fbpx

“အမှားများတဲ့ စာမျက်နှာတွေ”

Share on facebook
Share on google
Share on twitter
Share on linkedin

ငယ်ငယ်တုန်းက ကျွန်မက လက်ရေးတော်တော်လှပါတယ်။ အမေက ဆရာမ၊ အဖေကလည်း လက်ရေးလှအောင် ကျင့်ခိုင်းတော့ လက်ရေးဆိုဝိုင်းတယ်၊ အမှားအယွင်းလည်း မရှိသလောက် နည်းပါတယ်။ အမှားတို့၊ ဖျက်ရာတို့ဆိုရင် လုံးဝကို မကြိုက်ပါဘူး။

၃ တန်းလောက်မှာ အပြင်စာတွေဖတ်ပြီး ဗလာစာအုပ်ထဲ ကူးရေးတဲ့ဝါသနာ ရလာတော့ ဗလာစာအုပ် အဖုံးလှလှလေးတွေ၊ စာရွက်သား ဖြူဖြူလေးတွေမှာ ဝိုင်းနေအောင် သပ်သပ်ရပ်ရပ်ရေးရတာ အရမ်းပဲကြိုက်ပါတယ်။ အမှားကို ဘယ်လောက်တောင် မကြိုက်လဲဆို တချို့အရမ်းလှတဲ့ စာအုပ်တွေမှာ ရေးလို့ မှားသွားရင် စာရွက်ကို ဖြဲပြီး အသစ်ပြန်ရေးတဲ့အထိပါပဲ။

ကြီးလာတော့လည်း အဲ့ဒီအလေ့အကျင့်လေးက မသိမသာနဲ့ ကြီးထွားလာတာ အမှားလုပ်မှာကို အရမ်းကြောက်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ အမှားလုပ်ရင် လူတွေက ရှုံ့ချမှာကြောက်တာ၊ အဖေအမေဆူမှာကြောက်တာ၊ သူငယ်ချင်းမရှိတော့မှာကြောက်တာတွေကြောင့် ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မလုပ်တတ်၊ မကိုင်တတ် လူမျိုးဖြစ်လာပါတယ်။

​အလုပ်တွေအများကြီးလုပ်လာတဲ့အခါ မလွှဲမရှောင်သာပဲ အမှားတွေလည်း အများကြီးလုပ်မိပါတယ်။ အမှားတစ်ခုလုပ်ပြီးရင် မပြီးနိုင်မစီးနိုင် နောင်တရတတ်သူအဖြစ်ကနေ အမှားတွေကို ဖြေရှင်းနိုင်တဲ့သူ၊ အမှားတွေကနေ သင်ယူနိုင်တဲ့သူ၊ အမှားတွေကြောင့် လူတွေ မချစ်တော့မှာကို သိပ်ပြီး မကြောက်တဲ့သူ ဖြစ်လာပါတယ်။

စာအုပ်လှလှလေးတွေကို ချစ်တုန်း၊ စုတုန်းပေမဲ့ အဲဒီစာအုပ်မှာ စာရေးတဲ့အခါ အမှားပါမှာကိုမကြောက်တော့တဲ့သူ ဖြစ်လာတယ်။အမှားကြောင့် ကိုယ့်ကိုယ် မခေါ်တော့မဲ့ သူတွေကိုလည်း ခွင့်လွှတ်တတ်လာတယ်။

အမှားကို နောင်တရပြီး တသသဖြစ်မနေတော့ဘဲ ငါဘာသင်ယူခဲ့ရသလဲ၊ ငါဘယ်လိုရှေ့ဆက်လျှောက်မလဲ ဆိုတာကိုပဲ တွေးမိတော့တယ်။ဘဝရဲ့ အမှားတွေ၊ အပြစ်အနာအဆာတွေက ကိုယ့်ကို ပိုပြီး ရင့်ကျက်စေပါလိမ့်မယ်။ အမှားများတဲ့ စာမျက်နှာတွေက ကိုယ့်ဘဝရဲ့ ဂုဏ်အယူရဆုံး စာမျက်နှာတွေလည်း ဖြစ်လာနိင်ပါတယ်။

ထက်ရည်

Htet Yie

Htet Yie

Leave a Replay