အလုပ်စားပွဲမှာ ထိုင်လိုက်ပြီဆိုတာနဲ့ ကိုယ်လုပ်မယ်လို့မှန်းထားတဲ့ အလုပ်ကို ပြီးအောင်လုပ်နိုင်တဲ့သူ ရှားပါတယ်။ ဖုန်းဝင်လာလို့ ပြောလိုက်တာ၊ Facebook လေး ခဏဆိုပြီး ပွတ်လိုက်မိတာ၊ ဘေးစားပွဲက သူငယ်ချင်းက စကားလှမ်းပြောတာ၊ လှမ်းမေးလို့ ဖြေလိုက်မိတာ၊ ဝန်ထမ်းက မေးစရာရှိတာတွေ၊ လက်မှတ်ထိုးစရာတွေ တထပ်ကြီးနဲ့ရောက်လာတာ၊ အချိန် သုံးလေးနာရီသာကုန်သွားရော ဘာမှမလုပ်လိုက်ရဘူးဆိုတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။
ကျွန်မအသိ လုပ်ငန်းရှင်အစ်ကိုတစ်ယောက်က ပြောဖူးပါတယ်။ သူ့မှာ ရုံး ၂ ထပ် (2 floors) ရှိတယ်။ ဝန်ထမ်းပေါင်း ၈၀ ကျော်ကို ချောင်ချောင်ချိချိထားနိုင်လောက်အောင်ကို ကျယ်တယ်။ အလုပ်လုပ်ဖို့ facilities တွေရှိတယ်။ ဒါပေမယ့် တကယ်အလုပ်လုပ်ရမယ့်နေ့တွေဆို တနေကုန် ကော်ဖီဆိုင်တဆိုင်ဆိုင်မှာ ထိုင်အလုပ်လုပ်မှ အလုပ်ပြီးပါသတဲ့.. သူ့ခမျာ သနားစရာ.. သူပေးထားတဲ့ facilities တွေကို ကိုယ်တိုင်မသုံးရတဲ့ဘဝ။
ကျွန်မတက်ခဲ့ဖူးတဲ့ Mission Control ဆိုတဲ့ Time management နဲ့ Project Management သင်တန်းမှာ အလေးပေးပြီးပြောတဲ့ သင်ခန်းစာတစ်ခုက Distractions ဆိုတဲ့ အနှောက်အယှက်တွေ အကြောင်းပါ။
အလုပ်တစ်ခုကို စလုပ်တဲ့အချိန်မှာ စိတ်ဝင်စားမှုနဲ့ စူးစိုက်မှုရဖို့အချိန် ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ကြာပါတယ်တဲ့။ (အတိအကျမမှတ်မိတဲ့အတွက် အနည်းငယ်လွဲနိုင်ပါတယ်)။ ဆိုလိုတာက အလုပ်စားပွဲမှာ ထိုင်လိုက်တာနဲ့ ချက်ချင်း အလုပ်ထဲစိတ်ရောက်ပြီး productive ဖြစ်တာမဟုတ်ပါဘူး။ အာရုံစူးစိုက်မှုရဖို့ အချိန်တစ်ခုလိုပါတယ်။
အလုပ်လုပ်ဖို့ ကွန်ပျူတာလေးဖွင့်၊ ၁၅ မိနစ်မပြည့်ခင် ဖုန်းလာ၊ ဖြေ၊ ကွန်ပျူတာပြန်ကြည့်၊ အီးမေးလ် အသစ်ဝင်လာ၊ ဖြေလိုက်၊ အလုပ်ပြန်လုပ်ဖို့ပြင်၊ ဝန်ထမ်းက တစ်ခုခုသိချင်လို့ လာမေး.. ဖုန်းကလာ၊ အစည်းအဝေးသွားရ၊ အဲဒါနဲ့ပဲ ၁၅ မိနစ်မပြည့်ခင် တစ်ခုပြီးတစ်ခုလာတဲ့ urgent task တွေဆီ စိတ်ရောက်သွားတာနဲ့ပဲ ရည်ရွယ်တဲ့အလုပ်တွေမပြီး၊ စိတ်တို၊ ကိုယ့်ကိုယ်ကို တနေကုန် အလုပ်လုပ်နေရပြီး productive မဖြစ်ဘူးလို့ ခံစားရ… စိတ်ပျက် ဒေါသထွက်.. တနေကုန်သွားခဲ့တာ ဘယ်နရက်ရှိနေပြီလဲ?
အဲဒီလိုဖြစ်တာတွေကနေ ရှောင်လွှဲနိုင်ဖို့ နည်းစနစ်လေးတွေ သိသမျှ မျှဝေချင်ပါတယ်။
- တနေကုန် အလုပ်မစခင် ဒီနေ့တော့ ဘာတွေပြီးအောင် လုပ်ရမယ်ဆိုတဲ့ Priority list ကို အရင်ရေးချပါ။ ကျွန်မclient လုပ်ငန်းရှင်တစ်ယောက်ကတော့ မနက်မှရေးရင် အချိန်ကုန်၊ energy ကုန်လို့ ညမအိပ်ခင် ရေးပါသတဲ့။ ဘယ်ချိန်ပဲရေးရေးပါ.. အလုပ်တွေကို လုံးဝ မထိခင်မှာ ကိုယ့်ရဲ့ focus tasks တွေကို သိနေဖို့လိုပါတယ်။
- Email စစ်တဲ့အချိန်ကို ဖြစ်နိုင်ရင် အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပါ။ ကျွန်မကတော့ ရုံးရောက်လို့ အလုပ် ၁ ခု၊ ၂ ခုလောက်ပြီးသွားလို့ ပျင်းတဲ့အချိန်မျိုးမှာ လုပ်လေ့ရှိပါတယ်။ တနေ့ကို ၂ ချိန်လောက်ပေးရင် ကျွန်မအတွက် လုံလောက်ပါတယ်။ ကျန်တဲ့အချိန်မှာ မေးလ်တွေ ဝင်နေတာမြင်ရပေမယ့် ဘယ်ကပို့လဲဆိုတာလောက်ပဲ ကြည့်ပြီး အသေးစိတ်မဖတ်ပဲ ခဏထားထားပါတယ်။
- ချက်ချင်းပြန်ရမယ်ဆိုရင်လည်း ဘေးမှာ စာရွက်အကြမ်းထားထားပြီး ရေးမှတ်ပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ် လုံးဝပြီးမှ အဲဒါကို လုပ်ပါတယ်။ ဟိုအလုပ်မပြီးသေးဘဲ တဝက်တပျက် လုပ်လိုက်မိရင် အရင်အလုပ်ကို ပြန်မလှည့်ကြည့်ဖြစ်တာများလို့ပါ။
- ကိုယ့်ကိုယ်ကို ၂ နာရီဖြင့် ၂ နာရီ alarm ပေးပြီး ဖုန်းရဲ့ Data/WiFi တွေကို ပိတ်ပါတယ်.. ၂ နာရီပြည့်အောင် အလုပ်လုပ်ပြီးရင် ပြန်ပေးသုံးမယ်လို့ ကိုယ့်ကိုယ်ကို ချော့ရပါတယ်
- ကိစ္စတော်တော်များများကို အစည်းအဝေးမှာပဲ ဖြတ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ခေါင်းထဲက လုံးဝထုတ်ပစ်လိုက်ပါတယ်။ ကိုယ့်ခေါင်းထဲမှာ လုံးဝကို မရှိတော့ဘူးနော်.. ကျွန်မက သတိပေးနေမှာမဟုတ်ဘူးဆိုတာ ဝန်ထမ်းတွေကို ပြောပြပါတယ်။ ကျွန်မခေါင်းထဲမှာ တကယ်မရှိတော့တာ သူတို့က သိတဲ့အတွက် ပိုပြီးတာဝန်ယူလာကြပါတယ်။
- တကယ် focus လုပ်ရမယ့် အလုပ်ရှိနေရင် စ မလုပ်ခင်ထဲက အကုန်လုံးကို အသိပေးထားပါတယ်။ အလုပ်ရှိတယ်၊ ၂ နာရီလောက်တော့ကြာမယ်။ ဒီကြားထဲမှာ သေရေးရှင်ရေးကလွဲရင် လုံးဝ စကားလာမပြောပါနဲ့ ဆိုတာမျိုး။ ကျွန်မအသိ ထိုင်းအမျိုးသမီးတစ်ယောက်ကတော့ သူ့စားပွဲမှာ စာလေးရေးပြီး ထောင်ထားတာ တွေ့ခဲ့ဖူးပါတယ်။ Urgent အလုပ်လုပ်နေသည်၊ ၁ နာရီကြာမည်.. ဆိုတာမျိုး။
- တစ်ယောက်ယောက်က မသိလို့ စကားလာပြောရင် အခုတော့ ပြောလို့မရသေးဘူးလို့ ကောင်းကောင်းမွန်မွန် ပြောပြပါတယ်။ ၂ နာရီနေရင် ပြန်လာခဲ့ သို့မဟုတ် ကျွန်မလာခဲ့မယ်လို့ ပြောပါတယ်။ တကယ်လည်း ပြောတဲ့အတိုင်း သူ့ကို ပြန်အချိန်ပေးရပါမယ်။ ဖုန်းလာရင်လည်း တူတူပါပဲ။
- အလုပ်တစ်ခုဆိုတာ တခါတလေ မထင်မှတ်ဘဲ ကြာသွားတတ်တာတို့၊ မမျှော်လင့်တဲ့ အခက်အခဲဆိုတာ ပေါ်လာတတ်တာမို့ တစ်ခုနဲ့တစ်ခုကြားကို အနည်းဆုံး ၁၅ မိနစ် အချိန်ခြားပါတယ်။
- အလုပ်လောဘ အရမ်းမကြီးတော့ပါဘူး (အရင်ကတော့ အလွန်လောဘကြီးပါတယ်) ကိုယ်ပြီးနိုင်သလောက် target ထားပြီး အချိန်ပိုမှ တခြား second priority လေးတွေလုပ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။
ဘယ်လိုနည်းလမ်းတွေပဲ သုံးသုံးပါ.. အရေးကြီးတာက ပင်ပန်းပြီး အလုပ်မပြီးတဲ့လူ၊ energy တွေကုန်၊ အချိန်တွေကုန်ပြီး result ပြစရာ မရှိတဲ့လူ မဖြစ်ဖို့လိုပါတယ်။
သင်ဘယ်လောက်ပင်ပန်းတယ်၊ ဘယ်နနာရီ အလုပ်လုပ်တယ်၊ ထမင်းမစား ဟင်းမစား အပင်ပန်းခံတယ်ဆိုတာတွေကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ သင်ဘာရလဒ်ပြနိုင်လဲ.. ဘာတွေပြီးပြီလဲဆိုတာပဲ စိတ်ဝင်စားတာပါ။
အဲဒီတော့ တနေကုန် အလုပ်လုပ်တဲ့နေရာမှာ သူများရဲ့ agenda တွေနဲ့ စီးမျောနေရင်း အချိန်တွေကုန်သွားတာမျိုး မဟုတ်ဘဲ ကိုယ့် agenda နဲ့ ကိုယ်နေရင်း ကိုယ်လိုချင်တဲ့ ဘဝ၊ ကိုယ့်ရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ပါစေ။
Htet Yie (Brand You)
photo: Internet