၁။ အိုင်ဒီယာကောင်းရှိခြင်း (Good Business Ideas)
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ အိုင်ဒီယာကောင်းသူတစ်ယောက် အမြဲလိုလိုရှိတတ်ပါတယ်။ ကိုယ့်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ အိုင်ဒီယာကောင်းတစ်ခုရှိပြီး လူတွေကို ချပြချင်တယ်ဆိုပါစို့။ ဒီနေ့ခေတ်လိုများပြားလှတဲ့ ဆွဲဆောင်မှု၊ ပြိုင်ဆိုင်မှုတွေကြားမှာ ကိုယ့်ရဲ့ လုပ်ငန်းကို ဝယ်သူတွေမြင်အောင်၊ နှစ်သက်သဘောကျအောင်၊ ဝယ်ယူသုံးစွဲချင်အောင်ဆိုရင် ဘက်စုံထောင့်စုံကနေ စဉ်းစားဖို့လိုသလို သူများထက် ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာရှိဖို့လိုပါတယ်။
၂။ ဆန်းသစ်ဖန်တီးနိုင်ခြင်း (Creativity)
ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်မဲ့လူတွေအတွက် အရေးကြီးတာက လုပ်ငန်းကို သူများနဲ့ မတူအောင်၊ ဒါမှမဟုတ် လက်ရှိလုပ်ကိုင်နေသူတွေထက် သာအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဖန်တီးဖို့ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းအသစ်တစ်ခု၊ အိုင်ဒီယာအသစ်တစ်ခုကို ဖန်တီးချင်တာပဲဖြစ်ဖြစ်၊ ရှိနေပြီးသား ပြိုင်ဘက်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ချင်တာပဲဖြစ်ဖြစ် တီထွင်ဖန်တီးနိုင်စွမ်းရည်က အလွန်အရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ အိုင်ဒီယာကို လူအများကြားထဲ ထင်ရှားစေချင်တယ်ဆိုရင် အများနဲ့ မတူဘဲ အသစ်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အသစ်ဆိုတဲ့ နေရာမှာ သုံးစွဲပုံအသစ်ဖြစ်နိုင်သလို ရောင်းချပုံအသစ်လည်းဖြစ်နိုင်တယ်၊ တွဲစပ်ပုံအသစ်လည်းဖြစ်နိုင်ပါတယ်။
၃။ ဈေးကွက်ကိုနားလည်သဘောပေါက်ခြင်း (Understanding the Market)
ဈေးကွက်မှာ ဘယ်သူတွေ ဘာလုပ်နေကြတယ်၊ ဘယ်လိုပုံစံတွေနဲ့ အဓိကရောင်းချနေပြီး ဘယ်လိုအလုပ်ဖြစ်နေတယ်ဆိုတာ အရင်လေ့လာဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အိုင်ဒီယာကောင်းသလိုပဲ တကယ်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ အလုပ်ဖြစ်ဖို့လည်း လိုအပ်တာကြောင့် ဈေးကွက်ကို သိခြင်းက ကိုယ့်အတွက် အားသာချက်တစ်ခုဖြစ်စေနိုင်ပါတယ်။
၄။ အခွင့်အလမ်းကို မြင်ခြင်း (Opportunities)
အခွင့်အလမ်းသစ်တွေက အမြဲရှိနေတတ်ပါတယ်။ လူတွေရဲ့ အကြိုက်ပြောင်းလဲတာ၊ ဈေးကွက်မှာ လက်ရှိရှိနေတဲ့ ကုန်ပစ္စည်းတွေအပေါ် လူတွေက ရာနှုန်းပြည့်မကျေနပ်တာ၊ ဒါမှ မဟုတ် နေ့စဉ်ဘဝမှာတင် ပြဿနာတွေရှိနေတာ စတာတွေကို ကိုယ်က မြင်တတ်မယ်ဆိုရင် ဝယ်သူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့သူ ဖြစ်လာမှာပါ။၅။ ဝယ်သူ၏လိုအပ်ချက်ကိုအခြေတည်စဉ်းစားအဖြေရှာခြင်း (Customer Centric Solutions)ပြောင်းလဲမှုတွေ များလှတဲ့ဒီနေ့ခေတ်မှာ လူနေမှုစတိုင် (Lifestyle) တွေလည်း ပြောင်းလဲလာပါတယ်။ ကိုယ်တကယ်ရောင်းချင်တဲ့ target customers တွေနဲ့ ကိုက်ညီမဲ့ Customer Centric Solution တွေ ဖန်တီးဖို့လိုပါတယ်။ တကယ့်ဝယ်သူတွေနဲ့ စကားပြောကြည့်ပါ။ ကိုယ်နဲ့ရင်းနှီးတဲ့ ဆရာသမား၊ အဖွဲ့အစည်း၊ မိတ်ဆွေကောင်းတွေကလည်း ကိုယ့်ရဲ့ ပထမဆုံး ဝယ်သူဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်က ဘာလဲ၊ pain point က ဘာလဲဆိုတာ သိအောင် လုပ်ပါ။ အဖြေအသစ်တွေ ရလာနိုင်ပါတယ်။
၆။ သူများတွေဆီကနေ သင်ယူခြင်း (Learn from others’ Experiences)
ကိုယ်ဝင်ချင်တဲ့ နယ်ပယ်မှာ အောင်မြင်ပြီးသားသူတွေ၊ ပြိုင်ဘက်လုပ်ငန်းတွေ ဘယ်လိုစဉ်းစားကြတာလဲ၊ ဘယ်လိုကြော်ငြာတာလဲ။ ဘယ်လိုအမှားတွေလုပ်ပြီး ဘာတွေမှန်နေကြသလဲ လေ့လာဖို့လိုပါတယ်။ ဒီနေ့ခေတ်က အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကနေ အချက်အလက်တော်တော်များများကို ရှာဖွေလို့ရတာမို့ လေ့လာစေချင်ပါတယ်။၇။ အသေးစိတ်ထည့်သွင်းစဉ်းစားခြင်း (Details)တကယ်အလုပ်လုပ်တဲ့အခါ အပေါ်ယံလုပ်လို့ရတာမို့ စကတည်းက အသေးစိတ်စဉ်းစားထားဖို့လိုပါတယ်။ Management Team မှာ ဘယ်သူတွေပါမယ်၊ ငွေကြေးအရင်းအနှီးကဘယ်လောက်လိုပြီး ဘယ်လောက် စီမံခန့်ခွဲမယ်၊ ဈေးကွက်မှာ ဘယ်လိုရောင်းချမယ်၊ ပြိုင်ဘက်တွေက ဘယ်သူ၊ မှန်းချေအမြတ်ကဘယ်လောက်ရှိနိုင်တယ်၊ ရေရှည်ရည်မှန်းချက်ကဘာ စသည်ဖြင့် ပြည့်ပြည့်စုံစုံပါဝင်ရမှာဖြစ်ပါတယ်။
၈။ ရှင်းလင်းတင်ပြတတ်ခြင်း (Presentation)
တကယ်တမ်း အိုင်ဒီယာတွေ၊ အလုပ်ဖြစ်နိုင်တဲ့ နည်းစနစ်တွေရှိပေမဲ့ investor တွေနားလည်အောင် မပြောပြ၊ မရေးပြတတ်ရင်လည်း အဆင်ပြေပါဘူး။ ကိုယ့်ရဲ့ အလုပ်ဖြစ်နိုင်မဲ့ အိုင်ဒီယာကို အချိန်တိုတိုနဲ့ရှင်းပြတတ်အောင် ပြင်ဆင်ထားရမှာပါ။ အချိန် ၃ မိနစ်ပဲရမယ်ဆိုရင် ဘာတွေပြောမလဲ၊ ၁၀ မိနစ်ရမယ်ဆိုရင် ဘာတွေပြောမလဲ၊ တစ်နာရီရတယ်ဆိုရင် ဘယ်အချက်အလက်တွေကို ထည့်ပြောမလဲဆိုတာ စဉ်းစားပြင်ဆင်ထားရမှာပါ။ ကိုယ်တိုင်နဲ့ team ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ စကားပြောဆိုတတ်ခြင်းတွေကလည်း ရှိသင့်တဲ့အရည်အချင်းတွေပဲဖြစ်ပါတယ်။