fbpx

အမျိုးသမီးတွေရဲ့ သတ္တိ

​တလောက ကျွန်မနဲ့ လုံးဝ မသိ၊ မမြင်ဖူး၊ ကျွန်မထက်နည်းနည်းပဲငယ်မယ့် အမျိုးသမီးလေးတစ်ယောက် ကျွန်မ Page ကို မက်ဆေ့ပို့လာပါတယ်။ သူ့ကိုယ်သူ သတ်သေချင်နေတာတစ်နှစ်လောက်ကြာပြီ.. ဘယ်လိုပဲ ကြိုးစားပေမယ့် အဆင်မပြေတော့ဘူး.. ဘဝကြီးကိုအဆုံးခံလိုက်တော့မယ်.. စသဖြင့်.. တော်တော်ကြီးကို ဆုံးဖြတ်ပြီးသားမို့လို့ လန့်သွားတာပါပဲ။

ကျွန်မက ဆိုက်ကိုလော်ဂျီမတတ်သလို ဘာနှစ်သိမ့်ဆွေးနွေးတာမှလည်း မလုပ်နိုင်ပါဘူး..နားထောင်ပေးတာပဲ လုပ်နိုင်ပါတယ်.. တော်တော်ကြာကြာလေး နားထောင်ပေးလိုက်တော့ ရင်ထဲ ပေါ့သွားပုံရပါတယ်.. ငိုယိုပြီး မလုပ်တော့ဘူးဆိုပြီးပြောပါတယ်.. ကျွန်မထက်ပိုပြီး သိတဲ့တတ်တဲ့သူနဲ့ ဆွေးနွေးဖို့၊ အရှုံးမပေးဖို့နဲ့ ဘဝကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ အားပေးဖြစ်ပါတယ်။ (အိပ်ခါနီး အဲဒီ မက်ဆေ့တွေ့လိုက်တော့ နောက်နေ့မှဆက်လိုက်ပါမယ်လေလို့ အချိန်မဆွဲမိတဲ့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မိတယ်)…

နောက်ညီမလေးတစ်ယောက်ကလည်း ဆယ်တန်းဖြေတာအမှတ်နည်းလို့ အိမ်က လုံးဝမကြည်ဖြူ၊ နေ့တိုင်းဆူဆဲခံနေရ၊ ဘာဆက်လုပ်ရမှန်းမသိတော့ဘူးဆိုတာတွေ… နောက်တယောက်ကျ အမျိုးသားက ဖေါက်ပြန်နေလို့ ကလေးနှစ်ယောက်နဲ့ ဘာဆက်လုပ်ရမလဲ၊ အလုပ်ပြန်လုပ်မယ်ကြံတော့ အတူနေယောက္ခမက လုံးဝမကြည်ဘူးဆိုတာတွေ… ကိုယ်တိုင်အလုပ်လုပ်နေ၊ အမျိုးသားကလည်းအလုပ်လုပ်နေပြီး ကလေးတွေလည်းရှိရဲ့နဲ့ အဆင်မပြေလို့ ဘဝကို အရှုံးပေးချင်တယ်ဆိုတာတွေ ခုတလော ခဏခဏ ကျွန်မဆီ ရင်ဖွင့်ကြ၊ တိုင်ပင်ကြ၊ ငိုကြပေါ့လေ…ခုနပြောသလိုပဲ ကျွန်မက ဘာမှ မတတ်လို့ နှစ်သိမ့်ဆွေးနွေးတာတွေ၊ အကြံပေးတာတွေ မလုပ်ပေးနိုင်ပေမယ့် တတ်နိုင်သလောက်တော့ နားထောင်၊ ဖုန်းနဲ့၊ Voice message နဲ့အားပေးဖြစ်ပါတယ်။ ကိုယ်က ဒါပဲတတ်နိုင်တာကိုး…

ခုခေတ်မှာအမျိုးသမီးတွေ ပိုပြီးနေရာရလာတယ်၊ ရာထူးတွေရလာတယ်၊ လုပ်ပိုင်ခွင့်ရလာတယ် ဘာညာပြောကြပေမယ့် ပြောင်းလဲတဲ့ ခေတ်အခြေအနေနဲ့လိုက်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာတာလည်း အမှန်ပါပဲ။ ကံကောင်းစွာနဲ့ မပူမပင်နေရတဲ့ အမျိုးသမီးတွေ ရှိကြပေမယ့် သားသမီးကိစ္စ၊ မိသားစုကိစ္စ၊ အသိုင်းအဝိုင်းက မျှော်လင့်သလို လိုက်နေပေးရတဲ့ကိစ္စတွေ များလာတဲ့အခါ စိတ်ဖိစီးမှုတွေများ၊ အသက်ရှူတွေကျပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ အမျိုးသမီးတွေလည်း အများကြီးပါပဲ။

ခုနောက်ပိုင်း ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ အဖြစ်ဆိုးကြီးတွေ လက်တွေ့ကြားနေ၊ မြင်နေရပြန်တော့လည်း ကျွန်မတို့ အမေတွေမှာ အလုပ်လုပ်တာလည်း စိတ်မဖြောင့်၊ ကျောင်းလွှတ်တာ၊ ကစားကွင်းလွှတ်တာလည်း စိတ်မဖြောင့်၊ သားမွေးမွေး သမီးမွေးမွေး စိတ်ပူပင်သောကရောက်ကြရပါတယ်။

ကျွန်မကိုယ်တိုင် ဘဝရဲ့ အတက်အကျတွေ၊ စိတ်သောကတွေ၊ ဆုံးရှုံးနာကျင်မှုတွေရှိခဲ့၊ အမှားတွေ အများကြီး လုပ်ခဲ့ဖူးတာမို့ တခါတရံမှာ ဘဝက ဘယ်လောက်ထိ ခံရခက်အောင်ကြမ်းတမ်းတယ်ဆိုတာ သိပါတယ်။ ဆင်းရဲခြင်း ချမ်းသာခြင်း၊ ပညာတတ်ခြင်း မတတ်ခြင်း၊ မြို့ပြမှာနေခြင်း မနေခြင်းနဲ့ မဆိုင်ပါဘူး။ ဘဝကတော့ အမြဲစမ်းသပ်နေတာပါပဲ။

အဲဒီလိုကြုံတွေ့နေရတဲ့၊ နောင်ကြုံတွေ့ရဦးမယ့် အမျိုးသမီး ကြီးကြီးငယ်ငယ် အမေအရွယ်တွေ၊ ရွယ်တူမိတ်ဆွေအမျိုးသမီးတွေ၊ ညီမလေး တူမလေး အရွယ်တွေကို အကြံပေးချင်တာက…

၁။ ကိုယ့်ကိုယ်ကို ချစ်ပါ။ တခါတလေ ကိုယ့်ကိုယ်ကို မုန်းတီးတဲ့ အချိန်တွေလည်းရှိပါလိမ့်မယ်။ အဲလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကို မျက်စိမှိတ်ပြီး ပိုချစ်ပါ။

၂။ ကိုယ့်ဘဝမှာ ဘာတွေဆက်လုပ်ချင်သေးလဲလို့ စဉ်းစားပါ။ အိပ်မက်တွေ လမ်းပျောက်သွားခဲ့ရင် အိပ်မက် အစကပြန်မက်ပါ။

၃။ ဝါသနာတစ်ခုကို ပျိုးထောင်ပါ။ သီချင်းဆိုတာ၊ အပင်စိုက်တာ၊ တူရိယာတစ်ခုခု တီးတတ်အောင်သင်ယူတာ၊ ရုပ်ရှင်ကြည့်တာ၊ အိမ်တွင်းမှု အချုပ်အလုပ်သင်ယူတာ စသဖြင့် ကိုယ့်တစ်ယောက်ထဲ လုပ်လို့ရတဲ့ ဝါသနာလေး တစ်ခု ပျိုးထောင်ပြီး စိတ်အေးချမ်းအောင်လုပ်ပါ။

၄။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘာသာရေး လိုက်စားပါ။ လိုချင်တာရှိလို့ ဘုရားရှိခိုး ဆုတောင်းတာ၊ ကံပိုကောင်းလာအောင် ဆုတောင်းတာမျိုးမဟုတ်ဘဲ အပတ်စဉ် ဘုရားတက်တာမျိုး၊ နေ့တိုင်းဘုရားရှိခိုးတာမျိုး မပြတ်လုပ်ကြည့်ပါ။

၅။ ကိုယ့်ကို နားလည်ပေးနိုင်၊ နားထောင်ပေးနိုင်မယ့် မိတ်ဆွေ တစ်ယောက်နှစ်ယောက်လောက်ရှာပါ (ဒါကိုတော့ အရမ်းကြီး အလွန်အကျွံအားမပေးချင်ပါဘူး။ ပြောပြလိုက်လို့ ကိုယ်က စိတ်ပေါ့သွားမှာပေမယ့် ခဏခဏဆိုရင် သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်)

၆။ Volunteer Group တွေထဲဝင်ကြည့်ပါ။ ဘုရားကျောင်းကန် တံမြက်စည်းလှည်းတာတို့၊ ကလေးတွေကို စာသင်ပေးတာတို့၊ အဖိုးအဖွားတွေကို စောင့်ရှောက်ပေးတာတို့ စသဖြင့် ကိုယ်တတ်နိုင်သလောက်လေးလုပ်ပါ။ (အဲဒီမှာလည်း သတိပေးချင်တာက ကိုယ်နိုင်သလောက်ပဲ လုပ်ပါ။ အသင်းအဖွဲ့ politics တွေထဲ ဝင်မပါမိပါစေနဲ့)

၇။ စာဖတ်ပါ။ ဘယ်လိုစာပေမျိုးဆိုတာထက် ကိုယ်ကြိုက်တဲ့ စာလေးကနေ စဖတ်ပြီး နေ့စဉ်စာဖတ်တဲ့ အကျင့်လေးလုပ်ပေးပါ။ ကျွန်မကတော့ အဲဒီလို အချိန်မျိုးဆို ရသစာပေ၊ အထုပ္ပတ္တိ၊ ဘာသာပြန်စာအုပ်တွေ ဖတ်လေ့ရှိပါတယ်။

၈။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေးတစ်ခုပေးပါ။ မထက်ရည်နှယ်… ကိုယ့်ဖါသာအိမ်မှာနေရင် ကိုယ်ပိုင်အချိန်ပေါ့လို့ ထင်ကြမှာပေမယ့် တကယ်တမ်းကျ အလုပ်ရယ်၊ အိမ်ရယ်၊ သားသမီးရယ် စတဲ့ ဘဝတာဝန်တွေကိုပဲ ထမ်းဆောင်နေပြီး ကိုယ့်အတွက်ကိုယ် တနေ့မှာ ၁၅ မိနစ်တောင် အချိန်မပေးတာတွေ့ရပါလိမ့်မယ်။

၉။ အားရင် ဘာလုပ်လဲ.. ဖုန်းပွတ်ပြီး ဆိုရှယ်မီဒီယာမှာ ပေါ်ပင်သတင်းတွေ၊ အနုတ်စကားတွေ ကြည့်တာရော၊ ကိုယ်တိုင်ပြောတာရော ရှောင်ပါ။ ချစ်သူခင်သူတွေနဲ့ connect လုပ်တဲ့ နေရာပဲ ဖြစ်ပါစေ။ ကိုယ့်အတွေးထဲ နှလုံးသားထဲ အမှိုက်ပုံတဲ့နေရာ မဖြစ်ပါစေနဲ့။

၁၀။ သတ္တိရှိပါ။ လူတိုင်းကတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် သတ္တိရှိကြတာပါပဲ။ ဒါပေမယ့် ဒီလိုဆိုးရွားတဲ့အချိန်မျိုးမှာ အရှုံးမပေးဖို့၊ ထရပ်ရဲဖို့၊ ဘဝကို သတ္တိရှိရှိရင်ဆိုင်ရဲဖို့ အရေးကြီးပါတယ်။ ရင်ဆိုင်နေရင်းနဲ့လည်း ခဏခဏချော်လဲဦးမှာပါပဲ။ သတ္တိရှိရှိနဲ့ ထရပ်ပြီး ဘဝကို ရဲရဲကြည့်ပါ။ ဘယ်သူ့အတွက်မှမဟုတ်တောင် ကိုယ့်အတွက်ကိုယ်ရှင်သန်ပါ။

ခါးသီးတဲ့ အဖြစ်အပျက်တွေ ကျော်လွန်သွားပြီးတဲ့အခါတိုင်းမှာ ပိုပြီး သန်မာလာလိမ့်မယ်။ ပိုပြီး ရင့်ကျက်လာလိမ့်မယ်။ ပိုပြီး နက်ရှိုင်းတဲ့ စိတ်ဓါတ်ခွန်အားတွေ ရလာပါလိမ့်မယ်။

ထက်ရည် (Brand You)

05.07.2019

Source


Dikirim oleh Htet Yie, the Image Coach Myanmar pada Jumat, 05 Juli 2019
brandyou

brandyou

Leave a Replay