fbpx

အချိန်ဆွဲတတ်တဲ့သူတွေ ဖတ်ဖို့

စာသင်ခန်းထဲမှာ အမြဲပြောကြပါတယ်။ ကျွန်တော်၊ ကျွန်မက ဘာဖြစ်ချင်တယ်ဆိုတာကိုလည်း သိတယ်။ ဘာလုပ်ရမယ်ဆိုတာကိုလည်းသိတယ်။ ဒါပေမယ့်လည်း မလုပ်ဖြစ်ဘူး၊ ဘယ်လို စတင်ရင်ကောင်းမလဲ ဆိုတာမျိုး မေးကြလေ့ရှိပါတယ်။

“Actions ရှိမှ Results ရမယ်”
လုပ်ဆောင်ချက်ရှိမှ ရလဒ်ရှိမယ်ဆိုတာမျိုးကို သီအိုရီအားဖြင့် လူတိုင်းသိကြပါတယ်။ Action တွေယူဖို့၊ အလုပ်လုပ်ဖို့ သူများကို ပြန်သင်ပေး၊ Coach လုပ်ပေးနေတဲ့ ကျွန်မတောင် တခါတလေ ပျင်းတတ်ပါတယ်။ လုပ်လိုက်ရင် ရလဒ်ရမယ်ဆိုတာ သိနေပေမယ့် အချိန်ဆွဲတာ၊ ဆင်ခြေတွေ အမျိုးမျိုးပေးပြီး ထ မလုပ်တာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို ပေးလေ့ရှိတဲ့ အကောင်းဆုံးဆင်ခြေတစ်ခုက… ငါလုပ်လိုက်ရင် ခဏလေးနဲ့ ပြီးမှာပါလေ.. ငါက အလုပ်လုပ်တာ မြန်ပါတယ်… Last-minute ကျမှ ဦးနှောက်က ပိုထွက်တာ… pressure လေးနဲ့မှ ပိုအလုပ်လုပ်တတ်တာ စသဖြင့် မဆုံးနိုင်တဲ့ ဆင်ခြေတွေ ပေးပြီး အချိန်ဆွဲတတ်ပါတယ်

Procrastination ဆိုတဲ့ အချိန်ဆွဲတဲ့အကျင့်က ပြောရင်သာ ကြားမကောင်းတာ၊ တော်တော်လေး အရသာရှိပါတယ်။ တွေးရုံ၊ ကိုယ့်ကိုယ်ကို Justification လို့ခေါ်တဲ့… ချက်ချင်း ထပြီး မလုပ်သင့်ကြောင်း အကျိုးသင့် အကြောင်းသင့်ရှင်းလင်းချက်တွေ၊ ယုတ္တိရှိအောင် စဉ်းစားနေရတာနဲ့တင် အလုပ်ထ လုပ်စရာ မလိုဘူး မဟုတ်လား?

အဲဒီအကျင့်လေးက အကြာကြီးနေမှ တစ်ခါဆိုရင် ပြဿနာမရှိပေမယ့် အမြဲလိုလို ကိစ္စရပ်တိုင်းဖြစ်နေရင် ပြဿနာ အကြီးကြီးရှိပါတယ်။
အမေတစ်ယောက် အိပ်ရာထ အချိန်ဆွဲရင် ကလေးကျောင်းနောက်ကျနိုင်ပါတယ်။ အလုပ်မှာ အချိန်ဆွဲလို့ အလုပ်မပြီးရင် Professional Image ထိခိုက်နိုင်ပါတယ်။ ဆုံးဖြတ်ချက်တွေချရာမှာ လိုတာထက်ပိုပြီး အချိန်ဆွဲရင် လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်ပါတယ်။

ဘယ်လိုပြုပြင်မလဲ?
“ချက်ချင်းထပြီး တစ်ခုခုလုပ်ပါ” လို့ ကျွန်မပြောလေ့ရှိပါတယ်။ ရပ်ထားတဲ့ ကားတစ်စီးကို စက်နှိုးရင် အရှိန်ယူရသလိုပဲ Action ချက်ချင်း ထ ယူနေကျမဟုတ်တဲ့လူက အရှိန်ယူရပါတယ်။

နည်းစနစ်တွေ အများကြီးရှိပြီး တော်တော်များများကို ကိုယ်တိုင်သုံးဖူူး၊ recommend လုပ်ဖူးပေမယ့် ကျွန်မအရမ်းသဘောကျပြီး အမြဲလိုလို ရလဒ်ရစေတဲ့ နည်းက American Author and Motivational Speaker တစ်ယောက်ဖြစ်တဲ့ Mel Robbins ရေးခဲ့တဲ့ The FIVE Second Rule ဆိုတဲ့ concept ပါ။ စာအုပ်အနေနဲ့လည်းထုတ်ခဲ့ပါတယ်။

အဲဒီမှာ အလွယ်တကူ တိုတိုပြောရရင် သူ့ရဲ့ အယူအဆက တစ်ခုခုကို လုပ်ချင်တဲ့စိတ်ရှိလာရင် ဦးနှောက်က ဆင်ခြင်တုံတရားတွေနဲ့ အနှောက်အယှက်မပေးခင် မြန်မြန် ထ လုပ်လိုက်ပါ လို့ဆိုပါတယ်။

အဲလိုပြောတော့ လုပ်ချင်သမျှတွေအားလုံး မစဉ်းစားဘဲ ထ လုပ်ရမယ်ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ပါဘူးတဲ့။ အချက် ၅ ချက်နဲ့ ကိုက်ညီရပါမယ်တဲ့။

၁။ အသိစိတ်ကနေ အလိုလို ကိုယ်ဘာလုပ်သင့်တယ်၊ လုပ်ရမယ်လို့ သိပြီး လုပ်ချင်တာ။ သူများကိုကြောက်လို့၊ သူများခိုင်းလို့ မဟုတ်ပါဘူး။

၂။ ကိုယ့်ရဲ့ အနာဂတ်ပန်းတိုင် (Goal) နဲ့ ကိုက်ညီမှုရှိတာ။ ပန်းတိုင်နဲ့ကိုက်ညီမှုမရှိတာတွေကို လုပ်ရင်း အချိန်ကုန်မနေပါနဲ့တဲ့။

၃။ ကိုယ့်ကိုယ်ကို အားစိုက်ထုတ်ပြီး Push လုပ်ရပါမယ်။ တွန်းအားပေးရမယ်ပေါ့။ Result က လွယ်လွယ်နဲ့တော့ ရမှာမဟုတ်ပါဘူး။ သက်သောင့်သက်သာနဲ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။

၄။ အကြံရပြီး ၅ စက္ကန့်အတွင်း ထ လုပ်ပါ။ အကောင်းဆုံးနည်းလမ်းကတော့ အကြံပေါ်လာရင် ၅..၄..၃..၂..၁ လို့ စိတ်ထဲကဆိုပြီး ၁ ဆိုတာနဲ့ ထ လုပ်ပါတဲ့။

၅။ အချိန် ၅ စက္ကန့်ကျော်တာနဲ့ ဦးနှောက်က ထ မလုပ်သင့်သေးကြောင်း အကြောင်းရှာတွေ့ပါပြီ တဲ့။ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုက လူကို အန္တရာယ်တွေမကျရောက်အောင် ကာကွယ်ပေးတဲ့ တာဝန်ရှိပါတယ်။ အဲဒီတော့ ကိုယ့်ကို အန္တရာယ်ကင်းတဲ့ Safe Zone မှာပဲ နေစေချင်ပါတယ်။

Safe Zone မှာနေတဲ့အတွက် အန္တရာယ်တော့ ကင်းပေမယ့် ဘဝကိုပြည့်ပြည့်ဝဝ ရှင်သန်ဖို့နဲ့ လိုချင်တဲ့ ပိုကောင်းတဲ့ရလဒ်တွေရဖို့ကျတော့ မဖြစ်နိုင်ပါဘူး။

Mel Robbins ရေးတဲ့စာအုပ်လေး စိတ်ဝင်စားရင် ရှာဖတ်ကြည့်လို့ ရသလို… စာဖတ်ဖို့ မအားသေးသော သူများကလည်း သူပြောတဲ့ အချက် ၅ ချက်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အရာတွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက် စိတ်ကူးတွေကို အချိန်မဆွဲဘဲ ၅ စက္ကန့်အတွင်း ထ လုပ်ရင်း အချိန်ဆွဲတဲ့ အလေ့အထကို တဖြည်းဖြည်းနဲ့ အောင်နိုင်ပါစေလို့ မျှဝေပေးလိုက်ပါတယ်။

Brand_You

Htet_Yie

Ref: Melrobbins

HtetYie_The_Image_Coach_Myanmarတွင်ဖော်ပြပြီး။

Photo : Internet See Less

brandyou

brandyou

Leave a Replay