လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့မဆိုင်ဘူး။ ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး။
တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။
ကျနော့်ရင်ထဲအထိဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
“ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ”တဲ့။
ဆရာပြောမှ ရှင်းသွားတယ်။
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ်၊ ဟိုဟာမဝတ်နဲ့၊ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်၊
အချိန်ကြာလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်။
ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ်၊ မိဘကိုပူဆာတယ်၊ မိဘနဲ့ ပြသနာတွေ ဖြစ်တယ်၊
အရွယ်ရလာတော့ ဒါတွေနည်းသွားတယ်၊ ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ။
အလုပ်မှာလည်း ဒီလိုပဲ၊ မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်ဖို့ မလွယ်ဘူး။ ငါ ဒီလောက်လုပ်ပေးရက်နဲ့၊ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုဖြစ်နေကြတာ လို့ တွေးတတ်ကြတယ်။ ကိုယ့်အောက်က လူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်။ ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား၊ ဆုံးဖြတ်တာကလည်း နှေးလိုက်တာ၊ မပြတ်သားလိုက်တာ၊ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်။
နေရာတိုင်းမှာ ကိုယ်သာအမှန်လို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုသာ ဗဟိုပြုစဉ်းစားမိတယ်။ အဲဒီစိတ်က လူမှုဆက်ဆံရေးမှာ တကယ့်ကို အနှောင့်အယှက်တစ်ခု ဖြစ်လာတော့တယ်။
အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်ပါ။
ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့။ အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ်၊ ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ်၊ ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ။
ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်။
ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ။
ဒါကြောင့် ကိုယ်ဘယ်လောက် ရင့်ကျက်သလဲ၊ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ၊ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက
မယုံမရှိပါနဲ့
တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။
ဒေါက်တာဖြိုးသီဟ
၂၃.၂.၁၆