fbpx

မြင်မြင်ချင်းလေးစားမှုနှင့်သက်ဆိုင်သော ဥပဒေသ ၃ ချက်

လူတစ်ဦးနဲ့ တစ်ဦး ပထမဦးဆုံးအကြိမ် မြင်တဲ့အချိန်၊ တွေ့တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြ၊ အကဲဖြတ်ကြလေ့ရှိပါတယ်။ တဖက်လူက ဘယ်လိုလူမျိုး ဖြစ်နိုင်တယ်ဆိုတာကို ဦးနှောက်က အလိုလိုသုံးသပ်ပြီး ဒီလူကတော့ဖြင့် ချမ်းသာတယ်၊ ဆင်းရဲတယ်၊ စိတ်ကောင်းရှိတယ်။ ယုံကြည်ရလောက်တယ်၊ မိမိကိုယ်ကို ယုံကြည်မှုရှိတယ် စသဖြင့် တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်လိုက်လေ့ရှိပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် First Impression လို့ခေါ်တဲ့ စစချင်းအမြင် ကောင်းခဲ့ရင် ကိုယ့်ကို တဖက်လူက ပိုပြီး အလေးထားပါတယ်။ ပထမဆုံး တွေ့တဲ့အချိန်မှာ ယုံကြည်လေးစားမှု မရခဲ့ရင် ဆက်ဆံရေးမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်။ ရေရှည်နာမည်ကောင်းကို တည်ဆောက်ဖို့အတွက်ဆိုရင် First Impression က အရေးပါတဲ့ နေရာကနေ ပါဝင်တာမို့ သိသင့်တဲ့ ဥပဒေသ ၃ ချက်ကို ဖေါ်ပြပေးလိုက်ရပါတယ်။

၁။ First Impression ကို တည်ဆောက်ဖို့ အချိန် တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံကနေ ၃ စက္ကန့် အထိပဲ ကြာပါတယ်။

မြင်မြင်ချင်း လူတစ်ယောက်ကို အကဲဖြတ်တဲ့ အလုပ်ကို ဦးနှောက်က အလိုလိုလုပ်ပါတယ်။ လူလူချင်း မြင်တွေ့တာဖြစ်စေ၊ ဓါတ်ပုံကို မြင်ရတာဖြစ်စေ၊ Online မှာ မြင်ရတာဖြစ်စေ၊ စက္ကန့်ပိုင်းလေးအတွင်းမှာ တစ်ဖက်လူရဲ့ ပြင်ပပုံပန်းသွင်ပြင်၊ အဝတ်အစား၊ ကိုယ်ဟန်အမူအယာ၊ မျက်နှာအမူအယာ၊ အသံ၊ အသက်အရွယ်၊ ပြောပုံဆိုပုံ စတာတွေအပေါ် မူတည်ပြီး ဒီလူက ဘယ်လိုလူပါဆိုတာလို့ သုံးသပ်ပြီးသူနဲ့ကိုက်ညီတဲ့ တုံ့ပြန်မှုကို ပြန်ပေးပါတယ်။

တဖက်လူက ကိုယ့်ကို တော်တယ်၊ ထက်မြက်တယ်၊ ယုံကြည်စိတ်ချရတယ်၊ စမတ်ကျတယ်၊ သပ်ရပ်စွာနေထိုင်တတ်တယ် လို့ ထင်သွားတယ်ဆိုရင် ကိုယ်ပြောတဲ့စကားကိုအချိန်ပေးပြီးစိတ်ဝင်တစားနဲ့ နားထောင်ဖို့ အခွင့်အရေးများပါတယ်။ မဟုတ်ဘဲ မြင်မြင်ချင်း စက္ကန့်ပိုင်းအတွင်းမှာ ကိုယ့်ကို ယုံကြည်တဲ့စိတ်မဖြစ်ရင် နောက်ပိုင်းမှာ ကိုယ့်ကို ယုံကြည်လာဖို့၊ ကိုယ့်အယူအဆတွေကို အချိန်ပေးပြီးနားထောင်ဖို့နဲ့ လက်ခံဖို့ခဲယဉ်းပါလိမ့်မယ်။ အင်တာဗျူး သွားဖြေတဲ့ အချိန်မှာ မသပ်မရပ်နဲ့ ဝတ်စားပြင်ဆင်သွားမယ်ဆိုရင် ကိုယ့်ကိုလည်း အလုပ်ကို မသပ်မရပ်လုပ်တတ်တဲ့၊ ပြီးစလွယ်လုပ်တတ်တဲ့သူလို့ ထင်သွားပါလိမ့်မယ်။ တကယ်တမ်းမှာ ကိုယ်က အလုပ်ကို သေသေချာချာလုပ်တတ်တဲ့သူ ဖြစ်နေနိုင်ပေမယ့် အဲဒီလို လုပ်ပုံကိုင်ပုံနဲ့ စွမ်းရည်ဆိုတာက သက်သေပြဖို့ အချိန်အများကြီးလိုအပ်တာကြောင့် First Impression မှာတင် ကိုယ့်ကို သဘောကျ၊ အခွင့်အရေးပေးဖို့လိုအပ်ပါတယ်။

၂။ Non-verbal behaviour လို့ခေါ်တဲ့ လက်ဟန်ခြေဟန်၊ မျက်နှာအမူအယာနဲ့ စိတ်ခံစားချက်တွေက First Impression ပေါ်မှာ အများဆုံးအကျိုးသက်ရောက်မှုရှိပါတယ်။

ကိုယ့်ရဲ့ မျက်နှာအမူအယာတွေက နှစ်လိုဖွယ်မရှိဘူး၊ တဖက်လူကို လေးစားမှုမရှိဘူး။ မျက်မှောင်က ကျုံ့နေမယ်။ နေတာထိုင်တာက ပျင်းရိငြီးငွေ့တဲ့ပုံစံပေါက်နေမယ်။ စိတ်တို၊ ဒေါသထွက်လွယ်တာကို တဖက်လူက မြင်နေရတယ်ဆိုရင် သေချာပါတယ်၊ ကိုယ့်ကို ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက်လို့ မြင်မှာမဟုတ်ပါဘူး။ တဖက်လူသဘောကျအောင် အရာအားလုံးလိုက်လုပ်နေစရာမလိုပေမယ့် လူမှုဆက်ဆံရေးမှာ တဖက်လူကို လေးစားတဲ့ဟန်အမူအရာတော့ ပြသဖို့လိုပါတယ်။

ငါက လူမှန်ပဲ၊ မဟုတ်တာမလုပ်ဘူး၊ ဒါကြောင့် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူးလို့တွေးမယ်ဆိုရင် လူတိုင်းနဲ့ အဆင်ပြေပြေဆက်ဆံနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ခုနောက်ပိုင်းမှာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တာကလည်း ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးလို့ သတ်မှတ်လာကြတာကြောင့် ခေါင်းဆောင်တွေအတွက်ဆိုရင်တော့ မရှိမဖြစ် လေ့ကျင့်သင့်တဲ့ skill တစ်ခုဖြစ်လာပါတယ်။

၃။ First Impressions တွေကနေ ရေရှည်သုံးသပ်ချက်တွေဖြစ်လာပါတယ်။

တစ်ဦးနှင့်တစ်ဦး မြင်မြင်ချင်းအကဲဖြတ်ကြတဲ့အခါ တဖက်လူရဲ့ ဆိုးတာ၊ ကောင်းတာတွေကို ဦးနှောက်ရဲ့ အရှေ့ခြမ်းမှာရှိတဲ့ Amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းကနေ တုံ့ပြန်တယ်။ ဦးနှောက်ရဲ့ အခြားသောအစိတ်အပိုင်းတွေနဲ့ ပေါင်းပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ သုံးသပ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေ ပေးပါတယ်။ နောက်ဆုံး Prefrontal Cortex လို့ခေါ်တဲ့နေရာကနေ ဒီလူကဘယ်လိုပါလို့ ဆုံးဖြတ်ချက်ချလိုက်ပြီးပြီဆိုရင် အဲဒါသည် အတည်ဖြစ်သွားပါပြီ။

နောင် လပေါင်းများစွာကြာတဲ့အခါ အဲဒီလူနဲ့ ပြန်တွေ့ရင်၊ သို့မဟုတ် သူ့ဓါတ်ပုံကို မြင်လိုက်ရင်တောင် အဲဒီအတိုင်းသုံးသပ်တယ်လို့ဆိုပါတယ်။ ကိုယ်က ဆယ်ခါမှာ တစ်ခါ အချိန်မလေးစားမိတာကြောင့် အချိန်မလေးစားတဲ့လူလို့ တဖက်က ထင်သွားနိုင်သလို တစ်ခါလေး စုတ်စုတ်ပြတ်ပြတ်နဲ့ ဈေးဝယ်သွားမိတဲ့အချိန်မှာ ကိုယ့်လက်အောက်က ဝန်ထမ်းနဲ့တွေ့ပြီး အလုပ်မှာပါ အရိုအသေတန်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအတန်းမှာ ကျောင်းသားတွေရဲ့ ယုံကြည်လေးစားမှုကို မခံရဘူးဆိုရင် သင်ကြားရေးမှာ အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ Halo Effect လို့လည်းခေါ်ပါတယ်။ ဒီလူတစ်ယောက်ကို သဘောကျသွားလို့ သူနဲ့ပတ်သက်တဲ့ အရာတွေကို လိုက်ပြီး သဘောကျတာမျိုး၊ သူပြောတာကို ယုံကြည်လက်ခံတာမျိုး၊ သူ့ခေါင်းဆောင်မှုနောက်ကို လိုက်တာမျိုးပါ။ First Impression က ရေရှည်ခံပြီး အစကနေ ပြန်လည်တည်ဆောက်ဖို့ ခဲယဉ်းတာကြောင့် အောင်မြင်တိုးတက်ချင်တဲ့ သူတစ်ယောက်အနေနဲ့ ကိုယ်ကျင်လည်တဲ့ နယ်ပယ်မှာတော့ လူလေးစားခံရဖို့၊ ကောင်းမွန်တဲ့ အမြင်တွေကို အစကတည်းကတည်ဆောက်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် မိသားစုထဲမှာ၊ နေ့စဉ်ဘဝမှာ၊ လုပ်ငန်းခွင်မှာ အဆင်ပြေပြေနဲ့ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ အရေးပါတဲ့ First Impression ဥပဒေသ ၃ ခုကို မျှဝေလိုက်ရပါတယ်။

Htet Yie

Htet Yie

Leave a Replay