Branding ဆိုတာနာမည်ကောင်းကို တည်ဆောက်ခြင်းပါ။
Career Branding ဆိုတာကတော့ လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ Professional Brand (လုပ်ငန်းထဲက ပရော်ဖက်ရှင်နယ်နာမည်ကောင်း)ကို တည်ဆောက်တာပါ။ အလုပ်ကောင်းကောင်းရှာနေသူတွေ၊ ကိုယ့်ရဲ့ Career ကို စနစ်တကျ တည်ဆောက်ချင်သူတွေ၊ မှတ်တိုင်တစ်ခု တည်ဆောက်ချင်တဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Career Brand ကို စနစ်တကျတည်ဆောက်ချင်သူတွေအနေနဲ့ Proactive Branding Strategy ရှိသင့်ပါတယ်။ တစ်ခုခုဖြစ်လာမှ တုံ့ပြန်တာထက် အခြေအနေကို ဖန်တီးယူဖို့ နည်းလမ်းတွေ၊ မဟာဗျူဟာတွေ ကြိုတင်ဖန်တီးထားတာမျိုးကို ဆိုလိုတာပါ။ Branding ဆိုတာ အမြင်ကိုတည်ဆောက်တာပါ။ ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်မှာ ကိုယ့်အပေါ် တခြားလူတွေရဲ့ အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေကို တည်ဆောက်တာပါ။
Know Where You Want to Go (ကိုယ်ဘယ်နေရာမှာ အောင်မြင်ချင်တာလဲဆိုတာကို သိပါ)
ကိုယ်ဘာဖြစ်ချင်မှန်း၊ ဘယ်သွားချင်မှန်းမသိရင်တော့ တော်တော်လေးခက်ခဲပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ အလုပ်အကိုင်ရှာဖွေရေး Page တွေ၊ ကိုယ့်ကို ကူညီလမ်းပြပေးမယ့် Career Coach တွေ စသဖြင့် အများကြီးရှိနေပါပြီ။ ကိုယ့်ရဲ့ အားသားချက်၊ အားနည်းချက်တွေ၊ ကိုယ်ရည်ကိုယ်သွေး စတာတွေကို အသေးစိတ်စိစစ်ပေးနိုင်တဲ့ Personality Test တွေ ဖြေကြည့်လို့ရနေပါပြီ။ ရလဒ်တွေပေါ်အခြေခံပြီး ကိုယ့်ရဲ့ ဝါသနာ၊ ကျွမ်းကျင်မှု၊ ပညာအရည်အချင်း၊ အခွင့်အလမ်း စတာတွေနဲ့ ပေါင်းစပ်သုံးသပ်ပြီးတဲ့အခါ ကိုယ်ဘယ်လမ်းကြောင်းကို ဆက်သွားမှာလဲဆိုတာကို သေသေချာချာလေးရွေးချယ်စေချင်ပါတယ်။ နောင်မှာ ပြန်ပြောင်းလို့မရတာတော့ မဟုတ်ပါဘူး။ စတင်တဲ့ အချိန်မှာ သေသေချာချာရွေးချယ်ပြီး တည်ဆောက်ထားရင် နောင်မှာ ကိုယ် career ပြောင်းတာဘာညာ ဖြစ်လာရင်လည်း ကိုယ်ကျင်လည်ခဲ့တဲ့ နယ်ပယ်မှာတော့ နာမည်ကောင်းတစ်ခုကျန်ခဲ့တဲ့သူုဖြစ်လာမှာပါ။
Clearly Communicate Who You Are (ရှင်းလင်းပြတ်သားတဲ့ အချက်အလက်ကို ပေးပါ)
ကိုယ့်ရဲ့ အလုပ်လေ ျှာက်တဲ့ CV, Cover Letter က အစ အင်တာနက်က ဒေါင်းလုတ် လုပ်ထားတဲ့ ပုံစံကြီးဖြစ်နေရင် အဆင်မပြေပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ဘာတွေ ထည့်မယ်ဆိုတာတွေ၊ သူများနဲ့ မတူတဲ့ ကိုယ့်ရဲ့ အရည်အချင်း၊ အရည်အသွေး၊ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုတွေကို ဘယ်လိုဖေါ်ပြမလဲဆိုတာ စဉ်းစားစေချင်ပါတယ်။
Focus Approach (ဘယ်လိုနည်းလမ်းတွေနဲ့ သွားမလဲ)
ကိုယ်ကဘယ်နေရာမှာ အောင်မြင်ချင်တာလဲ ဆိုတာ သေချာသိပြီဆိုရင် ဘယ်နည်းလမ်းနဲ့ သွားမလဲဆိုတာ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး အာရုံစိုက်လုပ်စေချင်ပါတယ်။ ဥပမာ – ကိုယ်က အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်းပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဘယ်လိုအရည်အချင်းတွေ၊ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေ စုဆောင်းဖို့၊ သင်ယူဖို့ လိုအပ်မလဲ။ တကယ်ပဲ သူများတွေထက် ထူးချွန်နေမှအချိန်တိုနဲ့ အောင်မြင်နိုင်မှာမို့ ကိုယ်နဲ့ ကိုက်ညီတဲ့၊ သင့်လျော်တဲ့ ပုံစံ၊ နည်းလမ်းကိုရှာပြီး အစွမ်းကုန်ကြိုးစားရမှာပါ။
ကိုယ့်ကို အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အစည်းအရုံးတွေရှိလား။ ဘယ်လိုပညာရပ်တွေကို ဘယ်အချိန်မှာ ဘယ်လိုသင်ယူမလဲ။ ဘယ်လိုပညာရှင်တွေရဲ့ စကားကို နားထောင်ပြီး လုပ်ဆောင်မလဲ။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဘယ်လိုပြမလဲဆိုတာတွေ သေသေချာချာစဉ်းစား သုံးသပ်စေချင်ပါတယ်။
“လုပ်ဆောင်ဖို့ အဓိကနည်းလမ်း ၅ သွယ်”
Career Brand တစ်ခုကိုတည်ဆောက်ဖို့ လိုအပ်တဲ့ အချက်တွေကိုအကြမ်းဖျင်းဖေါ်ပြရရင်
- Appearance ပြင်ပပုံပန်းသွင်ပြင်ကိုသက်ရောက်စေတဲ့ အချက်တွေ
ကိုယ့်ရဲ့ အပြင်ပန်း ဝတ်စားဆင်ယင်မှုတွေ၊ အင်တာဗျူး သို့မဟုတ် လုပ်ငန်းခွင်ထဲမှာ ဝတ်စားဆင်ယင်မှုနဲ့ သေသပ်သားနားမှု၊ မျက်နှာအမူအယာ၊ ကိုယ်ဟန်အမူအရာ၊ ကိုယ့် CV/cover letter ရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ပရော်ဖက်ရှင်နယ်ကျမှု၊ ကိုယ့်ရဲ့ Facebook, Instagram, LinkedIn စတဲ့ ဆိုရှယ်မီဒီယာတွေ ပရိုဖိုင်တွေက ဘယ်လိုလဲ စတာတွေပါဝင်ပါတယ်။ - Behavior အပြုအမူ
ကိုယ့်ရဲ့ သိတတ်လိမ္မာမှု၊ ယဉ်ကျေးရည်မွန်မှု၊ စိတ်နေစိတ်ထား၊ အမူအကျင့်တွေက ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်၊ ကိုယ်လိုချင်တဲ့ ရာထူးနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ဆန်းစစ်စေချင်ပါတယ်။ EQ လို့ခေါ်တဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်၊ AQ လို့ခေါ်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ စွမ်းရည် ဒါတွေအကုန်လုံးက လေ့ကျင့်ယူလို့ရတဲ့ Skills တွေဖြစ်တာမို့ တိုးတက်လာအောင် လေ့ကျင့်ယူစေချင်ပါတယ်။ ဒါမှသာ ကိုယ်ကျင်လည်နေတဲ့၊ ကိုယ်ကျင်လည်ချင်တဲ့ နယ်ပယ်မှာ နာမည်ကောင်းကို တည်ဆောက်နိုင်မှာပါ။ လောကကျင့်ဝတ်တွေကို သိတတ်ခြင်းကလည်း ကိုယ့်ကို ကောင်းမွန်တဲ့ Career Brand တည်ဆောက်ဖို့ အထောက်အကူပေးနိုင်ပါတယ်။ - Communication အပေါ်သက်ရောက်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေ
ဘယ်လိုအချက်အလက်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နာမည်ကောင်းကိုတည်ဆောက်မလဲ စဉ်းစားထားစေချင်ပါတယ်။ ကိုယ့်ရဲ့ စကားပြောဆိုခြင်းစွမ်းရည်၊ ရှင်းလင်းတင်ပြနိုင်ခြင်းစွမ်းရည်က ဘယ်လိုရှိလဲ။ ကိုယ့်အကြောင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ကိုယ့်အောင်မြင်မှုတွေကို ဆယ်စက္ကန့်လောက်အတွင်း ကြွားတဲ့ပုံစံမပေါက်စေဘဲ တဖက်လူနားလည်အောင် ပြောပြနိုင်တဲ့ Executive Pitch လိုမျိုး ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ စာလေးတစ်ပုဒ်ဖတ်ဖူးပါတယ်။ ဘဝမှာ လူအများစုက ဘဝပြောင်းလောက်တဲ့ အခွင့်အလမ်းမျိုးကို အနည်းဆုံး ၂ ကြိမ် သုံးကြိမ်တော့ ရဖူးကြတာချည်းပါပဲ။ ဒါပေမယ့် ဘာကြောင့် လူတိုင်းက လိုချင်တဲ့ဘဝကို မတည်ဆောက်နိုင်သလဲဆိုရင် မသိလိုက်တာရယ်၊ မပြင်ဆင်ထားတာရယ်၊ တကယ်တမ်းရတဲ့အခါ တွေဝေတာရယ်ကြောင့်ပါတဲ့။ ကိုယ်ကဘယ်အချိန်မှာ အခွင့်အလမ်းကောင်းနဲ့ ကြုံကြိုက်မယ်မှန်းမသိတာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့က အရေးကြီးလှပါတယ်။ - Social Media မှာတည်ဆောက်ထားတဲ့ ကိုယ့်ရဲ့ နာမည်ကောင်း
Online ပေါ်မှာ တည်ဆောက်ထားတဲ့ Career Brand ကလည်း အရေးကြီးတာမို့ Social Media Profile တွေမှာ ပရိုဖိုင်ပုံတွေ၊ headline လို့ခေါ်တဲ့ ခေါင်းစည်းတွေက ပရော်ဖက်ရှင်နယ်ကျရဲ့လား၊ ကိုယ့်ဆီမှာ ကိုယ်ပိုင် Channel တွေ၊ Websites တွေ၊ Blogs တွေရှိတယ်ဆိုရင်လည်း လေးစားလောက်တဲ့၊ ကိုယ်တည်ဆောက်ချင်တဲ့ ပုံရိပ်၊ နာမည်ကောင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ များများစားစားရှိသလား။ တခြားသော websites တွေ၊ ဆိုရှယ်မီဒီယာ Group တွေမှာ ကိုယ်ရှဲနေတဲ့၊ တင်နေတဲ့ အကြောင်းအရာတွေက ကိုယ့်နယ်ပယ်နဲ့ ကိုက်ညီမှုရှိသလား ဆိုတာလေးတွေ ဆန်းစစ်စေချင်ပါတယ်။ တစ်ရာရာခိုင်နှုန်းကြီး အလုပ်ကိစ္စ၊ ပရော်ဖက်ရှင်နယ် ဆန်ရမယ်လို့ မဆိုလိုပါဘူး။ ရာခိုင်နှုန်းတော်တော်များများရှိနေဖို့တော့ လိုအပ်တယ်လို့ ထင်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို သေသေချာချာဖေါ်ပြထားတဲ့ Linked In profile တစ်ခုတော့ရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ - Values
ဘယ်လိုလူပဲဖြစ်ဖြစ် လူတစ်ဦးချင်းဆီမှာ ယုံကြည်လက်ခံထားတဲ့ အခြေခံမူတွေ၊ တန်ဖိုးတွေရှိပါတယ်။ ချစ်ခြင်းမေတ္တာ၊ စိတ်ကောင်းရှိမှု၊ သစ္စာရှိမှု၊ ယဉ်ကျေးရည်မွန်မှု၊ မေတ္တာတရား စတဲ့ အခြေခံတန်ဖိုးတွေ မပျောက်ပျက်သွားဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။ Career Branding စပြီး လုပ်နေတဲ့အချိန်မှာ မသိသာပေမယ့် နေရာတစ်နေရာကို ရောက်လာတဲ့အခါ၊ အပေါ်ကိုရောက်လာတဲ့အခါ အခြေခံမူတွေကို မမေ့သွားဖို့၊ လက်မလွှတ်လိုက်မိဖို့၊ အောင်မြင်ကြော်ကြားမှုနဲ့ သြဇာအာဏာနောက်ကိုပဲ ရာနှုန်းပြည့်မလိုက်သွားဖို့ အရေးကြီးလှပါတယ်။
“သတိထားသင့်တာတွေ”
– ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြီး လူအထင်ကြီးအောင် ရေးသားပြောဆိုတာတွေက ရေရှည်မခံပါဘူး။ ကိုယ်တိုင်တကယ်နှစ်သက်တဲ့၊ ကိုယ့်ရဲ့ ဘဝပုံစံ၊ ဘဝတန်ဖိုး၊ ယုံကြည်ချက်တွေနဲ့ ကိုက်ညီတဲ့ ရေးသားပြောဆိုပုံတွေကို ဆိုလိုတာပါ။
– ကိုယ့်မှာ အခွင့်အလမ်းတစ်ခုခုရလာမှ ထပြီး လုပ်တာထက် အစကတည်းက ဖြည်းဖြည်းချင်း တည်ဆောက်သွားတာက ကိုယ့်အတွက် ပိုလွယ်ကူသလို ကိုယ့်နဲ့ကိုက်ညီတဲ့ Brand ကို တဆင့်ချင်းပုံဖေါ်သွားလို့ရပါတယ်။
– စိတ်ပါတဲ့အချိန်မှထပြီး အကြီးကြီးတွေတည်ဆောက်၊ လုပ်လိုက်မလုပ်လိုက် ဖြစ်နေတာထက် သေးသေးလေးတွေကို တသမတ်တည်းဖန်တီးသွားတာက ပိုပြီးအလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ Branding မှာတော့ Consistency က အဓိကသော့ချက်ပါပဲ။
– Confidence လို့ခေါ်တဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေရှိလာအောင် ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုသာမက စိတ်ပိုင်းဆိုင်ရာနဲ့ ကျွမ်းကျင်မှုတွေ၊ အသိပညာ ဗဟုသုတတွေစဉ်ဆက်မပြတ်ဖန်တီးနေဖို့ လိုပါတယ်။ အမြဲအပြတ်လေ့ကျင့်နေဖို့လိုပါတယ်။
သေချာစဉ်းစားပြီး အချိန်ပေးတည်ဆောက်ထားရသလိုပဲ တကယ်တမ်းအခွင့်အလမ်းက ကိုယ့်ရှေ့ကိုရောက်လာတဲ့အခါ သတ္တိရှိရှိနဲ့ ဆုပ်ကိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝိရိယနဲ့ ကြိုးစားမှသာ တကယ်တမ်းရေရှည်ခံတဲ့ Career Brand ကို တည်ဆောက်နိုင်မှာပါ။
ထက်ရည်