မေး။ လုပ်ငန်းခွင်မှာ ထက်မြက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ဖို့ ဘာတွေလိုသလဲ။
ဖြေ။ပြိုင်ဆိုင်မှုတွေ များလာတာနဲ့အမျှ Personal Image လို့ခေါ်တဲ့ တကိုယ်ရည် ပုံရိပ်အပြင် Professional Image လို့ခေါ်တဲ့ လုပ်ငန်းခွင်ထဲက ကိုယ့်ရဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ အရေးကြီးလာပါတယ်။ ထက်မြက်ပြီး မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်အဖြစ် တည်ဆောက်လိုတဲ့သူတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေလိုက်ရပါတယ်။
၁။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကို သေသေချာချာသိပါစေ။အားနည်းချက်၊ အားသာချက်တွေကို စိစစ်တဲ့အခါ လူတော်တော်များများက အားနည်းချက်တွေကို ချက်ချင်းပြောနိုင်ကြပါတယ်။ အားသာချက်တွေကိုတော့ သိပ်ပြီး focus ထားလေ့မရှိပါဘူး။ ရှိနေတဲ့ အားသာချက်တွေကိုလည်း ပြည့်ပြည့်ဝဝအသုံးမချမိကြပါဘူး။ ကိုယ့်ရဲ့ တက်လမ်းကို ထိခိုက်နိုင်တဲ့ အားနည်းချက်မျိုးဆိုရင် ပြင်ရမှာမှန်ပေမဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို အချိန်ပေးပြီး polish လုပ်တာ၊ ပြည့်ပြည့်ဝဝ အသုံးချတာကိုလည်း လေ့ကျင့်စေချင်ပါတယ်။ ကိုယ့်ဘဝကို အားသာချက်တွေအပေါ်ပဲ မှီပြီးတည်ဆောက်လို့ ရနိုင်မယ်လို့ စီးပွားရေးဂုရုကြီး Peter Drucker က ပြောခဲ့ပါတယ်။ အားနည်းချက်၊ အားသာချက်ဆိုတာကလည်း အမြဲပြောင်းလဲနေနိုင်တာမို့ တစ်နှစ်တစ်ကြိမ်လောက်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေတာက အသုံးဝင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
၂။ သိအောင်လုပ်ပါ။ဘယ်အရာမဆို ကိုယ်နဲ့ဆိုင်တယ်၊ ကိုယ်သိထားရင်ကောင်းတယ်လို့ သဘောထားပါ။ သူများကိစ္စတွေကို မဆိုင်ဘဲ ဝင်သိချင်နေတာ၊ ဆရာကြီးလုပ်နေတာမျိုး မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်စားပြီး သိသင့်တဲ့အရာတွေကို သိအောင် မျက်စိဖွင့် နားစွင့်ထားတာကို ဆိုလိုတာပါ။ ဒီနေ့လို knowledge၊ contact တွေကို အလွယ်တကူရနိုင်နေတဲ့ ခေတ်၊ skill တွေကို အလွယ်တကူဖြည့်နိုင်တဲ့ခေတ်ကြီးမှာ ဟိုဟာဆိုလည်း မသိ၊ ဒီဟာဆိုလည်း မရှာတတ်၊ သူများကိုပဲ လိုက်မေးနေရတယ်ဆိုရင် အဆင်မပြေပါဘူး။
၃။ မိမိရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို သတိထားပါ။အစည်းအဝေးခန်းထဲမှာ၊ အင်တာဗျူးချိန်မှာ၊ လူရှေ့မှာ စကားထွက်ပြောတဲ့အချိန်မှာ ကိုယ့်ရဲ့ အဝတ်အစား၊ သန့်ရှင်းသပ်ရပ်မှုနဲ့ လက်ဟန်ခြေဟန်ကို ဂရုစိုက်ကြပေမဲ့ နိစ္စဓူဝ လုပ်ငန်းခွင်ထဲမှာတော့ မေ့နေလေ့ရှိကြပါတယ်။ အကောင်းစားတွေချည်းဝတ်ပြီး အလှတွေပြင်နေရမှာ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ကိုယ့်ကိုယ် အမြဲ judge လုပ်နေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့၊ ကိုယ့်ရာထူးနဲ့ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုက ကိုယ့်ကို အများကြီး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ အလုပ်စားပွဲတွေ၊ အသုံးအဆောင်တွေ ညစ်ပတ်နေတာ၊ မသပ်ရပ်တာက အလုပ်ကိုလည်း မသပ်မရပ် လုပ်မဲ့လူလို့ အထင်ခံရစေပါလိမ့်မယ်။မျက်နှာအမူအယာနဲ့ လက်ဟန်ခြေဟန်တွေကလည်း သတိထားရမဲ့အရာတွေပါ။ စိတ်အနှောက်အယှက်ဖြစ်တာနဲ့ မျက်နှာပျက်သွားတာ။ မျက်ခုံးတွန့်သွားတာ၊ နှုတ်ခမ်းမဲ့သွားတာတွေက ပရော်ဖက်ရှင်နယ် မကျဘူးလို့ ထင်ရစေပါတယ်။ ကိုယ့်အလုပ်စားပွဲမှာပေမဲ့ ပျင်းရိနေတဲ့ ပုံစံနဲ့ ထိုင်နေတာ၊ လမ်းလေ ျှာက်တဲ့အခါ မတ်မတ်မလေ ျှာက်တာ၊ မတ်တတ်ရပ်တဲ့အခါ ကိုင်းနေတာ၊ closed gesture လို့ခေါ်တဲ့ ပိတ်ထား၊ ကာကွယ်ထားတဲ့ လက်ဟန်ခြေဟန်တွေဖြစ်နေတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလို့ ထင်ရစေပါလိမ့်မယ်။
၄။ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် လေ့ကျင့်ပါ။Introvert ဆိုတဲ့ တစ်ယောက်တည်းနေတတ်တဲ့သူဖြစ်ဖြစ်၊ extrovert ဆိုတဲ့ လူအများနဲ့နေရတာကြိုက်တဲ့သူဖြစ်ဖြစ် လုပ်ငန်းခွင်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာမို့ ဆက်ဆံရေးကောင်းဖို့ လိုအပ်ပါတယ်။ ဆက်ဆံရေးကောင်းမှသာ ညှိနှိုင်းဆောင်ရွက်နိုင်မယ်၊ ခေါင်းဆောင်နိုင်မယ်၊ ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်တာမို့ ပေါင်းသင်းဆက်ဆံရေးကို အလေးပေးတည်ဆောက်စေချင်ပါတယ်။
၅။ ဆုံးဖြတ်ချက်တွေ ချတတ်ပါစေ။ဆုံးဖြတ်ချက်ချနိုင်ခြင်းက အရေးပါတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့လိုအပ်တဲ့ လေ့လာစူးစမ်းနိုင်မှု၊ ဆန်းသစ်တီထွင်လိုစိတ်၊ စွန့်စားလိုစိတ်၊ အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်တတ်တဲ့ အလေ့အထနဲ့ ဆန်းစစ်နိုင်တဲ့ အရည်အသွေးတွေရှိဖို့ လိုအပ်ပါတယ်။
၆။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပါ။ထက်မြက်နေရုံနဲ့လည်း မပြီးပါဘူး။ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်မှ ရေရှည်ရလဒ်တွေ ရမှာပါ။ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့သူမှန်သမ ျှက ကိုယ်နဲ့ တူချင်မှ တူမှာပါ။ မတူညီတဲ့ အိုင်ဒီယာတွေကို လေးစားပေးဖို့လိုသလို ကိုယ့်ရဲ့အယူအဆ၊ မတူညီတဲ့အတွေးအခေါ်ကိုလည်း တဖက်သားနားလည်အောင် ပြောပြဆွေးနွေးတဲ့နေရာမှာ ခံစားချက်တွေကို manage လုပ်ဖို့ကအရေးကြီးလှပါတယ်။
၇။ အသစ်တွေ အမြဲသင်ယူနေပါ။ပြောင်းလဲမှုတွေက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လာပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က သိထား၊ တတ်ထားတဲ့ အသိပညာဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေက ဒီနေ့မှာ လုံးလုံးအသုံးမဝင်တော့တာလည်း ဖြစ်နိုင်တာမို့ ကိုယ့်လုပ်ငန်းနဲ့ ဆိုင်တဲ့ ဗဟုသုတ အခြေခံရှိတာ၊ ကျွမ်းကျင်မှုတွေကို အမြဲထပ်ဖြည့်နေတာ၊ လက်တွေ့အသုံးချဖို့ ကြိုးစားတာတွေက ကိုယ့်ကိုယ် ပိုပြီး ထက်မြက်လာစေပါလိမ့်မယ်။
လုပ်ငန်းခွင်မှာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ လူတစ်ယောက်အဖြစ် ပုံရိပ်တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တကယ်ရှိဖို့လိုပါတယ်။ အပေါ်မှာ ဖေါ်ပြခဲ့တဲ့အချက်တွေအပြင် ဖြတ်ထိုးဉာဏ်ရှိတာ၊ တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ ပိုကောင်းလာအောင် ပန်းတိုင် Goals တွေထားပြီး လုပ်ဆောင်တာ၊ ကိုယ့်ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ပျော်ရွှင်မှုအတွက် အချိန်ပေးတာ၊ ကိုယ့်ကိုယ်ကိုယ်ရော တဖက်သားကိုပါ လေးစားမှုရှိတာတွေက ကောင်းမွန်တဲ့ အလေ့အထတွေ ဖြစ်ပါတယ်။ပုံရိပ်ဆိုတာသည် တနေ့တည်းနဲ့ တည်ဆောက်လို့မရပါဘူး။ အချိန်ပေးပြီး တည်ဆောက်သွားရင် ကိုယ့်ကိုယ်ကိုယ်လည်းကျေနပ်တဲ့၊ လုပ်ငန်းခွင်ထဲမှာလည်း အများကလေးစားယုံကြည်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ပါလိမ့်မယ်။
Brand You Academy