ကျွန်မတို့ရဲ့ နေ့တိုင်းကို အရောင်တွေက လွှမ်းမိုးထားပါတယ်။
အရောင်လို့ပြောလိုက်ရင် လူတွေက အဝတ်အစားအရောင်ကိုပဲ စိတ်ထဲမှာ ဦးဆုံးမြင်ကြပါတယ်။ တကယ်တော့ မိမိရဲ့ အဝတ်အစား၊ အသုံးအဆောင်အပြင် လက်ဝတ်လက်စားတွေ၊ အိတ်၊ ဖိနပ်၊ ဆံပင်အရောင်၊ ရုံးခန်းအရောင်၊ ကားအရောင်၊ စားပွဲပေါ်မှာထားတဲ့ အလှတင်ပစ္စည်းတွေ၊ မိမိအခန်းနံရံ၊ အမျိုးသမီးတွေဆိုရင် လက်သည်းနီ၊ နှုတ်ခမ်းနီကစလို့ မျက်ကပ်မှန်အရောင်တွေထိပါဝင်ပါတယ်။ လုပ်ငန်းရှင်တွေဆိုရင် သူ့ရဲ့လုပ်ငန်းမှာ သုံးတဲ့ အရောင်တွေနဲ့ မိမိလုပ်ငန်းပုံရိပ်ကို တည်ဆောက်နိုင်ပါတယ်။
မိမိတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံပေါ်ကို မူတည်ပြီး အရောင်တွေကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ ကြပါတယ်။ ကလေးဘဝမှာ နေနဲ့ မီးဟာ ပူပြင်းပြီး သူတို့ဟာ အမြဲတမ်း အနီရောင်၊ အဝါရောင် သို့မဟုတ် လိမ္မော်ရောင်ရှိတယ်လို့ ကျန်မတို့ လေ့လာသင်ယူခဲ့ကြပါတယ်။ တခြားတဖက်မှာတော့ ရေ၊ ကောင်းကင် စတာတွေဟာ အေးချမ်းပြီး အပြာဖျော့၊ ခရမ်းရောင် မြစိမ်းရောင် စသဖြင့် အခြားအရောင်များစွာကိုလည်း အဓိပ္ပါယ်ဖွင့်ဆိုမှုပေါင်းများစွာနဲ့ မှတ်သားထားလေ့ရှိကြပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများ၊ ကမ္ဘာတဝှမ်းက တက္ကသိုလ်များရဲ့ ပုံရိပ်နဲ့ ဖက်ရှင်သင်ရိုးမှာ အလွန်တရာ ခေတ်စားနေတဲ့ အကြောင်းအရာတခုကတော့ အရောင်များရဲ့ စိတ်ပညာပဲဖြစ်ပါတယ်။
Image Consultant တစ်ယောက်အနေနဲ့ Client ရဲ့ နှစ်ပေါင်းများစွာ ကြိုက်နှစ်သက်လာတဲ့ အရောင်ကို သိရပါမယ်။ သူ့ကိုပိုပြီး နုပျို၊ ကျန်းမာ၊ တက်ကြွတဲ့ အရောင်တွေ၊ သူမရဲ့ ပင်ကိုယ်အလှတရားကို တောက်ပစေမယ့်အရောင်တွေကို ရှာဖွေဆန်းစစ်ပေးနိုင်ရပါတယ်။ ဘယ်အရောင်က သူနဲ့ မလိုက်ဖက်ဘူးလဲ၊ မလိုက်ဖက်တဲ့ အရောင်ကိုမှ ဝတ်ဆင်သုံးစွဲချင်ရင် ဘယ်လို mix and match လုပ်ရမယ်ဆိုတာ သင်ပေးနိုင်ရပါမယ်။
မိမိနေထိုင်တဲ့ နေရာဒေသကလည်း အရောင်ရွေးချယ်မှုပေါ်မှာ သက်ရောက်မှု အများကြီးရှိပါတယ်။ အပူပိုင်းဒေသမှာနေတဲ့လူတွေဟာ ပိုပြီးတောက်ပတဲ့၊ ထင်းတဲ့ အရောင်တွေကို ရွေးချယ်အသုံးပြုလေ့ရှိပါတယ်။ ပိုပြီးအေးတဲ့၊ နေရောင်သိပ်မမြင်ရတဲ့ ဒေသတွေမှာ အရောင်ငြိမ်တွေကို ပိုပြီး သုံးကြပါတယ်။ မြို့ကြီးပြကြီးတွေမှာ နေတဲ့ရုံးသမားတွေက ဖုန်တင်ရင် သိပ်မသိသာတဲ့အရောင်တွေ ဥပမာ အနက်၊ အညို၊ နေဗီပြာ စတာတွေကို အလွယ်တကူရွေးချယ်ဝတ်ဆင်လေ့ရှိပြီး ခေတ်ဆန်တယ် ခေတ်မီတယ်လို့ သူတို့ကိုယ်သူတို့ ယူဆတဲ့လူတွေက ခဲရောင်ကို ဝတ်ဆင်လေ့ရှိပါတယ်။
ဒါကြောင့် အရောင်တွေရဲ့ အကြမ်းဖျင်း အဓိပ္ပါယ်ကို သိရအောင် တစ်ခုချင်းစီအလိုက် ဖော်ပြပေးထားပါတယ်။
• Yellow – cheerful, young, delightful, optimistic
အဝါရောင် – ရွှင်လန်းတက်ကြွသော၊ နုပျိုသော၊ ကြည်နူးဖွယ်ကောင်းသော၊ အကောင်းမြင်သော။
• Green – natural, refreshing, rested, steady
အစိမ်းရောင် – သဘာဝကျသော၊ အားအင်ပြည့်ဝသော၊ အေးဆေးတည်ငြိမ်သော၊ ခိုင်မာသော။
• Blue – peaceful, relaxed, composed, trusting, secure
အပြာရောင် – ငြိမ်းချမ်းသော၊ စိုးရိမ်မှုကင်းသော၊ တည်ငြိမ်အေးဆေးသော၊ ယုံကြည်ရသော။
• Violet – royal, regal, rich, creative
ခရမ်းရောင် – တော်ဝင်သော၊ ခမ်းနားသော၊ ဆန်းသစ်သော။
• Red – energetic, dynamic, bold, assertive
အနီရောင် – အားအင်ပြည့်ဝသော၊ တက်ကြွမှုရှိသော၊ ယုံကြည်မှုရှိသော။
• Fuchsia – dramatic, bold, fashionable, fun
ပန်းဆီရောင် – စိတ်ကူးယဉ်ဆန်သော၊ ရဲရင့်သော၊ ခေတ်ဆန်သော၊ ပျော်တတ်သော။
• Pink – sweet, feminine, pretty, child-like
ပန်းရောင် – နှစ်လိုဖွယ်ကောင်းသော၊ မိန်းကလေးဆန်သော၊ လှပသော၊ ကလေးဆန်သော။
• Orange – warm, joyous, invigorating, exotic, adventurous, sporty
လိမ္မော်ရောင် – နွေးထွေးသော၊ ပျော်တတ်သော၊ တက်ကြွလန်းဆန်းသော၊ ထူးခြားဆန်းပြားသော၊ စွန့်စားသော၊ လွတ်လပ်ပေါ့ပါးသော။
• Black – mysterious, elegant, authoritative, sophisticated
အမည်းရောင် – ထူးခြားဆန်းပြားသော၊ ကြော့ရှင်းသော၊ အာဏာရှိသော၊ ခေတ်မီသော။
• Grey – reliable, conservative, neutral, adaptable, calm
မီးခိုးရောင် – ယုံကြည်အားထားရသော၊ ရှေးရိုးဆန်သော၊ ကြားနေသော၊ အလိုက်သင့်နေသော၊ ငြိမ်သက်သော။
• Brown – dependable, pragmatic, sincere, approachable, friendly, casual
အညိုရောင် – စိတ်ချယုံကြည်ရသော၊ လက်တွေ့ဆန်သော၊ ဖော်ရွေသော၊ ခင်မင်ဖွယ်ကောင်းသော၊ သက်တောင့်သက်သာရှိသော။
• Beige – warm, classic, safe, calm, even temperament
ဝါညိုနုရောင် – နွေးထွေးသော၊ ဂန ္ထဝင်ဆန်သော၊ လုံခြုံသော၊ ငြိမ်သက်သော။
• White – pure, simple, clean, innocent, clinical
အဖြူရောင် – ဖြူစင်သော၊ ရိုးရှင်းသော၊ သန့်ရှင်းသော၊ အပြစ်ကင်းသော၊ အဆင်အပြင်မရှိသော။
• Gold – classic, traditional, sophisticated, wealthy, success
ရွှေရောင် – ဂန္တဝင်ဆန်သော၊ ရိုးရာဆန်သော၊ ဆန်းပြားသော၊ ချမ်းသာကြွယ်ဝသော၊ အောင်မြင်သော။
ဒီလို အရောင်တွေက ပြောတဲ့ အဓိပ္ပါယ်တွေကို နားလည်ပြီး သေသေချာချာ အသုံးချနိုင်ပါစေလို့ မျှော်လင့်ပါတယ်။