွေဖို့ ပူလောင်မှုတွေ၊ လောဘတွေနဲ့ ရှင်သန်နေရတယ်။ ဖုန်းတွေအများကြီး၊ ကားတွေအများကြီး၊ အိမ်တွေအများကြီး ပိုင်ထားပေမဲ့ လူက ပျော်မနေဘူး။ ပျော်တယ် ထင်ရပေမဲ့ ရင်ထဲ ဟာနေတာ။ ပြောရရင် More is Less ဖြစ်နေကြတာ။
ဥပုသ်သီလကို ကုသိုလ်ရချင်လို့ ဆိုပြီး နှစ်ဆန်းတစ်ရက်နေ့မှာ၊ ကိုယ့်မွေးနေ့မှာ ဆောက်တည်တာက ကုသိုလ်ရမယ်။ အဲဒီတစ်ရက် အေးချမ်းမယ်။ သို့သော် ဒီနေ့ ညစာ မစားဘူး။ မနက်ဖြန်လည်းကျရော အစားတွေ နင်းကန်စားနေရင်တော့ ဘာမှ သိပ်ထူးမယ် မဟုတ်ဘူး။ ဒါကြောင့် ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို သေချာနားလည်အောင် လုပ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးဖို့ လိုတယ်။
လူဆိုတော့ သံဃာတော်တွေလိုတော့ အမြဲမနေနိုင်ဘူးပေါ့။ ဆံပင်တွေလည်း ရိတ်စရာ မလိုပါဘူး။ မေထုန်မှီဝဲတာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေလည်း အမြဲတော့ ရှောင်မနေနိုင်ဘူးပေါ့။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း တပ်မက်သလို အများအမြင်မှာ လှတာ၊ ဘော်ဒီတောင့်တာတွေလည်း ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ တတ်နိုင်သလောက် မလိုအပ်တာတွေကို စွန့်ပစ်ပြီး ဘဝကို ပြည့်ပြည့်၀၀ နေထိုင်တတ်ဖို့တော့ လိုမယ်ထင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ