ကိုယ်ဝါသနာပါတာတစ်ခုတည်းနဲ့ ဘာမှ မသိ၊ နားမလည်၊ မတတ်တဲ့ နယ်ပယ်မှာ အလုပ်လုပ်တာ ၈ နှစ်လောက် ကြာတဲ့အခါ ကျွန်မ သေသေချာချာသိလာရတာတွေရှိပါတယ်။
အဲဒီထဲက တစ်ခုက ဘဝမှာ ပျော်ရွှင်အောင်မြင်ဖို့အတွက်ဆိုရင် ကိုယ့်ကို စိတ်ရင်းနဲ့ ချစ်ခင် အားပေးမဲ့၊ ကိုယ့်ရဲ့ ကောင်းခြင်းဆိုးခြင်းကို judge မလုပ်ဘဲ လက်ခံပေးမဲ့၊ ကိုယ့်ရဲ့အိပ်မက်တွေကို မဖြစ်နိုင်ပါဘူးကွာဆိုပြီး ရိုက်မချိုးဘဲ ဘယ်လိုဝိုင်းကူညီရမလဲ ဆိုပြီး အားပေးတဲ့ community လေးတစ်ခုရှိနေဖို့အရေးကြီးပါတယ်။လူအနည်းအများနဲ့ မဆိုင်ပါဘူး။
ကိုယ်နဲ့ value တန်ဖိုးထားတာချင်း တူရမယ်။
ဘဝအပေါ်မြင်တဲ့အမြင်တွေ ညှိလို့ ရရမယ်။
အမြဲကြိုးစားပြီး တိုးတက်ချင်စိတ်ရှိတဲ့လူတွေ ဖြစ်ရမယ်။
မနာလိုစိတ်၊ ဝန်တိုစိတ်ကင်းတဲ့ လူတွေ ဖြစ်ရမယ်။
အပြောမဟုတ် တကယ် အလုပ်လုပ်တဲ့လူတွေ ဖြစ်ရမယ်။
အဲဒီ အစုအဖွဲ့လေး community လေးထဲ ရောက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ငါကဘယ်ရာထူး၊ ဘယ်လောက်ချမ်းသာဆင်းရဲတယ်ဆိုပြီးလည်း နှိုင်းယှဉ်မနေဘူး။ သူများပြောတာကိုလည်း ဖွင့်ထားတဲ့စိတ်နဲ့ နားထောင်ပေးတတ်ပြီး အကောင်းဆုံးအကြံဥာဏ်ပေးနိုင်တယ်။ ကိုယ့်ရဲ့ ကျရှုံးမှုတွေ၊ ကိုယ်ညံ့တာတွေ၊ ကိုယ်အမှားလုပ်မိတာတွေကိုလည်း အထင်သေးမှာလားရယ်လို့ စိတ်ပူစရာမလိုဘဲ ရယ်စရာအနေနဲ့ ပြောပြလို့ရတယ်။ အကြံဥာဏ်တောင်းလို့ရတယ်။
အလကားနေရင်းတော့ ရလာမှာမဟုတ်ပါဘူး။ ကိုယ်က ဘယ်လိုလူမျိုးနဲ့ပေါင်းချင်တယ်ဆိုတာကို သေချာရွေးချယ်ပြီး ရေရှည်ဆက်ဆံကြည့်ရတာမျိုးပါ။
ကိုယ့်ကို power ပေးမဲ့ empowering community ရှိတဲ့အခါ အလုပ်လုပ်ရတာလည်း ပိုအဓိပ္ပာယ်ရှိတယ်။ လမ်းကြောင်းလွဲချင်လာရင်လည်း ထိန်းပေးမဲ့လူရှိတယ်။ ကိုယ်လဲကျရင် ထူပေးမဲ့လူရှိတယ်။ ကိုယ်အောင်မြင်တဲ့အခါ ဝမ်းသာပေးမဲ့လူရှိတယ်။
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူတွေနဲ့ ပေါင်းသင်းစေမှာလဲ ဆိုတဲ့ network ကို တည်ဆောက်ဖို့ အချိန်ပေးဖို့က အရေးကြီးလှပါတယ်။
ထက်ရည်