fbpx

“အိမ်မှာနေရင်း အလုပ်ပြီးအောင် ဘယ်လိုလုပ်မလဲ”

တကယ်တော့ ကျွန်တော်တို့ဟာ ရုံးကို လာလုပ်မှ၊ ရုံးမှာ ရှိနေမှ၊ ရုံးတက်ချိန် ဆင်းချိန်မှန်မှ ဆိုတဲ့ Working hours (အလုပ်ချိန်တွေ) ကိုသာ ဦးစားပေးခဲ့ကြတာ ကြာပါပြီ။ တကယ်တမ်း အလုပ်ဘယ်လောက်ပြီးသလဲ ဆိုတာကိုတော့ ထည့်မစဉ်းစားမိကြဘူး။ ရုံးမှာ အလုပ်တွေ ပြီးသွားလည်း ရုံးဆင်းချိန် မရောက်မချင်း ထိုင်နေရတာမျိုးတွေ ရှိတယ်။ ကိုယ်က ရုံးကို ၁၅ မိနစ်လောက် နောက်ကျလို့ အဲဒီနေ့အတွက် ဒဏ်ကြေး ပေးရပေမဲ့ စောရောက်နေတဲ့သူကလည်း ရုံးအလုပ် လုပ်နေတာ မဟုတ်ဘဲ အဲ့ဒီ ၁၅ မိနစ်ကို ဖုန်းသုံးနေတာ၊ မနက်စာ စားနေတာမျိုးတွေ ရှိတယ်။ ဆိုတော့ ရုံးမှာ ရှိနေတယ် ဆိုတိုင်းလည်း အလုပ်ပြီးတာ မဟုတ်သလို တချို့အလုပ်တွေက ရုံးလာမှလည်း လုပ်လို့ ရတာ မဟုတ်ဘူး။

ခု COVID-19 ကာလမှာတော့ ဒါကို မဖြစ်မနေ ပြောင်းလဲကြရတယ်။ နောက်ပိုင်းဆိုလည်း အိမ်ကနေ အလုပ်လုပ်တဲ့ Work from home နဲ့ တစ်ဦးချင်း Freelance လုပ်တာတွေက ပိုခေတ်စားလာတော့မယ်။ နည်းပညာခေတ်ကြီးမှာ ဒီလိုတွေ လုပ်ရင်လည်း အလုပ်ဖြစ်တာပဲ ဆိုတာကို ဒီ Covid ကာလမှာ ကောင်းကောင်းကြီး လက်ခံလိုက်ကြပြီ။ဒီတော့ ကျွန်တော်တို့အနေနဲ့ အဲ့ဒီပုံစံအသစ်နဲ့ အသားကျအောင် ဘာတွေ ပြင်ဆင်မလဲ။ အိမ်ကနေ အလုပ်လုပ်တဲ့အခါ ဘယ်လိုမျိုး အလုပ်ဖြစ်အောင် လုပ်မလဲ ဆိုတာကို ပြောပြချင်ပါတယ်။

၁။ ကိုယ်ပိုင်စည်းကမ်းနဲ့ အလုပ်လုပ်တတ်အောင် ကြိုးစားပါ။အရင်လို ရုံးသွားမယ်။ ပြန်မယ်။ နားမယ်။ ဒီနေ့ ပိတ်ရက်ဟေ့ ဆိုတာမျိုးတွေ မရှိတော့ဘူး။ ရုံးဆင်း ရုံးတက်နဲ့ လုပ်နေရတာမျိုး ပြန်ရှိလာရင်တောင် နည်းသွားမယ်။ အလုပ်ချိန် (Working hours) ထက် အလုပ်ပြီးခြင်း (Productivity) ကို ပိုကြည့်တော့မယ့် အနေအထား ဖြစ်လာတော့မယ်။ ရတယ်၊ မင်းဟာမင်း လုပ်ချင်တဲ့အချိန် လုပ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း သတ်မှတ်ထားတဲ့ အလုပ်တော့ ပြီးရမယ်။အဲ့ဒီအတွက် Self-discipline နဲ့ အလုပ်လုပ်တတ်အောင် ပြင်ဆင်ထားရလိမ့်မယ်။ နောက်ကနေ တွန်းနေမှ လုပ်တတ်မယ်ဆိုလို့ အဆင်မပြေတော့ပါဘူး။ Result-oriented ဖြစ်ဖို့ လိုပါမယ်။ ဘယ်သူကမှ အချိန်ပြည့် ကိုယ့်ကို စောင့်ကြည့်နေမှာ မဟုတ်တော့ဘူး။ နေ့လယ် ၁၂ နာရီလောက်ကြီး ရုပ်ရှင်ကြည့်နေမလား။ ရတယ်။ ကြည့် မကြည့်လည်း ဘယ်သူမှ မသိနိုင်သလို၊ မကြည့်အောင်လည်း မတားနိုင်ဘူး။ ဒါပေမဲ့ လုပ်ရမဲ့အလုပ်တွေ ပြီးဖို့တော့ လိုမယ်။ အဲ့ဒါတော့ ပြီးအောင် လုပ်။ ဒီလိုပုံစံမျိုးတွေ ဖြစ်လာတော့မယ်။ ဆိုလိုတာက လွတ်လပ်ခွင့် ပိုရလာမယ်။ တစ်ဖက်ကလည်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရလိမ့်မယ်။ အဲဒီ mindset အဲဒီ working style နဲ့ အလုပ်မလုပ်နိုင်ရင် ရှေ့လျှောက် မလွယ်တော့ဘူး။

၂။ မိသားစုဝင်တွေကို ပြောပြထားပါ။Work from home ရဲ့ အဓိကစိန်ခေါ်မှုက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါပဲ။ အရင်က ကိုယ်ရုံးရောက်နေတာ ဆိုတော့ မမြင်ရ၊ မသိရ၊ မကြားရသမျှတွေကို ခု မြင်ရ၊ သိရ၊ ကြားနေရမယ်။ ကိုယ့်ကို စကားတွေ လာပြောကြမယ်။ အိမ်ကိစ္စတွေ ဝင်လုပ်ပေးရမယ်။ ကလေးရှိရင်လည်း ကလေးက လာဂျီကျချင်ကျမယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ လိုတယ်။ ဒါကြောင့် မိသားစုဝင်တွေကို ပြောပြထားပါ။ ဒီအချိန်ကနေ ဒီအချိန် အလုပ်လုပ်မယ်၊ ရုံးမသွားရပေမဲ့လည်း ဒါက အလုပ်ချိန်ပါ ဆိုတာမျိုး ရှင်းပြထားပါ။

၃။ အလုပ်လုပ်မဲ့နေရာကို သေချာရွေးပါ။မိသားစုဝင်တွေနဲ့ သိပ်မတွေ့ရတဲ့၊ သီးသန့်ဆန်တဲ့ နေရာမျိုးကို ရွေးပါ။ စားပွဲတင် ပြက္ခဒိန်တွေ၊ စာရေးကိရိယာတွေ၊ ဓါတ်ပုံတွေ စသဖြင့် ကိုယ့်ရုံးက အလုပ်စားပွဲမှာ တင်ထားတာမျိုးလေးတွေကို ဒီစားပွဲမှာလည်း တင်ထားပါ။ မြင်လိုက်တာနဲ့ အလုပ်လုပ်ချင်စိတ် ပေါက်စေတဲ့၊ ဒါ အလုပ်စားပွဲပဲ ဆိုပြီး သိသာစေတဲ့ ပုံစံမျိုး ဖန်တီးပါ။

၄။ မနက်ခင်းတိုင်းကို အကောင်းဆုံး စတင်ပါ။အဲဒီအချိန်ကလည်း သိပ်အရေးကြီးပါတယ်။ ကိုယ် မနက်ခင်းမှာ ဖြစ်နေတဲ့ ခံစားမှုက တစ်နေကုန်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ မနက်ကို စောစောထမယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်။ မနက်စာ ကောင်းကောင်းစားမယ်။ ဘာသာရေးအလုပ် ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လုပ်မယ်။ အဲ့လို စိတ်ငြိမ်းချမ်းစွာနဲ့၊ တခုခု ပြီးမြောက်ခဲ့ပြီဆိုတဲ့ ခံစားချက်နဲ့ အလုပ်ကို စလုပ်ရတာ သိပ်ကောင်းပါတယ်။ မနက်ကို နောက်ကျမှ နိုး၊ ရေမိုးချိုးပြီး အလုပ်စားပွဲ တန်းထိုင်ရတဲ့နေ့ထက်စာရင် ခံစားချက် ပိုကောင်းတယ်။ အလုပ်ပိုပြီးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမြင့်ပါတယ်။ ဒါကြောင့် မနက်ခင်းတွေကို ဂရုစိုက်ပါ။၅။ To-do list ထားပါ။မနက်တိုင်း ကိုယ် ဒီနေ့တစ်နေ့စာ ဘာလုပ်ရမယ်ဆိုတဲ့ စာရင်းထားပါ။ ဒါမှ ဘာတွေ လုပ်ရမလဲဆိုတာ သိမယ်။ အလုပ်ပြီးမပြီးလည်း တိုင်းတာလို့ရမယ်။ တချို့က ဒါကို အလုပ်မဖြစ်ဘူး ပြောကြပေမဲ့ ကျွန်တော့်အတွက်တော့ အကျိုးရှိတာမို့ ဝေမျှပေးတာပါ။ တစ်ခါတစ်လေ အလုပ်များလွန်းတဲ့အခါ အဲ့လို ချရေးလိုက်မှ ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ်။ ပိုအရေးကြီးတာကို ဦးစားပေး လုပ်နိုင်သွားပါတယ်။

၆။ ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲထိတွေ့ပါ။အကြောင်းရင်း ၃ ချက် ရှိပါတယ်။ ပထမတစ်ချက်က တစ်ယောက်နဲ့ တစ်ယောက် သတင်းအချက်အလက်တွေ ဝေမျှဖို့ပါ။ ဒါက အလုပ်လုပ်ပြီဆို ပုံမှန်လုပ်နေရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အထီးကျန်မနေဖို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် ပုံမှန်ထိတွေ့နေခြင်းက အထီးကျန်မှုကို သက်သာစေနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကိုယ်အလုပ်လုပ်နေတယ် ဆိုတာကို အများသိဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ့်အထက်လူကြီးပေါ့။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ ရုံးမှာ မြင်နေရတဲ့အချိန်နဲ့ ခုလို မြင်မနေရတဲ့အချိန်မှာ ယုံကြည်မှုချင်း မတူပါဘူး။ အရင်က မေးလ်ပို့လိုက်လို့ ချက်ချင်း စာမပြန်ရင် ကိစ္စမရှိပေမဲ့ ခုကကျ သူ ဘယ်ရောက်နေလဲ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ လုပ်နေတာလား စသဖြင့် ထင်နေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ တစ်နေ့ ကိုယ်ဘာတွေ လုပ်တယ်၊ ဘာတွေ ပြီးသွားတယ် ပြောပြပါ။ တကယ်လို့ အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်လုပ်ချင်လို့ မေးလ်တွေ၊ Social media တွေ မသုံးဘူးဆိုလည်း ကိုယ် ဘယ်အချိန်ကနေ ဘယ်အချိန်ထိတော့ Offline ဖြစ်နေမယ် ဆိုတာမျိုး ပြောပြထားပါ။

၇။ အာရုံလွင့်စရာတွေနဲ့ ဝေးဝေးမှာနေပါ။Work from home ဖြစ်လို့ နည်းပညာကိုတော့ မဖြစ်မနေ ပိုသုံးရမှာပါ။ အရင်ထက်စာရင် သေချာပေါက် အွန်လိုင်း ပိုဖြစ်နေမယ်။ အင်တာနက် ပိုသုံးဖြစ်မယ်။ ဒါက ရှောင်လွှဲလို့ မရဘူး။ တစ်ဖက်ကလည်း ကိုယ့်ကို အာရုံလွင့်ပါးစေမဲ့ အရာတွေက အင်တာနက်ပေါ်မှာ တန်းစီစောင့်ဆိုင်းနေတယ်။ အထူးသဖြင့်တော့ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာပေါ့။ အဲဒါကို ဖြတ်တောက်နိုင်ဖို့၊ လျှော့နိုင်ဖို့ လိုမယ်။ ဥပမာ အလုပ်ချိန်အတွင်း Log out လုပ်ထားတာမျိုး၊ Timer မှတ်ပြီး သုံးတာမျိုး၊ ဖုန်းကို ခပ်ဝေးဝေးမှာ ထားပြီး အလုပ်လုပ်တာမျိုးတွေ စမ်းကြည့်နိုင်ပါတယ်။။ ဆိုရှယ်မီဒီယာမှ မဟုတ်ပါဘူး။ ကိုယ့်ကို အာရုံလွင့်ပါးစေမဲ့ တခြားအရာတွေကိုလည်း ဖြတ်တောက်ဖို့ လိုပါမယ်။ ဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်ကို ဘယ်အရာတွေက အာရုံလွင့်စေသလဲ၊ အဲဒါတွေကို ဘယ်လိုဖြတ်တောက်မလဲ၊ ဒီလိုဖြတ်နိုင်ဖို့၊ လျှော့နိုင်ဖို့ ဘာတွေ လိုအပ်မလဲ။ ပြီးရင် အဲဒီအတိုင်း လုပ်ကြည့်ပါ။ သိသိသာသာ Productivity တက်လာတာကို တွေ့ရပါလိမ့်မယ်။

ဒီအချက်တွေကတော့ အိမ်ကနေ အလုပ်လုပ်တဲ့အခါ၊ Freelance လုပ်တဲ့အခါ အလုပ်ပြီးမြောက်ဖို့အတွက် လိုအပ်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ တခြားအချက်တွေလည်း ရှိပါဦးမယ်။ ရှာဖတ်ကြည့်ပါ။ လိုတာ ယူပါ။ ကိုယ့်အတွက် အသုံးဝင်နိုင်တာတွေကို လိုက်လုပ်ကြည့်ပါ။အားလုံးပြောနေကြသလိုပါပဲ။ အခုအခြေအနေက အသစ် ဖြစ်ပါတယ်။ ဒါနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားနိုင်ဖို့ လိုပါတယ်။ ဒီအတွက် တစ်နေ့ ဘယ်နှနာရီ လုပ်တယ်ဆိုတာထက် အလုပ်ဘယ်လောက်ပြီးတယ် ဆိုတာကို ဦးစားပိုပေးလာတော့မဲ့ ခေတ်မှာ ကိုယ်ပိုင်စည်းကမ်းနဲ့ အလုပ်လုပ်တတ်အောင်၊ Result-oriented, Target-oriented ဖြစ်အောင်၊ Productivity မြင့်အောင် ပြင်ဆင်ထားရတော့မှာလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay