Personal Image, Self-Image လို့ခေါ်တဲ့ မိမိကိုယ်ကို ဘယ်လို မြင်သလဲဆိုတာကို အများကြီးသက်ရောက်နိုင်တဲ့ အရာတစ်ခုက သိမ်ငယ်စိတ်ပါ။ လူတိုင်းမှာ သိမ်ငယ်စိတ် သို့မဟုတ် အငုံ့စိတ် အနည်းနဲ့အများရှိတယ်လို့ ဖတ်ဖူးပါတယ်။
“သိမ်ငယ်စိတ် ဘယ်ကစပြီးဖြစ်လာသလဲ?”
ကျွန်မငယ်ငယ်က အလွန်သိမ်ငယ်တတ်တဲ့ စိတ်ရှိပါတယ်။ သိတတ်စအရွယ်မှာ အဖေရဲ့ သူငယ်ချင်းတစ်ယောက်က စနောက်ပြီးတော့ ညည်းက သမီးအရင်းမဟုတ်ဘူး၊ မန္တလေးနန်းတွင်းအမှိုက်ပုံကနေ ကောက်ရတာလို့ ပြောခဲ့ဖူးတယ်။ (အဲဒီတုန်းက ကျွန်မတို့က မန္တလေးမှာ နေနေပြီး အသက်က ၂ နှစ်လောက်ထင်ပါတယ်။) အဲဒီစကားကို ပြောတဲ့အချိန်မှာ အားနာလို့သော်လည်းကောင်း၊ စနောက်တဲ့ စိတ်နဲ့သော်လည်းကောင်း ကျွန်မအဖေနဲ့ အမေက ရယ်ပဲရယ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ဦးနှောက်သေးသေးလေးမှာ စဉ်းစားစရာက အကြီးကြီးဖြစ်သွားပြီ။
ကျွန်မအသက် ငါးနှစ်မှာ မောင်လေးကို မွေးတော့ ထုံးစံအတိုင်း မွေးခါစ ကလေးကို ပိုပြီး ဂရုစိုက်ရတာပေါ့။ ကျွန်မအတွက်က အမေမွေးခန်းထဲက ထွက်လာတာပြီး သူပါလာတာကို မျက်စိနဲ့ မြင်ရတာကိုး။ ကျွန်မတုန်းကကျ ဒီခေတ်လို ဓါတ်ပုံဘာညာရိုက်ထားတဲ့ ခေတ်မဟုတ်တော့ ဘာသက်သေမှ ရှိမနေတဲ့အခါ ကိုယ့်ကိုယ်ကို ငါတကယ်ပဲ မွေးစားခံရတာလား စသဖြင့် လျှောက်တွေးရာကနေ စပါတယ်။မောင်နှမချင်း ရန်ဖြစ်လို့ ဆူခံ၊ ရိုက်ခံရတာပဲဖြစ်စေ၊ တစ်နေရာရာသွားလို့ ကိုယ့်ကို ထားခဲ့တာပဲဖြစ်စေ၊ ကိုယ်လိုချင်တာကို မရတာပဲဖြစ်စေ၊ အတွေးက အဲဒီကိုပဲပြန်ရောက်ပါတယ်။ စိတ်က ရယ်ရပါတယ်။ တော်တော်လေးကြီးလာလို့ အဖေနဲ့ တစ်ရုပ်တည်း ချွတ်စွတ်တူတာတောင် အဲလို တခါတခါ တွေးတုန်းပါပဲ။ ခုတော့ မတွေးတော့ပေမယ့် ကျွန်မရဲ့ အသက်တော်တော်ကြီးတဲ့ အထိ သိမ်ငယ်စိတ်တစ်ခုရှိတာ အမှတ်ရပါတယ်။
ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ ပုံရိပ်နဲ့ ပတ်သက်တဲ့ ကျောင်းတွေတက်ရတော့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲဆိုတဲ့ Self-Image ကို အဓိကထား လေ့လာရပါတယ်။ အဲဒီမှာ သတိထားမိတာက ဘယ်နိုင်ငံက လာတဲ့သူမဆို၊ ဘယ်လို အသိုက်အဝန်းက လာတဲ့သူမဆို၊ ဘယ်လို ပညာအရည်အချင်းရှိတဲ့သူမဆို သူတို့ကို သိမ်ငယ်စေတဲ့၊ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့ အရာ အနည်းနဲ့ အများရှိကြတာကို လေ့လာမိပါတယ်။ သင်တန်းတွေ သင်ရတဲ့အခါမှာလည်း ဒီလိုပါပဲ။ ကျွန်တော်/ကျွန်မက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး လို့ ပြောတတ်တဲ့ သင်တန်းသားတွေခဏခဏတွေ့ရပါတယ်။ ငယ်ကတည်းက မပြောရဲ၊ မဆိုရဲခဲ့တာ၊ ဒါမှမဟုတ်ရင် ပြောခွင့်၊ ခံစားချက်ကို ထုတ်ဖေါ်ခွင့်မရတဲ့သူတွေအဖို့ သိမ်ငယ်စိတ် သို့မဟုတ် Lost of Self-Expression (မိမိခံစားချက်ကို မထုတ်ဖေါ်ရဲခြင်း) ဆိုတာပိုပြီး ဖြစ်လာပါတယ်။
ကလေးတွေငိုတဲ့အခါ၊ ခံစားချက်ကို ထုတ်ဖေါ်တဲ့အခါ ကျွန်မတို့ ပြောလေ့ရှိတဲ့ “ယောကျားလေးက မငိုရဘူး” ဆိုတဲ့စကားတွေ၊ “မိန်းကလေးက ငြိမ်ငြိမ်လေး နေရမယ်” “လူကြီးမျက်နှာနဲ့ အရိပ်အကဲကိုကြည့်ပြီးနေရမယ်၊ မဟုတ်ရင် နောက်တခါ မခေါ်တော့ဘူး/မချစ်တော့ဘူး/အပြစ်ပေးမယ်” စတဲ့ စကားတွေရဲ့ အကျိုးဆက်ကို စဉ်းစားစရာပါပဲ။အဲဒီမှာ သတိထားရမှာက အောင်မြင်တာ၊ ကျရှုံးတာ၊ ချမ်းသာတာ၊ ဆင်းရဲတာ နဲ့ မဆိုင်ပါဘူး။ ချမ်းချမ်းသာသာ အဆင့်မြင့်မြင့်နေရပေမယ့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့ လူတွေလည်း တွေ့ဖူးပါတယ်။
“သိမ်ငယ်တဲ့ခံစားချက် ဖြစ်လာတဲ့အခါ”
သိမ်ငယ်တဲ့ခံစားမှု ဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကို သိပြီး စိတ်ကို ထိန်းချုပ်နိုင်တယ်၊ ကောင်းတဲ့ဘက်ကိုရောက်အောင် တွေးလိုက်နိုင်တယ်၊ သို့မဟုတ် တစ်ယောက်ယောက်ကို ရင်ဖွင့်လို့ရတယ်ဆိုရင် ပြဿနာမရှိပါဘူး။ အဲလိုမဟုတ်ဘဲ မြိုသိပ်ထားရတဲ့ ခံစားချက်တွေ ပေါက်ကွဲခဲ့ရင် ကိုယ်တိုင်အတွက်ရော၊ ကိုယ့်အလုပ်နဲ့ ပတ်ဝန်းကျင်အတွက်ပါ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
“လုပ်ငန်းခွင်ထဲမှာ”ငယ်တုန်းက သိမ်ငယ်စိတ်ရှိတဲ့သူတွေ လုပ်ငန်းခွင်ထဲရောက်လာတဲ့အခါ မပြောရဲ မဆိုရဲ၊ မလုပ်ရဲ မကိုင်ရဲ၊ မမေးရဲ မပြောရဲတဲ့ သူတွေ ဖြစ်လာပါတယ်။ အထက်လူကြီးကို ပြန်မမေးရဲတဲ့အခါ တလွဲတွေ လုပ်မိတတ်သလို ကိုယ်အဆင်မပြေတာကို မပြေဘူးလို့ ကောင်းကောင်းမွန်မွန် ပြောမပြတတ်တဲ့သူတွေ ဖြစ်လာပါတယ်။ သူများက မတရားလာလုပ်၊ လာအနိုင်ကျင့်တာကို ခံရဖို့များတဲ့သူတွေ ဖြစ်လာတတ်ပါတယ်။
ရှေ့တင်မှာ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာကို မပြောရဲတဲ့အခါ ရှေ့တမျိုး၊ နောက်တမျိုး လုပ်တတ်တယ်လို့ အထင်ခံရတဲ့သူတွေ ဖြစ်လာတတ်ပါတယ်။ Feedback လို့ခေါ်တဲ့ သူတပါးက အမှတ်ပေးတာ၊ သို့မဟုတ် ဝေဖန်တာကို ခံနိုင်ရည်မရှိတဲ့၊ လက်မခံနိုင်တဲ့သူတွေ ဖြစ်လာတတ်ပါတယ်။ သူများက တစ်ခုခုပြောနေရင် ငါ့ကိုစောင်းပြောနေတာပဲ၊ ဆိုရှယ်မီဒီယာမှာ တစ်ယောက်ယောက်က တစ်ခုခုရေးလိုက်ရင် ငါ့များစောင်းရေးတာလားလို့ ထင်တတ်တဲ့သူတွေ ဖြစ်လာပါတယ်။သိမ်ငယ်စိတ်ရှိတဲ့ မန်နေဂျာက လက်အောက်က လူတွေကို စိတ်ဓါတ်ခွန်အားပေးဖို့၊ သူတို့ကို တိုးတက်အောင် လုပ်ပေးနိုင်ဖို့ ခဲယဉ်းပါတယ်။ သိမ်ငယ်စိတ်ရှိတဲ့ လုပ်ငန်းရှင်ကလည်း ပြဿနာတစ်ခုခုဖြစ်လာရင် ရှေ့က မားမားမတ်မတ်ရပ်ပြီး ဦးဆောင်နိုင်ဖို့ မလွယ်သလို သိမ်ငယ်စိတ်ရှိတဲ့ မိခင်ရဲ့ပျိုးထောင်မှုကို ခံရတဲ့ သားသမီးဟာလည်း သိမ်ငယ်စိတ်ပါလာဖို့ ပိုများပါတယ်။
“ခံစားချက်ကို ဘယ်လိုထုတ်ဖေါ်မလဲ?”
Communication လို့ခေါ်တဲ့ ကိုယ်ဆိုလိုချင်တဲ့အရာကို အကောင်းဆုံး ထုတ်ဖေါ်ပြနိုင်ခြင်းက အရည်အချင်းတစ်ခုပါ။ ကိုယ်ဆိုလိုချင်တဲ့အရာကို မှန်မှန်ကန်ကန် ပြောပြတတ်၊ တောင်းဆိုတတ်၊ ဆွေးနွေးတတ်လာတဲ့အခါ သိမ်ငယ်စိတ်လျော့သွားပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးတက်လာတာတွေ့ဖူးပါတယ်။
ကလေးတွေကို ငယ်တဲ့အချိန်မှာ သူတို့ရဲ့ ခံစားချက်ကို ထုတ်ဖေါ်တတ်ဖို့ လမ်းကြောင်းပေးဖို့ လိုသလို ကျောင်းတက်တဲ့အချိန်မှာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပေးမှုက အရေးကြီးပါတယ်။ ကျွန်မက ကလေးအမေဆိုတော့ စာတွေလိုက်ဖတ်ကြည့်တဲ့အခါ ကလေးကို အမြဲတမ်းပျော်ရွှင်နေရမယ်၊ တက်ကြွနေရမယ်လို့ချည်း မယူဆထားဘဲ သူတို့ကို အခြားသော ခံစားချက်တွေကိုပါ ထုတ်ဖေါ်ပြခွင့်ပေးတာဟာ အလွန်အရေးကြီးကြောင်း ဖတ်ခဲ့ရပါတယ်။ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ စဉ်းစားတာ၊ စူးစမ်းတာ၊ မကျေနပ် သဘောမကျတာ စသဖြင့် ခံစားချက်ပေါင်းစုံနဲ့ လိုအင်ဆန္ဒတွေ အားလုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ထုတ်ဖေါ်ခွင့်ပေးဖို့လိုပါတယ်။ အရာအားလုံး လိုက်လုပ်ပေးရမယ်လို့ မဆိုလိုပါဘူး။ ထုတ်ဖေါ်ပြသဖို့ လမ်းဖွင့်ပေးတာကို ပြောတာပါ။
လုပ်ငန်းခွင်ထဲရောက်လာတဲ့အခါ ပိုင်ရှင်၊ သို့မဟုတ် မန်နေဂျာနဲ့ ခေါင်းဆောင်တွေက သင်ကြားပေးသူတွေ၊ Coach တွေ ဖြစ်လာပါတယ်။ မှန်ကန်တဲ့ ထိန်းကျောင်းမှုကို ရတဲ့အခါ ဝန်ထမ်းရဲ့ အရည်အသွေး၊ အရည်အချင်း အများကြီးတိုးတက်လာနိုင်ပြီး မှားယွင်းတဲ့ ပတ်ဝန်းကျင်ကို ရောက်သွားတဲ့သူဟာလည်း ပိုပြီး သိမ်ငယ်တဲ့ သို့မဟုတ် ဆက်ဆံရေးညံ့တဲ့၊ ကိုယ်ဘာလိုချင်တယ်ဆိုတာ မသိတဲ့၊ ထုတ်ဖေါ်မပြနိုင်တဲ့ သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ကြာလာတော့ ဘယ်သူနဲ့မှ မပြောချင်မဆိုချင်၊ ဘုကန့်လန့် သမားဖြစ်ရင်ဖြစ်၊ စိတ်ဓါတ်ကျ Depression ရရင်ရတတ်ပါတယ်။
“သိမ်ငယ်စိတ်ကို ဘယ်လိုကျော်လွှားမလဲ”
သိမ်ငယ်စိတ် သို့မဟုတ် အငုံ့စိတ်ဖြစ်လာတဲ့အခါ ကျော်လွှားလို့ရနိုင်တဲ့ နည်းလမ်းလေးတွေကို စဉ်းစားမိသလောက် မျှဝေလိုက်ပါတယ်။
၁။ မိမိကိုယ်ကို ဝေဖန်သုံးသပ်တာကိုယ်ဟာ ဘယ်လိုလူ၊ ဘယ်နေရာမှာ တော်တယ်၊ ဘယ်နေရာမှာ ညံ့တယ်၊ လိုသေးတယ်၊ စသဖြင့် မှန်မှန်ကန်ကန် သုံးသပ်တဲ့ နည်းလမ်းလေးပါ။ကျွန်မကတော့ ကိုယ်ပိုင် ဒိုင်ယာရီလို စာအုပ်ကလေး တစ်အုပ်ထားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကို အမြဲ ဝေဖန်သုံးသပ်ပြီး ကိုယ့်ဘဝက ဘာတွေ ဖြစ်နေလဲဆိုတာ သတိထားမိနေဖို့ လိုပါတယ်။
၂။ အောင်မြင်မှုသေးသေးလေးတွေရတဲ့အခါ ပျော်ရွှင်တာကျွန်မတို့ကိုယ့်ကိုယ်ကို ပြောလေ့ရှိပါတယ်။ အိမ်အကြီးကြီး ပိုင်ရရင်၊ ကားအကောင်းစားကြီး စီးရရင်၊ အောင်မြင်မှု အကြီးကြီးရရင် ပျော်မယ်လို့ ထင်တတ်ပါတယ်။ များသောအားဖြင့် လိုချင်တဲ့ အောင်မြင်မှုလည်း ရရော ကိုယ်က အသက်အရမ်းကြီးသွားလို့ မပျော်ရွှင်နိုင်တော့တာ၊ မခံစားတတ်တော့တာတွေ ဖြစ်တတ်ပါတယ်။ နေ့စဉ်ဘဝမှာ ပျော်ရွှင်စရာ သေးသေးလေးတွေကို ပျော်ရွှင်တတ်မှသာ ပျော်ရွှင်မှု အကြီးတွေကို ခံစားတတ်မှာပါ။
၃။ ဝါသနာ တစ်ခုခုမှာ ထူးချွန်အောင်လုပ်တာနေ့စဉ် ထမင်းစားဖို့ မဟုတ်ဘဲ အလုပ်နဲ့ မဆိုင်တဲ့ ဝါသနာလေးတစ်ခုတော့ ရှိစေချင်ပါတယ်။ သစ်ပင်စိုက်တာ၊ ဟင်းချက်တာ၊ တူရိယာတစ်ခုခုတီးတာ၊ သီချင်းဆိုတာ စသဖြင့် ကိုယ့်ရဲ့ စိတ်ကျေနပ်မှုရမယ့် အရာတစ်ခု သင်ယူလေ့လာပါ။ ကိုယ်စိတ်ကျေနပ်မှုရတဲ့အထိ ထူးချွန်အောင် အချိန်တစ်ခုပေးပြီး ကြိုးစားပါ။
၄။ အလုပ်ကို တာဝန်ကျေအောင်လုပ်တာကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးစီး အောင်မြင်ပေါက်မြောက်အောင် လုပ်နိုင်တဲ့သူတွေဟာလည်း မိမိကိုယ်ကို ယုံကြည်မှုရှိပါတယ်။ အလုပ်ဆိုတဲ့ နေရာမှာ ကိုယ်ယူထားတဲ့ ရာထူးနဲ့ သက်ဆိုင်တဲ့ အလုပ်တာဝန်တွေကို ပိုင်နိုင်စွာ လုပ်နိုင်တာကို ပြောတာပါ။ ဒါက ကိုယ်ဘယ်လောက် ကျွမ်းကျင်မှုရှိသလဲ ဆိုတာနဲ့ ဆိုင်သလို ကိုယ်ဘယ်လောက် မပြတ်လေ့လာဆည်းပူးနေလဲ ဆိုတာနဲ့လည်း ဆိုင်ပါတယ်။ ပျင်းနေ၊ အကြောင်းပြချက်တွေ ပေးနေရင်တော့ ရမှာမဟုတ်ပါဘူး။
၅။ Communication ကောင်းအောင်ကြိုးစားတာကိုယ်လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ဒုတ်ထိုးအိုးပေါက် ပြောတာမဟုတ်ဘဲ သူများနားဝင်အောင်၊ နားလည်အောင် ပြောပြတတ်တဲ့ အရည်အချင်းရှိအောင် ကြိုးစားပါ။ Communucation သည် skillတစ်ခုပါ။ ဆိုလိုတာက ကြိုးစားရင်ကြိုးစားသလောက် တိုးတက်လာနိုင်တဲ့ အရည်အချင်းတစ်ခုပါ။ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်းတောင် နားမလည်ဘူးဆိုရင် သူများက နားလည်ဖို့ အဝေးကြီးပါ။
၆။ စိတ်ခံစားမှုကို ထိန်းချုပ် ကိုင်တွယ်နိုင်အောင် ကြိုးစားပါ။လူဖြစ်တဲ့အတွက် စိတ်ခံစားမှုကတော့ ရှိမှာပါပဲ။ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေလည်း အများကြီးပဲရှိပါတယ်။ Emotional management သို့မဟုတ် Emotional Intelligence ကလည်း တိုးတက်အောင် ကြိုးစားလို့ရတဲ့ Skill တစ်ခုမို့ တိုးတက်နေအောင် ကြိုးစားစေချင်ပါတယ်။
၇။ သိမ်ငယ်စိတ်ဖြစ်စေတဲ့ ပတ်ဝန်းကျင်မှာ မနေပါနဲ့။ကိုယ်ဘယ်လောက် ကြိုးစားနေနေ ကိုယ့်ကို ဆွဲချမယ့် ပတ်ဝန်းကျင်မှာ ရောက်နေတာလား? တွန်းတင်မယ့် ပတ်ဝန်းကျင်လား? တူတူတက်မယ့် ပတ်ဝန်းကျင်လား ဆိုတာ အမြဲ သတိထားပါ။ အနုတ်စကားတွေ၊ သူများမကောင်းကြောင်းတွေ၊ တစ်ယောက်နဲ့ တစ်ယောက် မနာလိုဝန်တိုမှုတွေရှိနေတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေတယ်ဆိုရင် ရအောင်ရုန်းထွက်ပါ။ ချက်ချင်း မရုန်းထွက်နိုင်သေးရင်တောင် ကိုယ့်စိတ်ကို အကောင်းဘက် ပြောင်းလဲစေမယ့် စာတွေဖတ်တာ၊ လေ့လာတာတွေ လုပ်သင့်ပါတယ်။
၈။ ပရဟိတ၊ လူမှုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ပါ။ မှန်ကန်တဲ့၊ ထိရောက်တဲ့၊ ကိုယ်ကျိုးကင်းတဲ့ ပရဟိတ လုပ်ငန်းလေးတွေမှာ ပါဝင်ခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုလာနိုင်တာနဲ့ အမျှ ပိုပြီး ပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။အချုပ်ဆိုရရင် သိမ်ငယ်စိတ်၊ အငုံ့စိတ်၊ lost of self-expression ဆိုတာက အနည်းနဲ့အများ လူတိုင်းမှာ ရှိကြတာပါပဲ။ ဘဝမှာ ပိုအောင်မြင်၊ ပိုပျော်ရွှင်ပြီး တန်ဖိုးရှိတဲ့ဘဝကို ရချင်ရင်တော့ သိမ်ငယ်နေရုံနဲ့ မပြီးပါဘူး။ ဘာကြောင့်ပဲ သိမ်ငယ်စိတ် မြစ်ဖျားခံလာသည်ဖြစ်စေ အရေးမကြီးပါဘူး။ ဒီနေ့မှာ ကိုယ်ဘာလုပ်မလဲ? ဘဝမှာ ဘာဖြစ်ချင်တာလဲ? မသေခင် ကိုယ်ဘာတွေ လုပ်သွားချင်လဲ? ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို အမြဲတမ်းဆင်ခြင်သုံးသပ်ပြီး တိုးတက်အောင် ကြိုးစားနေမှသာ အဓိပ္ပာယ်ရှိတဲ့ဘဝမျိုးကို ဖန်တီးတည်ဆောက်နိုင်မှာပါ။