fbpx

“၂၁ ရာစု လူနေမှုပုံစံ”

Share on facebook
Share on google
Share on twitter
Share on linkedin

နေ့ခေတ် ၂၁ ရာစုဟာ ဘယ်ခေတ်ကနဲ့မှ မတူအောင် စိတ်ဖိစီးစရာတွေ များပါတယ်။ ဘယ်သူ့ကို မေးလိုက် မေးလိုက် စိတ်ဖိစီးစရာ၊ စိတ်ညစ်စရာတွေ ရှိနေမယ်။ တကယ်တမ်းဆို အစစအရာရာ အဆင်ပြေလာတဲ့ ခေတ်ပါ။ သွားစရာ၊ လည်စရာ၊ စားစရာ၊ သောက်စရာ ပေါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ အဆင့်မြင့်လာတယ်။ အရာရာ လွယ်ကူလာတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်း ဘယ်လောက်ပဲ အနေဝေးပါစေ၊ လူမှုကွန်ရက်ကတစ်ဆင့် ဆက်သွယ်လို့ ရလာတယ်။ အိမ်ထဲမှာနေရင်းနဲ့ကို အလုပ်တွေလုပ်၊ ဝင်ငွေတွေ ရှာလို့ ရလာတယ်။ ဒါပေမဲ့လည်း ပျော်မနေကြဘူး။ ဘာလို့လဲ စဉ်းစားကြည့်ဖို့ ကောင်းတယ်။
အဓိကကတော့ အပြိုင်အဆိုင် များလာတယ်။ များလာတော့ အမြဲကြိုးစားရုန်းကန်နေရတယ်။ ရပ်နေလို့ မရတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ ပျက်ကွက်လာတယ်။ လူတွေကလည်း အောင်မြင်ရင်ပြီးရော၊ ပိုက်ဆံရရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရော ဘာပဲလုပ်ရ လုပ်ရ ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ပြောရရင် ခေတ်ပျက်လာတယ်ပေါ့။ လိုချင်စရာတွေ များတော့ လိုအင်ဆန္ဒတွေလည်း များလာတယ်။ လူမှုကွန်ရက်ကလည်း အစပိုင်းတော့ အကျိုးပြုတယ် ထင်ရပေမဲ့ နောက်ပိုင်းကျ သူ့ရဲ့ ဆိုးကျိုးတွေလည်း ရှိလာတယ်။ ဥပမာ ဒီလိုမျိုး အဆက်အသွယ် ရှိနေတော့ လူတွေက တော်ရုံတန်ရုံ အပြင်မှာ မတွေ့ဖြစ်ကြတော့ဘူး။ တွေ့ရင်လည်း ဖုန်းပွတ်ရင်းနဲ့ပဲ တွေ့ကြတော့တယ်။ နောက်ပြီး ဒါကို သုံးရင်း ဘယ်သူကတော့ ဘာဖြစ်နေပြီ၊ ဘာဝယ်လိုက်ပြီ၊ ဘယ်လိုအောင်မြင်နေပြီ ဆိုတာတွေကို မြင်ရတော့ ကိုယ်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဘဝကိုယ် အားမရတာတွေ ဖြစ်လာတယ်။
ဒီအတွက် ၂၁ ရာစုမှာ ကျန်းမာပျော်ရွှင်စွာ နေနိုင်ဖို့ဟာ သိပ်လည်း ခက်ခဲလာသလို အင်မတန်လည်း အရေးကြီးလာတယ်။ ဒါ​ကြောင့် ခုပြောတာလေးတွေကို အကုန်မဟုတ်တောင် နည်းနည်းလောက်ဖြစ်ဖြစ် ကြိုးစားပြီး လုပ်ကြည့်စေချင်တယ်။
၁။ သူများနဲ့ မနှိုင်းပါနဲ့။
လူဆိုတာ ကိုယ့်ဘဝနဲ့ ကိုယ်ပါ။ ကံတရားချင်းလည်း မတူသလို ပံ့ပိုးမှုချင်းလည်း မတူပါဘူး။ စထွက်မှတ် မတူတဲ့အတွက် အချိန်ကာလတစ်ခုအတွင်းမှာ ရောက်ခဲ့တဲ့ ခရီးချင်းလည်း မတူနိုင်ပါဘူး။ ဒီတော့ ကိုယ့်ဘ၀ ကိုယ်သိပါ။ ကိုယ်ဖြစ်ချင်တာ ဘာလဲ၊ ကိုယ့်ဘဝမှာ တန်ဖိုးထားရတဲ့ အရာတွေက ဘာလဲ သေချာစဉ်းစားပါ။ အဲဒီအတိုင်း ခိုင်ခိုင်မာမာ နေပါ။
၂။ ဆိုရှယ်မီဒီယာအစား လူချင်း ထိတွေ့ဆက်ဆံမှုကို ဦးစားပေးပါ။
TED talk တစ်ခုမှာ ကြည့်ဖူးပါတယ်။ လူတွေရဲ့ အသက်ရှည်ခြင်းအပေါ် လွှမ်းမိုးတဲ့ အချက်တွေကို သုတေသန လုပ်ထားတာမှာ ထိပ်ဆုံးက ပါတဲ့ ၂ ချက်က ဘာလဲဆိုတော့ Social integration (လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ခြင်း) နဲ့ Close relationship (ရင်းနှီးတဲ့ ဆက်ဆံရေး) ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်က ဆက်ဆံရေးဆိုတာ အင်မတန် အပေါ်ယံဆန်ပါတယ်။ သူများတွေ မွေးနေ့ဆုတောင်းနေကြတာ တွေ့မှ Happy birthday လို့ အဖြစ်သဘော ဝင်ရေးလိုက်တာမျိုးပါ။ သူ့မွေးနေ့မှာ အမှတ်တရလေး ဖြစ်သွားအောင် ငါတော့ ဘာလုပ်ပေးလိုက်မယ် ဆိုတာမျိုး သေချာပြင်ဆင်ပြီး လုပ်ပေးတာ မဟုတ်ပါဘူး။ ဒီပေါ်မှာ သူငယ်ချင်း ၅ ထောင် ရှိနေပေမဲ့လည်း ကိုယ်နေထိုင်မကောင်း ဖြစ်တဲ့အခါ၊ ကိုယ်ဒုက္ခရောက်တဲ့အခါ ဘယ်သူကမှ လာမကူညီပါဘူး။ ဒီတော့ သုံးတာလည်း သုံးပါ။ ပြင်ပက တကယ်အနှစ်သာရပြည့်ဝတဲ့ ဆက်ဆံရေးတွေကိုလည်း တည်ဆောက်စေချင်ပါတယ်။ မိသားစုကို အချိန်ပေးပါ။ ခရီးတူတူထွက်၊ ညစာတူတူစားတာမျိုး မကြာခဏ လုပ်ပေးပါ။ ဖုန်းတွေ အကုန်ဘေးချပြီး ရင်းရင်းနှီးနှီး စကားပြောကြပါ။ အဲဒါက ကိုယ့်ပျော်ရွှင်မှုကို တက်စေပါလိမ့်မယ်။
၃။ လိုအင်ဆန္ဒတွေကို ထိန်းချုပ်ပါ။
ဒါ စားလိုက်ရရင် ပျော်သွားတယ်။ ဒါပေမဲ့ ခဏပဲ။ နောက်တစ်ခု စားချင်လာပြန်ရော။ ဒါလေး ဝယ်လိုက်ရရင်၊ ဝတ်လိုက်ရရင် ပျော်သွားတယ်။ ခဏလည်းနေရော၊ နောက်တစ်ခု လိုချင်၊ ဝတ်ချင်လာပြန်တယ်။ ဆိုတော့ ပျော်ရွှင်မှုဆိုတာ အလိုဆန္ဒ ပြည့်မှုအပေါ်မှာ ရှိတာ မဟုတ်ဘူး။ အလိုဆန္ဒ နည်းခြင်းအပေါ်မှာ ရှိတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်က ဆွဲဆောင်နေတာတွေ သိပ်များလို့ လိုအင်ဆန္ဒတွေ ထိန်းချုပ်ရတာ ခက်မှန်း သိပါတယ်။ ဒါပေမဲ့ အဲဒါက ပျော်ရွှင်ဖို့အတွက်တော့ သိပ်အရေးကြီးတဲ့ ဘဝနေထိုင်နည်း တစ်ခုပါ။
၄။ အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းပါ။
ဘဝဆိုတာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ခုဆို ကြည့်။ ဘယ်သူက COVID-19 ကို ဖြစ်လာမယ် ထင်ခဲ့လို့လဲ။ နေ့စဉ်ဘဝမှာလည်း မထင်မှတ်တာတွေ အမြဲဖြစ်နေကျပဲ။ ဒါတွေကို အပြစ်တင် ညည်းညူနေရုံနဲ့တော့ မပြီးဘဲ အကောင်းမြင်စိတ်ကလေး ထားပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ မလုပ်ခဲ့ရင် ကောင်းသား၊ မဖြစ်ခဲ့ရင် ကောင်းသား၊ ငါ ဒီလိုလုပ်ခဲ့ရမှာ စတဲ့ အတိတ်ကို တမ်းတပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ညည်းတွားမှုတွေကို သတိကလေး ထားပြီး ထိန်းလိုက်ပါ။ ပြီးရင် အကောင်းဆုံး ဘယ်လိုရှေ့ဆက်မလဲ ဆိုပြီး စဉ်းစားတတ်တဲ့ အလေ့အကျင့်ကို မွေးပါ။ စိတ်ညစ်စရာတွေ အတော်လျော့ပါးသွားပါလိမ့်မယ်။
၅။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။
တစ်ချိန်လုံး အလုပ်တွေလုပ်၊ ကျန်းမာရေး ထိမလို ဖြစ်မှ အသည်းအသန် ကုသနေရမဲ့အစား စောစောကတည်းက ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာ ပိုကောင်းပါတယ်။ အဲ့လို ဆေးရုံတက်ရတဲ့အခါ အရင်က ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ ကိစ္စတွေက ဖြစ်သွားတာပဲမို့လား။ ဒါကြောင့် ငါမရှိရင် မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ ဖြစ်ပါတယ်။ ကိုယ့်စိတ်က မပြတ်သားတာပါ။ ဒီတော့ ကိုယ့်အတွက် အချိန်တစ်ခု မဖြစ်မနေ ပေးပါ။ အားကစားလုပ်ချိန်၊ ကျန်းမာရေးစစ်ဆေးချိန်၊ တရားထိုင်ချိန်၊ ကိုယ်ဝါသနာ ပါတာလေးတွေ လုပ်ဖို့အချိန် စသဖြင့် ပေးပါ။ ကားတစ်စီးလိုပေါ့။ တစ်ချိန်လုံး မောင်းပဲနေလို့ မရပါဘူး။ ဆီဖြည့်ရတယ်။ အနားပေးရတယ်။ ဆီ၊ ရေ၊ လေ၊ ဝိုင် စစ်ရပါတယ်။ ဒါမှ ကြာရှည်ခံတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း အဲ့လိုကားတစ်စင်းလို သဘောထားပြီး အချိန်ပေးပါ။
ဒေါက်တာ ဖြိုးသီဟ

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay