လူတစ်ယောက်ရဲ့ Personal brand ကို ရေရှည်တည်ဆောက်တဲ့နေရာမှာ Audience ရွေးချယ်ခြင်း တနည်းအားဖြင့် ကိုယ်က ဘယ်လိုလူမျိုးကို Impress လုပ်ချင်တာလဲဆိုတာက အရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။ ကိုယ့်အထက်အရာရှိနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကြားထဲမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် တည်ဆောက်ချင်တာလား။ မိသားစုထဲမှာ မိသားစုဝင်ကောင်းတစ်ယောက် အဖြစ်တည်ဆောက်ချင်တာလား။ ကျောင်းသားတွေကြားထဲမှာ အသင်အပြကောင်းတဲ့ဆရာအဖြစ်၊ ဝယ်သူတွေကြားထဲမှာ အရောင်းသမားကောင်းတစ်ယောက်အဖြစ်၊ အိမ်ရှင်မတွေကြားထဲမှာ အချက်အပြုတ်ကောင်းသူတစ်ယောက်အဖြစ် နာမည်ကောင်းတည်ဆောက်လိုတာလား။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Audience ကို သိရပါမယ်။ လူတိုင်းကို နေရာတိုင်းမှာ မှန်ကန်တဲ့ impression ကိုပေးဖို့ဆိုတာက နည်းနည်းခက်ခဲနိုင်ပေမဲ့ ကိုယ်သတ်မှတ်ထားနဲ့၊ ကိုယ့်အတွက် အရေးကြီးတဲ့ audience အရှေ့မှာတော့ မှန်ကန်တဲ့ အနေအထိုင်၊ အပြောအဆို၊ လုပ်ပုံကိုင်ပုံရှိသင့်တယ်လို့ ထင်ပါတယ်။ “လိုအပ်ချက်တွေကို နားလည်ဖို့”တခါတရံမှာ ကိုယ်က အများကြီးလုပ်ဆောင်နေသလောက် ရလဒ်မရဘူးဆိုရင် ပြန်စဉ်းစားသင့်ပါတယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်နေတာလား၊ တဖက်လူတကယ်လိုချင်တဲ့ Need ကိုရော တကယ်ပေးနေရဲ့လား ဆိုတာပါ။ လုပ်ငန်းခွင်မှာ တိုးတက်အောင်မြင်ချင်လို့ ပရော်ဖက်ရှင်နယ်ကျတယ်ဆိုတဲ့ Personal Brand ကို တည်ဆောက်ချင်သူဆိုရင် သူ့အနားမှာရှိတဲ့ လုပ်ငန်းခွင်က အထက်လူကြီး၊ လုပ်ဖေါ်ကိုင်ဖက်၊ အောက်ကဝန်ထမ်း၊ ပိုင်ရှင် စတဲ့လူတွေရဲ့ စိတ်နေသဘောထား၊ သူတို့ရဲ့ personality၊ သူတို့နှစ်သက်တဲ့ အလုပ်လုပ်တဲ့ ပုံစံ၊ သူတို့ရဲ့ စံ ဒါတွေကို သိသင့်ပါတယ်။
ဒီလိုသိခြင်းဟာ အရာရာတိုင်းသူတို့အကြိုက်လိုက်လုပ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သိခြင်းအားဖြင့် ကိုယ်လုပ်နေကျပုံစံတွေက သူတို့နဲ့ လိုက်လျောညီထွေဖြစ်လား၊ ဆန့်ကျင်နေသလားဆိုတာကို သုံးသပ်နိုင်ပါတယ်။ ဥပမာ – ကိုယ့်ရဲ့ အထက်လူကြီးက နားထောင်ခြင်းထက် စာဖတ်ခြင်းကို အားသန်တယ်၊ အကြောင်းအရာတော်တော်များများကို သေသေချာချာဖတ်ပြီးမှ အဓိပ္ပာယ်ဖွင့်ဆိုတတ်တယ်။ ကိုယ်ကတော့ အရေးထက် အပြောကို အားသန်တယ်။ ဒါကြောင့် ပြောဆိုဆက်ဆံခြင်းတွေမှာ ကိုယ်နှစ်သက်တဲ့ ပုံစံအတိုင်းပဲ ပြောနေမယ်။ သူ့ရဲ့ ဖတ်ရှုနားလည်လိုခြင်းဆိုတဲ့ ‘need’ ကို အရေးမစိုက်ဘူးဆိုရင် ကြာလာရင် communication gap တွေဖြစ်လာပါမယ်။ ကိုယ်က မှားနေလို့ မဟုတ်ပါဘူး။ သူနဲ့ ကိုယ်နဲ့ ကြားမှာ လိုအပ်ချက်မတူ၊ အကြိုက်မတူတာကို ကိုယ်က မသိလိုက်လို့ဖြစ်ပါတယ်။ တခါတရံမှာ လုပ်ဖေါ်ကိုင်ဖက်အပြောင်းအလဲဖြစ်တယ်။ အရင် colleague က စားပွဲတွေ ရှုပ်ပွနေလည်း အလုပ်လုပ်တတ်တယ်။ ခု colleague အသစ်က အလွန်အသန့်အရှင်းကြိုက်တယ်၊ တချိန်လုံး သန့်ရှင်းရေးလုပ်နေတယ်။ သို့မဟုတ် colleague အဟောင်းတုန်းက ထမင်းစားရင် တစ်ယောက်တည်းသီးသန့်စားတတ်တယ်။ အသစ်က တူတူအုပ်စုလိုက် သွားရတာကိုနှစ်သက်တယ်။ အဟောင်းတုန်းက မိသားစုအကြောင်း၊ အိမ်ကခွေးကလေးအကြောင်းကအစ ရင်းရင်းနှီးနှီးပြောပြတတ်တယ်။ အသစ်က သီးသီးသန့်သန့်တိတ်တိတ်ဆိတ်ဆိတ်နေချင်တယ်။ အသေးအဖွဲလေးတွေလို့ထင်ရပေမဲ့ ဒီလို need လေးတွေပြောင်းလဲသွားတာကို မသိလိုက်ရင် ကိုယ်က ပုံမှန်နေပေမဲ့ ဆက်ဆံရေးတွေအဆင်မပြေတော့တာမျိုး၊ အထက်လူကြီးက သဘောမကျတော့တာမျိုး၊ အလုပ်လုပ်ရာမှာ အနှောက်အယှက်လေးတွေဖြစ်လာတာမျိုး ဖြစ်တတ်ပါတယ်။
“ဘယ်လို လိုအပ်ချက်” မျိုးတွေကို နားလည်ရမှာလဲ ?
Functional – လက်တွေ့ကျသော၊ ကိုင်တွယ်ထိတွေ့သတ်မှတ်လို့ရသော လိုအပ်ချက်များ။လုပ်ငန်းခွင်ထဲမှာကိုယ်က မားကက်တင်းရာထူးကို ယူထားပြီး market analysis မတတ်လို့ လုံးဝမဖြစ်ပါဘူး။ တခါတရံမှာ ကျောင်းကသင်ထားတဲ့ သီအိုရီကို တိုက်ရိုက်သုံးလို့ရတဲ့အခါတွေရှိသလို တကယ်အလုပ်လုပ်တော့မှ တွေးခေါ်ပေါင်းစပ်ပြီး သင်ယူရတဲ့ အရာတွေမှာလည်း ကျွမ်းကျင်စွာဖြေရှင်းနိုင်ဖို့လိုပါတယ်။ ကလေးတွေကို စာသင်တဲ့ဆရာမဆိုရင် ကလေးပြုစုပျိုးထောင်ခြင်းအခြေခံတော့ တတ်သင့်ပါတယ်။ Trainer တစ်ယောက်အနေနဲ့ Training framework တွေ၊ curriculum တွေ၊ flow တွေ မပြင်တတ်လို့မရပါဘူး။
Emotional – စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ။ဒါတွေကတော့ လူတိုင်းမှာရှိပြီး အလွယ်တကူမမြင်နိုင်တဲ့၊ သိမ်မွေ့တဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လေးတွေပါ။ အပေါ်မှာပြောခဲ့သလိုဘဲ သီးသီးသန့်သန့်နေရတာကို နှစ်သက်တာ၊ သန့်သန့်ရှင်းရှင်းနေရတာကို ကြိုက်တာ၊ အရောင်လေးတွေကို နှစ်သက်တတ်တာ၊ မနှစ်သက်တတ်တာ၊ လေသံမာမာနဲ့ ပြောရင် မကြိုက်တာ စသဖြင့် လိုအပ်ချက်ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ပါဘူး။ ကော်ဖီကြိုက်တဲ့ သူငယ်ချင်းကို ကော်ဖီဝယ်တိုက်တာမျိုး၊ အသန့်ရှင်းကြိုက်တဲ့ လုပ်ဖေါ်ကိုင်ဖက်နဲ့ တစ်ခန်းထဲနေရတဲ့အခါ သတိလေးထားပြီး ကိုယ့်စားပွဲကိုယ် သန်ရှင်းအောင်ထားတာ၊ နေမကောင်းတဲ့ အစ်မအတွက် သူကြိုက်တတ်တဲ့ ကြေးအိုးဆီချက်လေး ဝယ်သွားတာမျိုးဟာ ဘာမှမဆိုင်တဲ့ သေးသေးလေးတွေလို့ ထင်ရပေမဲ့ လူတွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့၊ ကျေနပ်နှစ်သိမ့်စေတဲ့ အရာလေးတွေပါပဲ။
Functional Need ကိုတော့ သတိထားပြီး ကျွန်မတို့ ဖြည့်ဖြစ်ကြပေမဲ့ emotional need ကိုတော့ မေ့နေတတ်ကြပါတယ်။ အရာရာတိုင်း ကိုယ့်စိတ်ကို မေ့ပြီး သူများစိတ်တိုင်းကျ လိုက်လုပ်ရမယ်လို့ လုံးဝမဆိုလိုပါဘူး။ အထင်ကြီးခံချင်စိတ်၊ လူဝင်ဆန့်ချင်စိတ်နဲ့ မရိုးမသား လုပ်တာကိုလည်း လုံးဝအားမပေးပါဘူး။ ဒါပေမဲ့ ဈေးဝယ်လာတဲ့ ကိုယ့်ရဲ့ဖေါက်သည်ကို သူ့သားလေး ကျောင်းတက်နေပြီလား သို့မဟုတ် အစ်မက ကြွှတ်ကြွှတ်အိတ်တွေ အများကြီးသုံးတာမကြိုက်မှန်းသိလို့ နည်းနည်းနဲ့ ပေါင်းထည့်ပေးလိုက်တယ်နော်… စသဖြင့် ဂရုစိုက်တတ်တဲ့ အရောင်းသမားက ပိုအောင်မြင်မှာ အသေအချာပါပဲ။တဖက်လူရဲ့ လိုအပ်ချက်လေးတွေကို နားလည်လေလေ၊ သူမကြိုက်တဲ့ ကိစ္စလေးတွေကို ရှောင်ပြီး သူနှစ်သက်တဲ့ ပုံစံမျိုးလေးကို သတိထားပြီး လုပ်ပေးတာလေး၊ သိအောင် သတိထားပြီး လေ့လာတာမျိုးလေးဟာ ကိုယ့်တည်ဆောက်ချင်တဲ့ နယ်ပယ်က ကိုယ့်ရဲ့ Personal Brand ကို တိုးတက်လာအောင် အထောက်အပံ့ပေးနိုင်တဲ့ အမူအကျင့်တစ်ခုမို့ ကိုယ့်တည်ဆောက်ချင်တဲ့ နေရာကိုရွေး၊ ပြီးရင် အဲဒီနေရာမှာ ကိုယ်ရိုးသားမှန်ကန်စွာ impress လုပ်ချင်တဲ့သူကို လေ့လာပြီး သူတို့ရဲ့ လက်တွေ့ကျတဲ့ လိုအပ်ချက်တွေ (Functional Need) နဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် (Emotional Need) လေးတွေကို သတိထား ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။