တခါတရံမှာ တစ်လသာကုန်သွား၊ တစ်နှစ်သာကုန်သွားရော ဘာမှ အကျိုးမရှိလိုက်ဘူးလို့ ခံစားရဖူးပါလိမ့်မယ်။ ဖြစ်ချင်တာတွေတော့ရှိတယ်။ Goals တွေလည်း ချထားတယ်။ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ မလုပ်ဖြစ်ဘူး။ တဝက်တပျက်ပဲ လုပ်မိတယ်။ ရလဒ်မရဘူး။ မလိုချင်တဲ့ ရလဒ်တွေဖြစ်လာတယ်စသဖြင့် ကြုံဖူးကြပါလိမ့်မယ်။ အကျိုးမရှိဘဲ အချိန်ကုန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ရင် အောက်က အချက် ကိုးချက်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်စေချင်ပါတယ်။
၁။ Priority မရှိတာ။အများဆုံး ဖြစ်တတ်တာကတော့ ဦးစားပေး ပန်းတိုင်တွေ မချမှတ်ထားတာပါ။ ဘယ်ဟာက ပထမဦးစားပေး၊ ဘယ်ဟာက ဒုတိယ၊ တတိယ၊ ဘယ်ဟာကတော့ဖြင့် မလုပ်လဲ ရသေးတယ်၊ ဘယ်ဟာကတော့ဖြင့် ကိုယ်နဲ့ လုံးလုံးမဆိုင်ဘူး ဆိုတာကို သေချာမစဉ်းစား မဆုံးဖြတ်ထားရင် ကြုံလာတာတွေကို အကုန်လုပ်တာ၊ သတိရတာလုပ်ပြီး သတိမရတာ ကျန်ခဲ့တာ၊ အရေးပေါ်ကိစ္စတွေကိုချည်း လုပ်မိနေတာမျိုး ဖြစ်တတ်ပါတယ်။ဦးစားပေးဆိုတဲ့နေရာမှာလည်း အလုပ်တစ်ခုထဲ ထားလို့မရပါဘူး။ ကိုယ့်မိသားစု၊ ပညာရေး၊ ငွေကြေး၊ ကျန်းမာရေး စသဖြင့် ကိုယ့်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းအားလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
၂။ Schedule သေသေချာချာမရှိတာ။လုပ်စရာတွေ၊ ပြီးရမှာတွေကို schedule ထဲ မထည့်တာပါ။ တချို့က ဦးနှောက်ကို အရမ်းယုံကြည်လွန်းပါတယ်။ ငါတော့ မမေ့တတ်ဘူး၊ သတိရမှာပဲ လို့ထင်ပေမဲ့ လူဆိုတာ မေ့တတ်တဲ့အမျိုးမို့ ကိုယ်နဲ့ အဆင်ပြေတဲ့ Planner, calendar, schedule ထဲ ထည့်ထားရုံပါပဲ။ တချို့ကျ တစ်ခါကို စာအုပ်မှာရေးလိုက်၊ နောက်တစ်ခါကျ ဖုန်းက notes မှာမှတ်လိုက် လုပ်တတ်ကြပါတယ်။ ကိုယ်နဲ့ ကိုက်တဲ့ ပုံစံကို သတ်သတ်မှတ်မှတ် ထားရမှာဖြစ်ပါတယ်။
၃။ Schedule အတိုင်းမလုပ်တာ။မနက်စောစောထဖို့ alarm တော့ ပေးထားပါရဲ့၊ မြည်တာနဲ့ ပိတ်ပြီး ပြန်အိပ်တာ၊ အလုပ်တွေအတွက် Schedule တော့ရှိပါရဲ့၊ လုပ်ရမဲ့အချိန်မှာ ချက်ချင်းမလုပ်လိုက်ဘဲ အချိန်ဆွဲတာ၊ ပျင်းနေတာ၊ ကလေးနဲ့ဆော့ဖို့ လုပ်ထားတဲ့အချိန်မှာ တခြားကိုယ်လုပ်ချင်တာတစ်ခုကို တစ်ခုပြောင်းလိုက်တာတွေက မကောင်းတဲ့အလေ့အထတွေ ဖြစ်ပါတယ်။ အပြုအမူတစ်ခုကို ထပ်ခါထပ်ခါလုပ်ရင် အလေ့အထဖြစ်လာတာမို့ alarm မြည်တာနဲ့ ချက်ချင်းထတာ၊ reminder ပေါ်လာတာနဲ့ ချက်ချင်းထလုပ်တာ စတဲ့ ကောင်းတဲ့အလေ့အထတွေတွေကိုလည်း သတိထားပြီး အလေ့အကျင့်လုပ်စေချင်ပါတယ်။
၄။ သူများရဲ့ agenda နဲ့ နေနေတာ။ ကိုယ်တိုင်က လုပ်စရာတွေကို သတ်သတ်မှတ်မှတ် မစီစဉ်ထားလို့ဖြစ်စေ၊ သတ်မှတ်စီစဉ်ထားပေမဲ့ အားနာတတ်လို့ဖြစ်စေ သူများက လာပြောတိုင်း လုပ်ပေးနေတာ၊ လူတိုင်းကို အချိန်ပေးနေတာ၊ သူများရဲ့ schedule, agenda နဲ့ ကိုက်အောင် ကိုယ့်အလုပ်ကို လိုက်ရွှေ့ပေးနေတာတွေက အလုပ်မပြီးဖို့ အကြောင်းတွေပါပဲ။ ကိုယ့်မိသားစု၊ အချစ်ဆုံးသူငယ်ချင်း၊ ချစ်သူ စသဖြင့် ဘဝအတွက် ရေရှည်အရေးပါတဲ့သူတွေကို အချိန်ပေးတာက ပြဿနာမဟုတ်ပေမဲ့ လူတိုင်းကို လိုက်ညှိပေးနေတယ်ဆိုရင် ကိုယ့်အလုပ်တွေပြီးပြီလားလို့ အရင်ပြန်ကြည့်စေချင်ပါတယ်။ ဒီလိုပြောလို့ မလုပ်ပေးဘူး၊ မရဘူး၊ မလုပ်နိုင်ဘူး စသဖြင့် မိတ်ပျက်လောက်အောင် ပြန်ပြောဖို့ မဟုတ်ပါဘူး။ ဘာစကားပြောလဲဆိုတာထက် ဘယ်လိုပြောလဲဆိုတာက အရေးကြီးတာမို့ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ငြင်းတတ်အောင်၊ အချိန်အများကြီးပေးတာမဟုတ်ဘဲ တခြားနည်းနဲ့ ကူညီပေးလို့ရအောင် ဖေါက်ထွက်စဉ်းစားစေချင်ပါတယ်။
၅။ စိတ်ပူပန်သောကရောက်နေတာ။တခါတလေ ကြိုးစားလုပ်နေပေမဲ့ အာရုံစိုက်မရတာ၊ မပြီးတာတွေဖြစ်တတ်ပါတယ်။ အဲဒီအခါ ခဏလေးရပ်ပြီး အကြောင်းရင်းကို စဉ်းစားကြည့်စေချင်ပါတယ်။ အတိတ်ကို ပြန်တွေးပြီး နောင်တရ စိတ်သောကရောက်နေလား။ အနာဂတ်ကို တွေးလွန်းပြီး စိုးရိမ်ပူပန်နေလား။ ပူပန်သောကရောက်လွန်းရင် ပစ္စုပ္ပန်မှာ လုပ်ရမဲ့အရာတွေ မပြီးတာ၊ ရလဒ်မကောင်းတာ ဖြစ်တတ်ပါတယ်။
၆။ ခန္တာကိုယ်နဲ့ စိတ်ကို ဂရုမစိုက်တာ။ခန္တာကိုယ်လေ့ကျင့်ခန်း၊ စိတ်လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တဲ့သူက စိတ်ပျော်ရွှင်သလို အလုပ်မှာလည်း ပိုပြီး focus လုပ်နိုင်ပါတယ်။ ကျန်းမာအောင် နေတတ်ရမှာဖြစ်သလို စိတ်ပျော်ရွှင်အောင်လည်း နေတတ်ရမှာဖြစ်ပါတယ်။
၇။ ငါတစ်ယောက်တည်း ပင်ပန်းနေတယ်လို့ Significant ဖြစ်လွန်းတာ။တခါတလေကျ ကိုယ်လုပ်ရတဲ့အလုပ်က သူများနဲ့ ယှဉ်ရင် နည်းနည်းလေး၊ အဲဒါကို အကြီးကြီးတွေ တွေးပြီး ငါကတော့ ဒီလိုလုပ်လိုက်ပြီ၊ ဒါလုပ်ပြီးပြီ၊ အရမ်းပင်ပန်းနေပြီ စသဖြင့် ကိုယ့်ကိုယ်ကိုယ် ပိုတွက်တာ၊ ငါမလုပ်နိုင်ပါဘူးလို့ လျှော့တွက်တာ၊ ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းသနားတာတွေက အလုပ်မဖြစ်ကြောင်းတရားတွေပါပဲ။လောကကြီးမှာ လူတိုင်းက ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပါပဲ။ အဲဒါကို လုပ်ရလေခြင်း၊ ငါ့ကျမှ တာဝန်ယူရလေခြင်းဆိုပြီး ဒရာမာတွေခင်းမနေပဲ လုပ်စရာရှိတာလုပ်ဖို့လိုပါတယ်။
၈။ ပြန်မသုံးသပ်တာ။အလုပ်တွေလုပ်နေပေမဲ့ လိုချင်တဲ့ ရလဒ်မရသေးဘူးဆိုရင် ပြန်မသုံးသပ်လို့ပါ။ ဖြစ်နိုင်ရင် နေ့တိုင်းတောင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်စေချင်ပါတယ်။ တစ်လအတွင်း ဘာတွေ လုပ်ခဲ့ပြီလဲ၊ တစ်နှစ်အတွင်း၊ တစ်ပတ်အတွင်း စသဖြင့် အမြဲ သုံးသပ်ပြီး လိုသလို ပြုပြင်နေဖို့ လိုပါတယ်။ ရေစီးကြောင်းအတိုင်း မျှောလိုက်နေတာမျိုး၊ လေယူရာယိမ်းနွဲ့နေတာမျိုး မဟုတ်ဘဲ ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာလေးတွေကို သိပြီး တိုးတက်အောင် ကြိုးစားနေဖို့ လိုပါတယ်။
၉။ Delegate မလုပ်တာ။ဒါကတော့ ပြီးပြည့်စုံချင်တဲ့သူတွေရဲ့ အလေ့အထပါ။ ဘာမဆို ကိုယ်လုပ်မှ ကောင်းမယ်ထင်နေတာမို့ ဟိုနေရာလည်းပါ၊ ဒီနေရာလည်းပါ၊ ဟိုကိစ္စလည်း လက်မလွှတ်နိုင်နဲ့ ချုပ်လိုက်တော့ မည်မည်ရရ အလုပ်မပြီးတာပါ။ လူတွေက ဘယ်နေရာမှာတော်တယ်၊ ဘယ်သူ့ကိုတော့ သင်ပေးလိုက်ရင် မကြာခင် ကိုယ့်အလုပ်တွေကို နည်းနည်းလွှဲပေးလို့ ရနိုင်တယ်။ ဘယ်သူကတော့ဖြင့် လုံးလုံးပြင်မရဘူးဆိုတာကို ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး control လုပ်သင့်တဲ့သူကိုလုပ်၊ လွှတ်သင့်တဲ့သူကို လွှတ်ပေးပြီး မကြာမကြာ စစ်သင့်တဲ့သူကို စစ်တဲ့ အရည်အချင်းရှိရင် အလုပ်တွေအများကြီးပြီးသလို ရေရှည်မှာလည်း ကိုယ်သက်သာပါလိမ့်မယ်။
အပေါ်က အချက် ၉ ချက်ထဲက တစ်ခုခုနဲ့များ ကိုယ်နဲ့ ကိုက်ညီနေတယ်ဆိုရင် အမူအကျင့်၊ အလေ့အထလေးတွေကို ပြောင်းလဲဖို့ လိုနေပါပြီ။
Planner သုံးပါ။
Schedule သေချာလုပ်ပါ။ Alarm မျိုးစုံပေးပါ။ အလုပ်မှ၊ စီးပွားရေးမှ မဟုတ်ပါဘူး။ မိသားစုအရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်အားလုံးကို schedule ထဲ ထည့်ထားရမှာဖြစ်ပါတယ်။
တစ်လကုန်တိုင်းမှာ ပြန်သုံးသပ်ပါ။ ပြန်စိစစ်ပါ။
လိုအပ်ရင် အကူအညီတောင်းပါ။
တခြားလူတွေ ဘယ်လိုအလုပ်လုပ်နေလဲ၊ အချိန်ကို ဘယ်လို စီမံခန့်ခွဲနေလဲဆိုတာကို လေ့လာသင်ယူပါ။
ဘဝက တိုတိုလေးပါ။ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေ အများကြီးကို အချိန်တိုတိုနဲ့ အကျိုးရှိရှိပြီးဖို့ဆိုရင် ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့လိုပါတယ်။