fbpx

“လောကုတ္တရာရေးမှာ Default ပုံစံဖြင့် မနေကြစေလို”

ဒီလတွေမှာ ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ တရားတွေ အတော်လေး နာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြုံရသမျှ စိတ်ဖိစီးစရာတွေကို အတိုင်းအတာတစ်ခုထိ ကျော်ဖြတ်နိုင်ခဲ့တယ် ပြောရမယ်။

အခုလည်း ဆရာတော်ကြီး ဟောတဲ့ စကားတစ်ခွန်းကို မျှဝေချင်တာပါ။

ဂုဏ်ဖော်တာတော့ မဟုတ်ပေမဲ့ ကိုယ့်အကြောင်းကိုယ် ပြောရရင် ကျွန်တော်က လောဘနည်းတယ်။ လိုအင်ဆန္ဒလည်း နည်းတယ်။ ဒေါသဆိုတာလည်း ရုတ်တရက် ဆတ်ခနဲ စက္ကန့်ပိုင်းလောက် ထွက်သွားတာမျိုးပဲ ရှိတယ်။ တစ်ယောက်ယောက်ကို မုန်းတီးနေတာမျိုး မဖြစ်ဖူးဘူး။ အလှူအတန်းလည်း လုပ်ဖြစ်တယ်။ လိုအပ်နေတာ တွေ့ရင်လည်း ကူညီတတ်တယ်။

သို့သော် ဒါတွေက ကျွန်တော် တကူးတကကြီး ကြိုးစားအားထုတ်ခဲ့တာမျိုး မဟုတ်ဘူး။ ဆိုလိုတာက ဒေါသကြီးရာကနေ ထိန်းနိုင်အောင်၊ လိုအင်ဆန္ဒတွေ နည်းသွားအောင် ကြိုးစားခဲ့ရတာမျိုး မရှိဘူး။ အတိတ်ဘဝတွေက ပါလာတဲ့ အထုံပါရမီရယ်၊ ဖတ်ခဲ့တဲ့ စာတွေရယ်နဲ့ အဓိက ဆိုင်လိမ့်မယ်။ ပြောရရင် နဂိုကတည်းက ပါလာတဲ့ “အထိုင်”ပေါ့။

လူပဲဆိုတော့ မကောင်းတာ၊ အားနည်းတာတွေလည်း ရှိတာပေါ့လေ။ အကုန်တော့ ရေးမပြချင်ပေမဲ့ ဥပမာပေးလို့ ကောင်းတာလေးတစ်ခု ပြောရရင် ဝိပဿနာပိုင်းဆို ကျွန်တော် အားနည်းတယ်။ သစ္စာလေးပါးတို့၊ ပဋိစ္စသမုပ္ပါဒ်တို့လို တရားတွေ ကျွန်တော် နာဖူးတယ်။ နားမလည်ဘူး။ အနတ္တဆိုလည်း ကျွန်တော် သေချာသဘောမပေါက်သေးဘူး။ တရားထိုင်ရင်လည်း အလွန်ဆုံး ၁၀ မိနစ်ပဲ။ ဒါတောင် စိတ်တွေက ပျံ့လွင့်နေတာ။ မပြည့်သေးဘူးလား ဆိုပြီး ဒေါသတောင် တစ်ခါတလေ ဖြစ်လိုက်သေး။

အဲ့တော့ တွေးလိုက်တယ်။ ငါက ဝိပဿနာမှာ ပါရမီ မပါဘူးပေါ့။ အဲ့လိုနဲ့ ကျွန်တော့် နေမြဲပုံစံအတိုင်းပဲ ဘဝကို ဖြတ်သန်းလာခဲ့တယ်။

တရားတစ်ပုဒ်မှာတော့ ဆရာတော်ကြီးက ဟောတယ်။ “အဲ့လို ပါရမီမပါဘူး ဆိုပြီး ဒီအတိုင်း နေနေတာဟာ လောကုတ္တရာအရေးမှာ ကြိုးစားအားထုတ်မှု မရှိတာပဲ” တဲ့။

တကယ်ဟောနေတဲ့ တရားက သက်သက်။ ဒီစကားကို ညှပ်ပြီး ဟောလိုက်တာ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ လက်ခနဲ လင်းခနဲ ဖြစ်သွားတယ်။ ကိုယ်နဲ့ကွက်တိ သွားဖြစ်နေတာကိုး။ ကျွန်တော်က ကြိုးစားတယ် ဆိုတာကို သဘောကျတယ်။ အောင်မြင်တာ၊ မအောင်မြင်တာထက် ကြိုးစားတဲ့သူဆို လေးစားတယ်။ ကိုယ်တိုင်လည်း ကြိုးစားတယ်။ ငပျင်း မဖြစ်ချင်ဘူး။ အဲ့လို အ​ပြောမခံချင်ဘူး။ ဒါကြောင့် ဆရာတော်ကြီး အဲ့လို ဟောလိုက်တဲ့အချိန်မှာ ရင်ကို ဒဲ့ထိသွားတာလည်း ဖြစ်နိုင်တယ်။

ပတ်ဝန်းကျင်မှာလည်း လိုက်ကြည့်မိတယ်။ တချို့လူကြီးတွေ အသက်ကြီးလာတယ်။ ဒေါသတွေ မလျှော့နိုင်သေးဘူး။ သားသမီးအပေါ် တွယ်တာစိတ်တွေက များတောင်များလာသေးတယ်။ မာန်မာနတွေ ရှိတုန်းပဲ။ ငါက မရဘူး၊ ဒေါသကြီးတယ်၊ ငါက သံယောဇဉ်ကတော့ ကြီးတယ်၊ ငါက တရားဓမ္မဘက် အားမသန်ဘူး ဆိုပြီး အလှူတော့ လုပ်တယ်၊ တရားနာချိန်ဆို အပြင်ထွက်ထိုင်နေတတ်တယ်။

သူတို့ဟာ လူကောင်းတွေလားဆို လူကောင်းတွေပဲ။ စိတ်ကောင်းစေတနာလည်း ရှိ၊ အလှူအတန်းတွေ လုပ်ကြနဲ့။ ဒါပေမဲ့ နဂိုပါလာတဲ့ အထိုင်နဲ့ပဲ ဒီဘဝကို ဖြတ်သန်းနေကြတယ်ပေါ့။ ဘာနဲ့ ဥပမာပေးရမလဲဆို ခြေထောက်နဲ့ ကန်သွင်းရင် ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးက ခေါင်းတိုက်ကောင်းဖို့တော့ မလေ့ကျင့်သလိုမျိုးပဲ။ ထပ်ပြီးသာ ကြိုးစားလိုက်ရင် ပိုပြည့်စုံတဲ့သူ ဖြစ်လာမှာ။

လောကီအရေးဆို ဒီလို ဘယ်ဟုတ်မလဲ။ ဘဝတိုးတက်ဖို့ အင်္ဂလိပ်စာ သင်ဖို့ လိုလား။ သင်မယ်။ ဂျပန်စာ သင်ရမလား။ သင်မယ်။ အလုပ်တွေ ကြိုးစားတယ်။ ပိုက်ဆံတွေ စုတယ်။ ဘဝကို မြင့်သထက် မြင့်အောင် ကြိုးစားကြတယ်။ ကိုယ့်မိဘလက်ထက်ကထက် သာအောင်၊ ကိုယ်ငယ်ငယ်က နေခဲ့ရတာထက် ကိုယ့်သားသမီးတွေကို အဆင့်မြင့်မြင့် ထားနိုင်အောင် အားထုတ်ကြတယ်။ လောကုတ္တရာအရေးကျရင်သာ ပါရမီ မပါဘူး၊ ငါကတော့ ဘယ်လို ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လက်လျှော့ထားကြတာ။

ဖုန်းလိုပြောရရင် ဝယ်တုန်းက ပါလာတဲ့ ပုံစံအတိုင်းပဲ ဒီဖုန်းကို ဆက်သုံးနေတာပေါ့။ ကိုယ့်ဒီဇိုင်းနဲ့ကိုယ် ဖြစ်အောင် မပြောင်းလဲဘူး။ Default ပုံစံနဲ့ ဆက်သုံးနေတယ်။ ပိုလှအောင်၊ ပိုကောင်းအောင် မပြင်ဆင်ဘူး။ Upgrade မလုပ်ဘူး။

အဲ့လိုလေး ဆင်ခြင်မိတဲ့အခါ ကျွန်တော်လည်း ငါ ပါရမီမပါဘူး ဆိုပြီး လက်လျှော့ထားတဲ့ ကိစ္စတွေကို ကြိုးစားလုပ်ဖြစ်လာတယ်။ မကောင်းတဲ့ စိတ်တွေကိုလည်း ကြိုးစားပြီး ထိန်းတယ်။ အရင်လို လွှတ်မထားတော့ဘူး။

အခုရော မင်း သစ္စာလေးပါးတွေ၊ ပဋိစ္စသမုပ္ပါဒ်တွေ နားလည်ပြီးလားဆို မလည်သေးဘူး။ သို့သော် မလည်ရတဲ့ အကြောင်းရင်းကိုတော့ သိလာပြီ။ ဘာလို့ဆိုတော့ အဆင့်ကျော်နေတာကိုး။ သမာဓိတောင် ကောင်းကောင်း မရသေးဘဲ အဲဒါတွေကို နားလည်နေချင်တာလေ။ ဗုဒ္ဓတရားတွေက ကိုယ်တိုင်လုပ်မကြည့်ရင် မသိနိုင်တာတွေ အများကြီး ရှိတယ်။ ဒါကြောင့်လည်း တချို့တွေ ပါးစပ်ကသာ တရားစကားတွေ ပြောနေပေမဲ့ လက်တွေ့ကျ တခြားစီ ဖြစ်နေကြတာ။ ကိုယ်တကယ်မသိဘဲ ကြားဖူးတာလေး ပြန်ပြောတဲ့ သညာသိလို့ ခေါ်ရမလားပဲ။

ခုတော့ နာရီဝက်လောက် တရားထိုင်နိုင်ပြီ။ ခန့်မှန်းခြေ မိနစ် ၂၀ လောက်တော့ သတိမလွတ်အောင် မှတ်နိုင်လာပြီ။ ဥပုသ်စောင့်ဖြစ်တဲ့ ရက်တွေဆို အမှတ်သတိနဲ့ စားတတ်လာပြီ၊ နေတတ်လာပြီ။ ဒါတွေက သူများအတွက် ဘာမှ မဟုတ်ပေမဲ့ ကျွန်တော့်အတွက်တော့ အရင်ထက်စာရင် တိုးတက်လာတာတွေပဲ။ ငါ ကြိုးစားအားထုတ်နေပါလား ဆိုတဲ့ အသိကလည်း လူကို ပိုပြီး နေလို့ကောင်းစေတယ်။

ဗုဒ္ဓဘာသာဟာ ဘာသာတရားတွေအားလုံးထဲမှာ စိတ်အကြောင်းကို အသေးစိတ်အကျဆုံး ဟောထားတဲ့ ဘာသာ ဖြစ်တယ်။ ဒီလိုဘာသာကို ကိုးကွယ်ပြီး ပရိတ်ရွတ်တာ၊ ဆုတောင်းတာနဲ့ပဲ အချိန်ကုန်နေရင်တော့ မတန်သေးဘူးလို့ ပြောရမယ်။ ဒါကြောင့် ကိုယ့်စိတ်တွေကို ဆန်းစစ်ကြည့်ပါ။ အတိတ်ဘဝက ပါရမီတွေကြောင့်ဖြစ်ဖြစ်၊ ဒီဘဝမှာ ငယ်ငယ်က ဖြတ်သန်းခဲ့ရတာတွေ၊ အတွေ့အကြုံတွေကြောင့်ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ၊ ဘာသာရေးမှာ အားသန်တာ၊ မသန်တာတွေ စသဖြင့် ကွဲပြားကြပါတယ်။

တချို့က အစားမက်တယ်။ တချို့က အရက်ကြိုက်တယ်။ တချို့က သံယောဇဉ်ကြီးတယ်။ ပစ္စည်းဥစ္စာ မက်မောတယ်။ တချို့က ဒေါသ၊ တချို့က မာန်မာန။ တချို့လည်း လိင်စိတ်ပြင်းထန်ကြမယ်။ တရားဓမ္မ နာယူလေ့ ရှိတဲ့သူ ဖြစ်နိုင်သလို ရွတ်ဖတ်ပူဇော်ရတာပဲ အားသန်တဲ့သူလည်း ပါမယ်။ ဝိပဿနာပိုင်းမှာ သူများထက် နားလည်လွယ်တာမျိုးလည်း ဖြစ်မယ်။

ဘယ်လိုမှ မတူနိုင်ကြဘူး။ အဓိကက ကိုယ့်အကြောင်း ကိုယ်သိပြီး ကိုယ့်အားနည်းချက် ကိုယ်ပြင်ဖို့ပဲ။ နဂိုပါလာတဲ့ အထိုင်ထဲကနေ ကောင်းတာတွေ ဆက်ထိန်း။ ပိုပိုကောင်းအောင် လုပ်။ မကောင်းတာတွေ ပါလာရင် ငါကတော့ ဒီလိုပဲ ဆိုပြီး အကြောင်းမပြနဲ့။ ကြိုးစားအားထုတ်။ အကုန် စင်မသွားတောင် လျော့ပါးသွားရင်၊ အမြဲတမ်း မဟုတ်တောင် တစ်ရက်လောက်ဖြစ်ဖြစ် ထိန်းနိုင်ရင်ပဲ အကျိုးရှိတယ်။ စိတ်အေးချမ်းရမယ်။

ဗုဒ္ဓဘာသာမှာ ကြိုးစားအားထုတ်ခြင်းဟာ အင်မတန် အရေးကြီးပါတယ်။ ကံကောင်းတယ် ဆိုတာကိုက ကြိုးစားတဲ့သူတွေပဲ ရနိုင်တာမျိုး မဟုတ်လား။ အဲ့လို ကြိုးစားတယ်လို့ ပြောလိုက်ရင် လောကီရေးနဲ့ပဲ ဆိုင်တယ်လို့ ထင်ကြတယ်။ တကယ်တော့ လောကုတ္တရာရေးမှာလည်း ကြိုးစားရတာပါပဲ။ ဘုရားဖြစ်ဖို့လည်း ကြိုးစားခဲ့ရတာပဲ။ ဒါကြောင့် ငါတော့ ဘယ်အသက်အရွယ်ကျရင် ဘယ်လို အနေအထား ရောက်ရမယ် ဆိုပြီး လောကီရေးမှာ ကြိုးစားကြသလိုပဲ၊ လောကုတ္တရာရေးမှာလည်း ကြိုးစားကြစေချင်တယ်။ ဘယ်လောက်ပဲ ခရီးပေါက်ပေါက်ပေါ့၊ ရှေ့ကို လျှောက်နေတယ် ဆိုရင်ကိုပဲ တစ်နေ့တစ်နေ့ ကိုယ့်ရဲ့ ဖြတ်သန်းမှုက အကျိုးရှိပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay