fbpx

အဖွဲ့အစည်းတွင် Personal Image/Personal Brand တည်ဆောက်ခြင်း

ဟိုတနေ့က အဖွဲ့အစည်းကြီးတစ်ခုရဲ့ ဦးဆောင်သူတစ်ယောက်နဲ့စကားပြောဖြစ်ပါတယ်။ရာထူးကြီးယူထားပေမယ့် တော်တော်လေးစိတ်သဘောထား ပြည့်ဝတဲ့ပုဂ္ဂိုလ်ပါ။
ဆွေးနွေးစရာရှိတာတွေ ပြောကြဆိုကြပြီး အဲဒီဆရာကတစ်ခုမေးပါတယ်။ သူ့ရဲ့ အမြင်ကိုပြောတာပေါ့လေ..

ဆရာမရဲ့ စာတွေဖတ်၊ video တွေ အမြဲကြည့်ပါတယ်တဲ့ (ဘုရား ဘုရား ကိုယ့်မတောက်တခေါက်စာတွေ သူလိုလူက ဖတ်နေပြီဆိုရင် အပြောအဆို အရေးအသားဆင်ခြင်မှ လို့တွေးမိလိုက်သေး)..

Personal Branding ဆိုတာ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေအတွက်ကတော့ ရှင်းတယ်။ ကိုယ်နဲ့ ကိုယ့်ကုန်ပစ္စည်းကို၊ သို့မဟုတ် ပရဟိတ လုပ်တဲ့ လူကလည်း ကိုယ်လုပ်နေတယ်ဆိုတာကို အမှန်အတိုင်း လူသိအောင် ပြောခိုင်းတာ.. နေထိုင်ခိုင်းတာ..ဒါမှလည်း ကိုယ့်အကြောင်း၊ ကိုယ့် brand ကို မှန်မှန်ကန်ကန်သိနေပြီး ကူညီစရာရှိကူညီ၊ အားပေးစရာရှိ အားပေးရအောင်ပေါ့လေ..

အဖွဲ့အစည်းတွေ၊ သို့မဟုတ် ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ၊ အငယ်တွေကျတော့ ဘယ်လိုနည်းနဲ့ Personal Branding ကိုလည်းလုပ်၊ အဖွဲ့အစည်းစိတ်ဓါတ်လည်း ရှိအောင်လုပ်လို့ ရမလဲပေါ့လေ။ သူပြောတာကို နားထောင်ရတာ တချို့ဝန်ထမ်းတွေက Personal ကိုပဲ ဦးစားပေးပြီး ငါပဲတော် ငါပဲတတ်ဖြစ်သွားမှာ၊ ဘေးက အပေါ်က အောက်ကလူတွေကို မကြည့်တော့မှာ စိုးရိမ်တယ်နဲ့တူပါတယ်။

ကျွန်မတို့ Corporate training တွေသွားပေးတဲ့အခါ ဒီအကြောင်းအရာကို အလေးအနက်ထား ပြောရပါတယ်။ အဖွဲ့အစည်းထဲ၊ လုပ်ငန်းထဲမှာ ကိုယ့်ရဲ့ Personal Brand ပုံရိပ်ကောင်းအောင်၊ နာမည်ကောင်းတက်အောင် လုပ်ဆောင်နေသလိုပဲ ကိုယ့်အဖွဲ့အစည်းရဲ့ ပုံရိပ်နဲ့ နာမည်ကောင်းကိုလည်း တချိန်ထဲမှာ ထည့်စဉ်းစားဖို့လိုပါတယ်။
ဘာလို့ဆို ကိုယ်က ဒီအဖွဲ့အစည်းထဲမှာ ရှိနေသရွေ့ အလုပ်လုပ်နေသရွေ့ ဒီအဖွဲ့အစည်းရဲ့ အရိပ်အောက်မှာ၊ Brand Umbrella အောက်မှာ ရှိနေတယ်ဆိုတာ မေ့နေလို့မရပါဘူး။

အလုပ်ချိန်မှာပဲ ကောင်းကောင်းနေမယ်၊ အလုပ်ချိန်ပြီးတာနဲ့ နေချင်သလိုနေမယ်လို့ လုပ်လို့မရပါဘူး။ ဒါဆိုရင် အဖွဲ့အစည်းရဲ့ ပုံရိပ်ကျတာတွေ လုပ်မိနိုင်သလို တချိန်ထဲမှာပဲ ကိုယ့်ပုံရိပ်လည်း အလိုလိုကျလာနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုတည်ဆောက်ရမှာလဲ?
အဖွဲ့အစည်းတစ်ခုက puzzle လိုပါပဲ။ တစ်ခုပေါက်နေရင်၊ တစ်ကွက်ချို့ယွင်းနေရင် အဲဒီ puzzle က အဖြေမထွက်သလိုပဲ အဖွဲ့အစည်းထဲက လူတစ်ယောက်ကြောင့် အဖွဲ့အစည်း နာမည်ကျနိုင်ပါတယ်။
ထိပ်ဆုံးက ခေါင်းဆောင်သူ အရေးကြီးသလို၊ အလယ်က၊ အောက်ဆုံးက အဆင့်ဆင့်က အရေးပါပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သိနေဖို့လိုအပ်ပါတယ်။
ကိုယ့်ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ သွားချင်တဲ့ Brand Values ကိုသိရင် ကိုယ့်ရဲ့ Brand Values နဲ့ ကိုက်အောင် ညှိယူလို့ရပါတယ်။

အဖွဲ့အစည်းနဲ့ လုပ်ဆောင်နေသူတွေအတွက်က
၁။ မိမိအဖွဲ့အစည်းရဲ့ Vision, Mission, Brand Values ကို သိအောင်လုပ်ပါ။
၂။ မိမိရဲ့ အားသာချက်၊ အားနည်းချက်ကို သိအောင်လုပ်ပါ။
၃။ အားသာချက်ကို focus လုပ်ပြီး အဖွဲ့အစည်းထဲက ကိုယ့်နေရာဟာ ဘာလဲ သိအောင်လုပ်ပြီး အဖွဲ့အစည်းထဲမှာ ကိုယ့်ရဲ့ Personal Brand ကို ဖြည်းဖြည်းချင်း တည်ဆောက်သွားပါ။
ဥပမာ – ဒီလူက မှတ်တမ်းရေးတာ အရမ်းတော်တယ်၊ ဒီလူက စေ့စပ်သေချာတယ်၊ ဒီလူက ပေါင်းသင်းဆက်ဆံရေးကောင်းလို့ ဒီနေရာမှာတော့ဖြင့် သူ့ကိုသုံးသင့်တယ် ဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။
၄။ ကိုယ့်ကို စေတနာရှိရှိနဲ့ သင်ပြပေးနိုင်မယ့်၊ ကိုယ့်အမှားကို ထောက်ပြပေးနိုင်မယ့် ဆရာ၊ mentor ရှာပါ။ Mentor ရှာတယ်ဆိုတာ ခေတ်စကားနဲ့ပြောသလို ဆရာမွေး၊ တပည့်မွေးတာ မဟုတ်ပါဘူး။ ဆရာကိုမှီပြီး တက်ဖို့လည်း မစဉ်းစားပါနဲ့။ Mentor ကို အားလုံးပုံအပ်ပြီး ကိုယ့်ဘာသာ မစဉ်းစားတော့တာမျိုးလည်း မလုပ်ပါနဲ့။ ကိုယ့်ကို တကယ်စေတနာရှိပြီး အမှားကို ထောက်ပြပေးနိုင်တဲ့လူကိုပြောတာပါ။ ကျွန်မရဲ့ mentor တွေဆို ခြောက်လတခါလောက်မှ စကားပြောရရင်တောင် မျက်ရည်ပေါက်ပေါက်ကျအောင်ပြောတာပါ 😁

သေချာတယ်၊ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့လူမျိုးကတော့ အစထဲက Vision နဲ့ အိပ်မက်မရှိသူမို့ Personal Brand၊ Personal Image တည်ဆောက်စရာ လုံးဝကို မလိုပါဘူး။

Personal Branding concept သည် လူတိုင်းအတွက် မဟုတ်ပါဘူး။ ကိုယ်ရတဲ့နေရာမှာ ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး မိမိရဲ့ နာမည်ကောင်းတစ်ခု တည်ဆောက်ချင်တဲ့ လူများအတွက်သာ ဖြစ်ပါတယ်။

ထက်ရည် (Brand You)

  1. June. 2019
Htet Yie

Htet Yie

Leave a Replay