ပုံပြင်တစ်ပုဒ်ရှိပါတယ်။
တခါတုန်းက မြို့တစ်မြို့မှာ အဆုံးအစမရှိအောင် ကျယ်ပြန့်တဲ့နေကြာပန်းခင်းကြီး ရှိပါသတဲ့။ အဲဒီပန်းတွေပွင့်ချိန်ဆို လှလွန်းလို့ အနီးအနားမြို့တွေက လာလည်ကြ၊ မြို့ကလူတွေကလည်း ဂုဏ်ယူကြသတဲ့။
နေကြာပန်းခင်းရဲ့အလှထက် လူတွေပိုပြီး အံ့ဩချီးကျူးကြတာက အဲဒီအဆုံးအစမရှိတဲ့ ပန်းခင်းကို လူတစ်ယောက်တည်းက စိုက်ခဲ့တာမို့ပါ။
တနေ့ကျ လူငယ်လေးတစ်ယောက်က မြို့ကိုလာလည်ရင်း နာမည်ကြီးလွန်းတဲ့ နေကြာပန်းခင်းကြီးဆီကို ရောက်လာပါတယ်။ သူကတော့ အများလို အံ့ဩချီးကျူးရုံနဲ့ မပြီးဘဲ နေကြာခင်းရှင်ကို စိတ်ဝင်တစား မေးပါသတဲ့။
ဒီလောက်ကျယ်တဲ့ ပန်းခင်းကြီးဖြစ်လာအောင် ဘယ်နနှစ်များအချိန်ယူ စိုက်ခဲ့တာလဲ၊ တစ်ယောက်တည်း ဘယ်လိုများ လုပ်ခဲ့တာလဲ။ မပင်ပန်းဘူးလား စသဖြင့်ပေါ့လေ..
ပန်းခင်းရှင်က ပြောပါတယ်။ အဆုံးအစမရှိဘူး ဆိုတာမှန်တယ်။ ဒါပေမဲ့ ပန်းတစ်ပင်ချင်းစီသူစိုက်ခဲ့တာ မဟုတ်ပါဘူးတဲ့။ ဟိုနားနည်းနည်း မျိုးစေ့ကြဲတယ်။ ဒီနားနည်းနည်း မျိုးစေ့ကြဲတယ်။ သူပိုင်တဲ့မြေ တစ်ခုလုံးမှာ ဖြန့်ပြီး မျိုးစေ့တွေ ကြဲခဲ့တယ်။ ပန်းတွေပွင့်လာတော့ ဝတ်မှုန်ကူးကြတဲ့အခါ တစ်ပင်နဲ့တစ်ပင် အလိုလိုကူးရင်းနဲ့ ဒီလောက်ကြီးကျယ်တဲ့ ပန်းခင်းကြီးဖြစ်လာတာပါ တဲ့။
Transformation မှာလည်း ဒီလိုပါပဲ။ လူတိုင်းအယောက်စေ့ပါဝင်ဖို့ မလိုပါဘူး။ Critical Mass လို့ခေါ်တဲ့ အရေးပါတဲ့ အတိုင်းအတာနဲ့ အစုအဖွဲ့တွေ ပါဝင်ဖို့ပဲလိုပါတယ်။ ပါဝင်တဲ့ လူတိုင်းက ပန်းတစ်ပွင့်စီ စိုက်ဖို့ပဲ လိုတယ်။ အချိန်တန်ရင် အလိုလိုဝတ်မှုန်ကူးသွားပါလိမ့်မယ်။
ထက်ရည်