fbpx

မနက်ခင်းကို အကောင်းဆုံး ဘယ်လိုစတင်ကြမလဲ

မနက်ခင်းတွေက အရေးကြီးပါတယ်။ အောင်မြင်သူ တော်တော်များများကို လေ့လာကြည့်တဲ့အခါမှာလည်း သူတို့ဟာ မနက်ခင်းတွေကို ဂရုတစိုက်နဲ့ အကောင်းဆုံး စတင်တတ်ကြတာ တွေ့ရတယ်။

ကိုယ် မနက်ခင်းမှာ ဖြစ်နေတဲ့ ခံစားမှုက တစ်နေကုန်အပေါ်မှာ သက်ရောက်မှု ရှိတယ်။ မနက်ကို စောစောထမယ်။ အိပ်ရာသိမ်းမယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်။ မနက်စာ ကောင်းကောင်းစားမယ်။ ဘာသာရေးအလုပ် ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လုပ်မယ်။ အဲ့လို စိတ်ငြိမ်းချမ်းစွာနဲ့၊ တခုခု ပြီးမြောက်ခဲ့ပြီဆိုတဲ့ ခံစားချက်နဲ့ အလုပ်ကို စလုပ်ရတာက မနက်ကို နောက်ကျမှ နိုး၊ ရေမိုးချိုးပြီး အလုပ်စားပွဲ တန်းထိုင်ရတဲ့နေ့ထက်စာရင် ခံစားချက် ပိုကောင်းတယ်။ အလုပ်ပိုပြီးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမြင့်ပါတယ်။ ဒါကြောင့် မနက်ခင်းတွေကို အကောင်းဆုံး စတင်နိုင်ဖို့ လိုအပ်တဲ့ အချက်တွေကို ဝေမျှချင်ပါတယ်။

၁။ အိပ်ရာစောစောထပါ။

ဘယ်သူ့ကိုမှ ပေးစရာ မလိုဘဲ ကိုယ့်အကြောင်းကိုယ်တွေး၊ အကောင်းဆုံး စဉ်းစားလို့ရတဲ့အချိန်က မနက်ခင်းပါ။ ဒါကြောင့် စောစောထပါ။ ပြီးရင် ဘုရားရှိခိုးတာ၊ ဘုရားစာရွတ်တာ၊ တရားထိုင်တာ စတဲ့ ဘာသာရေးအလုပ်တွေ လုပ်နိုင်သလို၊ စိတ်ဓါတ်ကျနေတဲ့အခါမျိုးတွေမှာ ခံစားချက်တွေကို ချရေးပစ်တာ၊ ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကို စဉ်းစားတာ၊ မျက်လုံးထဲ မြင်ယောင်ကြည့်တာ စသဖြင့် လုပ်နိုင်ပါတယ်။ ဒါတွေအတွက်က တိတ်ဆိတ်ဖို့ လိုအပ်တာမို့ မိသားစုဝင်တွေ မနိုးသေးတဲ့အချိန် စောစောအိပ်ရာထစေချင်တာ ဖြစ်ပါတယ်။

၂။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

အဲဒါက သွေးလည်ပတ်မှု ကောင်းစေတယ်။ လူကို လန်းဆန်းစေတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း အထောက်အကူ ပြုတယ်။ စိတ်ဖိစီးမှု လျော့ကျစေတယ်။ နောက်ပြီး ကိုယ်ခံအားလည်း တက်စေတာမို့ ခုလို COVID-19 ကာလမှာ ပိုပြီး လုပ်သင့်ပါတယ်။

၃။ မနက်စာ ကောင်းကောင်းစားပါ။

မနက်စာက တစ်နေကုန်ကို အကောင်းဆုံး စတင်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီအတွက် ဖြစ်သလို မစားပါနဲ့။ အချိန်ယူပါ။ သေချာစားပါ။ ဖြစ်နိုင်ရင် အသီးအနှံတခုခုပါ ပါအောင် စားပါ။

၄။ ဆိုရှယ်မီဒီယာ မသုံးပါနဲ့။

ဆိုရှယ်မီဒီယာက ဆွဲဆောင်တာတွေ၊ စိတ်ဝင်စားစရာတွေ အများကြီး ပြည့်နေပါတယ်။ ဒါကြောင့် ခဏပဲလေ ဆိုပြီး သုံးလိုက်တာက ကိုယ့်ရဲ့ တစ်မနက်လုံးကို ယူသွားနိုင်ပါတယ်။ နောက်ပြီး အဲဒီမှာ မြင်ရတဲ့ ပို့စ်တွေကြောင့် ကိုယ့်မှာ စိတ်တိုရတာ၊ စိတ်အားငယ်ရတာ၊ စိတ်ရှုပ်ရတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တခြားအချိန်တွေ မလျှော့နိုင်ရင်တောင် မနက်ခင်းကိုတော့ လုံးဝမသုံးပါနဲ့။

၅။ တစ်နေ့တာ လုပ်ရမဲ့ To-do list ရေးပါ။ Schedule ဆွဲပါ။

မနက်တိုင်း ကိုယ် ဒီနေ့တစ်နေ့စာ ဘာလုပ်ရမယ်ဆိုတဲ့ စာရင်းထားပါ။ ဒါမှ ဘာတွေ လုပ်ရမလဲဆိုတာ သိမယ်။ အလုပ်ပြီးမပြီးလည်း တိုင်းတာလို့ရမယ်။ တစ်ခါတစ်လေ အလုပ်များလွန်းတဲ့အခါ အဲ့လို ချရေးလိုက်မှ ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ်။ ပိုအရေးကြီးတာကို ဦးစားပေး လုပ်နိုင်သွားပါတယ်။ လုပ်ရမဲ့ အလုပ်တွေ ချရေးပြီးရင်တော့ ဘယ်ဟာကို အရင်လုပ်မယ်၊ ဘယ်အချိန် လုပ်မယ် စသဖြင့် အချိန်ဇယားဆွဲပါ။

ဒီ ၅ ချက်ကတော့ မနက်ခင်းကို အကောင်းဆုံး စတင်နိုင်ဖို့မှာ လိုအပ်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ တခြားအချက်တွေ ရှိနိုင်ပါဦးမယ်။ ရှာဖတ်ကြည့်ပါ။ လိုတာ ယူပါ။ ကိုယ်နဲ့ ကိုက်တာကို အသုံးချပါ။ အောင်မြင်သူ တော်တော်များများမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်လို့ ဝေမျှပေးလိုက်ပါတယ်။ မနက်ခင်းတိုင်းကို အကောင်းဆုံး စတင်နိုင်ကြပါစေ။

brandyou

brandyou

Leave a Replay