လူတစ်ယောက်၊ မိသားစုတစ်စု Minimalist ဖြစ်မဖြစ်ကို သူတို့အိမ် တစ်ခါလောက် သွားလည်ဖူးရုံနဲ့တင် သိနိုင်တယ်။ ပစ္စည်းတိုလီမိုလီလေးတွေကအစ ဘယ်လောက်ထိ သိမ်းထားတတ်သလဲပေါ့။ ဗူးတွေ၊ ခွက်တွေ၊ ခြင်းတွေ စသဖြင့် ရှိရှိသမျှ အကုန် သိမ်းထားတဲ့ အိမ်တွေလည်း ရှိတယ်။ လွှင့်ပစ်သင့်တာလည်း မပစ်၊ သူများလည်း မပေး၊ ကိုယ်လည်း ပြန်မသုံးဖြစ်နဲ့ ပစ္စည်းတွေက တပုံပုံ ဖြစ်နေတတ်တာ။
နောက်ဆုံး၊ အခု ကိုဗစ်တွေ ဖြစ်လို့ Mask တပ်တာတောင် သုံးပြီးရင် လွှင့်မပစ်ဘဲ နံရံမှာ ချိတ်ချိတ်ထားတတ်တဲ့သူက ရှိသေးတယ်။ မဝယ်နိုင်လို့ ချွေတာနေရတာလည်း မဟုတ်ဘူး။ ငါ ခဏလေးပဲ တပ်ထားတာ၊ ပြန်သုံးလို့ရတယ် ဆိုပြီး နှမြောနေတာပေါ့။
အိမ်ကျဉ်းတာ၊ ကျယ်တာ၊ လာဘ်လာဘ များတာ၊ မများတာနဲ့ ဒီလောက်ကြီး မဆိုင်လှဘူး။ တချို့အိမ်တွေဆိုလည်း ကျဉ်းပေမဲ့ ရှင်းရှင်းလင်းလင်းလေး နေတတ်ထိုင်တတ်တယ်။ တချို့ကျလည်း အိမ်ကသာ ကျယ်တာ။ ပစ္စည်းတွေက ပျောက်နေရင်တောင် ပျောက်နေမှန်း မသိလောက်အောင် ပွထလို့။
သိပ်မပြည့်စုံတဲ့ အိမ်တွေထဲလည်း ရောက်ဖူးတာပဲ။ သူတို့ဆို ပစ္စည်းဥစ္စာလည်း မပေါ၊ ဟိုက ဒီက လက်ဆောင်လာပေးတာတွေလည်း မရှိပေမဲ့ သူတို့အတိုင်းအတာနဲ့ သူတို့တော့ ဟိုဟာလေး သိမ်း၊ ဒီဟာလေး သိမ်းနဲ့ သိမ်းထားကြတာတွေ အများကြီး မြင်ဖူးတယ်။ ဒါကြောင့် အဓိကက ကိုယ့်စိတ်နဲ့ပဲ ဆိုင်တယ် ပြောရမယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ နေတတ်ဖို့ထက် ‘အသေ’တတ်ဖို့ ပိုအရေးကြီးတယ် ဆိုတဲ့ စကားရှိတယ်။ ရှင်သန်စဉ် ကာလတစ်လျှောက် မဟုတ်တာတွေ လုပ်သွားလည်း ရတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ စာမေးပွဲ ဖြေသလိုပဲ။ အောင်အောင်မြင်မြင် ဖြေနိုင်ဖို့ တစ်နှစ်လုံးလည်း စာလေ့လာရတယ်။ ဖြေတဲ့နေ့မှာလည်း သေချာဖြေနိုင်ဖို့ လိုတယ်။
စာသေချာမလုပ်ထားဘဲ စာမေးပွဲနေ့ကျမှ ဖြေနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလို၊ စာတွေတော့ လေ့လာထားပြီး ဖြေတဲ့နေ့မှာ ကောင်းကောင်းမဖြေနိုင်ရင်လည်း အမှတ်အများကြီး မရတော့ဘူးပေါ့။ ဒါကြောင့် ‘အသေ’တတ်ဖို့ လိုတယ်လို့ ပြောကြတာ။
ပြီးခဲ့တဲ့ ရက်တွေမှာ တော်တော်များများ နေထိုင်မကောင်း ဖြစ်လိုက်ကြတယ်။ ပြန်စဉ်းစားကြည့်။ အဲ့လို ဝေဒနာ ခံစားနေရတဲ့အချိန် ကိုယ်တရားမှတ်နိုင်လားလို့။ အလေ့အကျင့် မရှိတဲ့သူက မမှတ်နိုင်ဘူး။ နည်းနည်းလောက် လေ့ကျင့်ထားသူတောင် တကယ်တမ်းကျ မလွယ်ဘူး။ ဒီဝေဒနာကြောင့် ဖြစ်တဲ့ ဒေါသတွေပဲ ကိုယ့်စိတ်ထဲ များနေတာ။ ဒါတောင် သေလောက်တဲ့ အခြေအနေမျိုး မဟုတ်သေးဘူး။ တကယ်သာ သေအံ့ဆဲဆဲ အနေအထားထိ ဝေဒနာ ခံစားနေရရင် ပိုတောင် ဆိုးလိမ့်ဦးမယ်။
လောကီပညာရပ်တွေ သင်ယူတဲ့အခါ ဘာသင်သင် အခြေခံက စရသလိုပဲ၊ ဘာသာရေးမှာလည်း ဒီလိုပဲ အခြေခံကနေ စရတယ်။ အဆင့်ကျော်ချင်လို့ မရဘူး။ ဒါနဆိုတဲ့ စွန့်လွှတ်ခြင်း၊ သီလဆိုတဲ့ စောင့်ထိန်းခြင်းတွေ မရှိဘဲ ဘာဝနာ ပွားလို့ မလွယ်ဘူး။ ဒါကြောင့် ဘာဝေဒနာမှ ခံစားမနေရဘဲ စိတ်ကြည်ကြည်လင်လင်နဲ့ အကောင်းအတိုင်း ရှိနေတဲ့ အချိန်မှာတောင် ဒီလိုသေးသေးလေးတွေကို မစွန့်လွှတ်နိုင်သေးဘဲ သေခါနီးကျမှ အော်တိုမက်တစ် စိတ်အစွဲတွေ လျှော့နိုင်သွားလိမ့်မယ်လည်း မထင်နဲ့ပေါ့။
တကယ်တော့ တရားအားထုတ်တယ်၊ တရားနာတယ်၊ တရားထိုင်တယ် ဆိုတာ အဲ့လို အိုလာ၊ နာလာမဲ့ အချိန်တွေ၊ သေရမဲ့ အချိန်တွေ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးပျက်စီးရမဲ့ အချိန်တွေ၊ ချစ်သူခင်သူတွေနဲ့ ခွဲခွာရမဲ့ အချိန်တွေအတွက် စိတ်ကို ကြိုတင်လေ့ကျင့်ထားခြင်းပဲ ဖြစ်တယ်။ မလေ့ကျင့်ထားရင် တကယ်ဖြစ်လာတဲ့အခါ ခံနိုင်ရည် မရှိဘူး။
ဒါကြောင့် အိမ်မှာ မလိုအပ်တဲ့ ပစ္စည်းတွေ သိမ်းမထားတော့ဘဲ ရှင်းပစ်ခြင်းသည် ‘အသေ’တတ်ဖို့အတွက် စပြင်ဆင်တဲ့ ပထမခြေလှမ်းလို့တောင် ပြောလို့ရတယ်။
အမလေး သေတဲ့ကိစ္စတွေ မပြောပါနဲ့ဦး၊ နိမိတ်မရှိ နမာမရှိ ဆိုလည်း ရတယ်။ လက်ရှိ နေထိုင်ရှင်သန်မှုမှာလည်း စိတ်အေးချမ်းစွာနဲ့ နေနိုင်ဖို့ဆိုရင် Minimalism က အရေးကြီးတယ်။
တကယ်တော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ အများစုက စွဲလမ်းခြင်းကနေ လာတာ။ ရယ်စရာလေး ညှပ်ပြောရရင် လူရွှင်တော်တွေ ပြက်ကြတဲ့ ပြက်လုံးတစ်ခု ရှိတယ်။ “ရန်ကုန်မှာ ကား ၅ စီး၊ မန္တလေးမှာ တိုက် ၅ လုံး၊ တစ်ခုမှ လှည့်မကြည့်ဘူး။ ဘာဖြစ်လို့လဲ။ ငါ့ဟာမှ မဟုတ်တာ” ဆိုသလိုပဲ။ ကိုယ်မပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေနဲ့ ပတ်သက်လို့ ဘယ်သူကများ စိုးရိမ်ပူပန်လို့လဲ။ မချစ်တော့တဲ့သူကို သဝန်တိုကြလို့လား။ ကိုယ်မကြိုက်တဲ့ ဘောလုံးအသင်း ရှုံးရှုံးနိုင်နိုင် ဘယ်သူ စိတ်ဝင်စားလို့လဲ။
ပုထုဇဉ် လူသားတွေပဲမို့ စွဲလမ်းခြင်းတွေကို အပြီးအပိုင် စွန့်ပယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် ကိုယ့်ရဲ့ စွဲလမ်းမှုအနည်းအများနဲ့ စိတ်ဖိစီးမှု အတိုင်းအတာ (Stress level) နဲ့က တိုက်ရိုက်အချိုးကျနေတယ် ဆိုတာတော့ သတိထားမိဖို့ လိုမယ်။
အဲ့လို ပစ္စည်းဥစ္စာတွေအပေါ် အစွဲအလမ်း ကြီးတဲ့သူတွေဟာ လူတွေ၊ တိရစ္ဆာန်တွေအပေါ်လည်း တွယ်တာတာ များတယ်။ သားသမီးဆို မျက်စိအောက်က အပျောက်မခံနိုင်တာတို့၊ ကြောင်ကလေး၊ ခွေးကလေး သေသွားရင် ကိုယ်ပါ အိပ်ရာထဲ လဲသွားတာတို့ စသဖြင့် ရှိကြတယ်။ စွဲလမ်းတာမှာ တစ်ခုတည်း ကွက်စွဲလမ်းတယ် ဆိုတာမျိုး မရှိဘူး။ စိတ်ရဲ့ ပြဿနာမို့ ဒီစိတ်က စွဲလမ်းတတ်လေလေ၊ များများစွဲလမ်းမိလေလေပဲ။
ဒီတော့ ကိုယ့်အိမ်ကို တစ်ချက်လေး ပတ်ချာလည် လိုက်ကြည့်လိုက်။ ပြီးရင် သူများပေးလို့ရတာ ပေးပြီး စိတ်အစွဲလေးတွေ လျှော့ချကြည့်။
ကိုယ့်ဘီဒိုလေး ဖွင့်ကြည့်။ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း တစ်ကြိမ်မှ မဝတ်ဖြစ်ခဲ့တဲ့ အဝတ်အစားတွေမှ အများကြီး ဖြစ်နေလိမ့်မယ်။ ဘာလို့ သိမ်းထားလဲဆို အဆင်လေးက လှတယ်၊ အရောင်လေးက ဘယ်လို၊ ငါ တစ်ချိန်ချိန် ဝတ်ဖြစ်မှာ ဆိုတဲ့ အစွဲလေးနဲ့ပေါ့။
ကိုယ့်ဖုန်းလေး ကိုယ်ပြန်ကြည့်ကြည့်။ မသုံးဘဲ သွင်းထားတဲ့ App တွေ ဘယ်လောက်များနေလဲ။ သူများ Telegram ဆို လိုက် Telegram ။ တကယ် ကိုယ့်အတွက် အသုံးတည့်လားဆိုတော့ မတည့်ဘူး။ သူများက အင်္ဂလိပ်စာ Listening အတွက် ဒီ App လေး ကောင်းတယ်ဆို လိုက်ပြီး Down ။ ပြီးတော့ တစ်နှစ်နေလို့ တစ်ခါ နားမထောင်ဘူး။ အဲဒါမျိုးတွေကို ရှင်းထုတ်ကြည့်။
တကယ်တော့ ဘယ်လောက် အတိုင်းအတာကျမှ Minimalist ဖြစ်တယ် ဆိုတာမျိုး သတ်မှတ်လို့ မရဘူး။ ကိုယ့်အလုပ်အကိုင်ပေါ်လည်း မူတည်သေးတာကိုး။ ဥပမာ မင်းသား၊ မင်းသမီးနဲ့ သာမန်လူနဲ့တော့ အဝတ်အစား အနည်းအများ မတူနိုင်ဘူးပေါ့။ အလုပ်လုပ်ရင်တောင် တစ်ဦးတည်း Freelancer လုပ်တာထက်စာရင် ကော်ပိုရိတ်ကုမ္ပဏီတွေမှာ လုပ်နေသူက ပိုပြီး ကျကျနန ဝတ်စားဖို့ လိုမှာပေါ့။
အဓိကက Less is more ဆိုသလို၊ ပစ္စည်းနည်းခြင်း၊ များခြင်းထက် ကိုယ့်အနေနဲ့ ဒီပစ္စည်းတွေအပေါ် တွယ်တာတပ်မက်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစားပြီး ဘဝကို ပြည့်ပြည့်၀၀ နေထိုင်တတ်ဖို့ပဲ။
ဒါဖြင့် ပြည့်ပြည့်၀၀ နေထိုင်တယ် ဆိုတာ ဘာလဲ။ နမူနာလေးတစ်ခု ပြောရရင် ကိုယ့်ကို တကယ်လည်း မခင်၊ နောက်ကွယ်မှာလည်း မကောင်းပြော၊ စေတနာရှိလို့လည်း မဟုတ်ဘဲ သူ ဘယ်လောက်ချမ်းသာကြောင်း ကြွားရအောင် မွေးနေ့ပွဲ ဖိတ်ထားတဲ့ မိတ်ဆွေတစ်ယောက်ဆီ သွားဖို့အတွက် ကိုယ့်မိဘကို ညစာလိုက်ကျွေးမဲ့ အစီအစဉ် ဖျက်လိုက်သလိုမျိုးပဲ။
ဆွဲဆောင်နေတာတွေက သိပ်များလွန်းတော့ အဲဒါတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း ကိုယ် ဘာဝါသနာပါလဲ၊ ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲ၊ ကိုယ့်ဘဝမှာ ဘာအရေးကြီးတာလဲ ဆိုတာတွေ စဉ်းတောင်မစဉ်းစားနိုင်တော့ဘဲ အဲဒီ ပစ္စည်းဥစ္စာတွေ ရယူပိုင်ဆိုင်နိုင်အောင်ပဲ ကြိုးစားမိနေတော့တယ်။ ပိုင်ဆိုင်လိုက်တဲ့ခဏ ပျော်သွားတယ် ထင်ရတယ်။ တကယ်က အဲဒါ ပျော်ရွှင်မှု (Happiness) မဟုတ်ဘူး။ စိတ်လှုပ်ရှားမှု (Excitement)။ ခဏပဲ ခံတာ။ တကယ့်ပျော်ရွှင်မှုက ဘယ်ကနေ လာတာလဲဆိုတော့ ခုနက ပြောတဲ့ ပြည့်ပြည့်၀၀ နေထိုင်ခြင်းကနေ လာတာ။
အင်္ဂလိပ်လို ပြောတော့ Minimalism ၊ တရားစကားနဲ့ ပြောတော့ တဏှာဆိုတဲ့ စွဲလမ်းမှုကို လျှော့ချကြည့်ပါ။ Minimalism ရဲ့ ပန်းတိုင်က လက်ရှိဘဝကို ပြည့်ပြည့်၀၀ နေထိုင်နိုင်ရေး ဖြစ်ပြီး ဗုဒ္ဓဘာသာမှာတော့ တဏှာကို ပယ်သတ်ခြင်းဟာ နိဗ္ဗာန်ဆိုတဲ့ နောက်ဆုံးပန်းတိုင်ထိတောင် ရောက်နိုင်တဲ့လမ်းပဲ။
ဒါကြောင့် အသေတတ်ဖို့ပဲ ဖြစ်ဖြစ်၊ လက်ရှိဘဝမှာ စိတ်အေးချမ်းဖို့ပဲ ဖြစ်ဖြစ် သေးသေးလေးတွေကနေ စကြည့်ပါ။ ဝလုံးလေးတောင် ဝိုင်းအောင် မရေးတတ်သေးဘဲ ကျန်တာတွေ ဆက်သင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးမို့လား။
ဒေါက်တာ ဖြိုးသီဟ