ကြောက်စိတ်အခြေခံနဲ့လား၊ မေတ္တာစိတ်အခြေခံနဲ့လား။
နေ့စဉ်တိုင်း အချိန်တိုင်း လုပ်သမျှအလုပ်တွေမှာ အခြေခံအကြောင်းရင်း ဘာကြောင့်လုပ်တာလဲဆိုတာကို စဉ်းစားကြည့်မိပါတယ်။
အကြောက်တရားအခြေခံနဲ့လုပ်တာက ပိုများလေ့ရှိပါတယ်။ အခုလိုအချိန်မျိုးမှာ စိတ်ငြိမ်းချမ်းဖို့ ဘုရားရှိခိုးရင်တောင် ကံမကောင်းမှာ ကြောက်လို့ရှိခိုးတာ၊ သေသွားရင် ငရဲကျမှာကြောက်လို့ရှိခိုးတာ..
အခြေအနေအရ အထုတ်ပြင်ရင်တောင် ကြောက်ကြောက်နဲ့ပြင်တာ..
ကလေးတွေကို စကားပြောရင် ကိုယ်မနိုင်မှာ၊ ကိုယ့်ကို အာခံမှာ ကြောက်တဲ့စိတ်အခြေခံနဲ့ပြောတာက များပါတယ်။
ဆိုရှယ်မီဒီယာမှာ စာတင်တာတောင် ငါ့ကို တစ်ခုခု ပြောတော့မှာလား၊ ဒါမှမဟုတ် ဘာမှ မလုပ်နေဘူးလို့ ထင်ကြတော့မှာလား ဆိုတဲ့ အခြေခံနဲ့ တင်လေ့ရှိကြပါတယ်။
သွေးတဲ့ဓါးက ထက်တယ်ဆိုသလိုပါပဲ။
ကြောက်စိတ်အခြေခံနဲ့အလုပ်လုပ်တဲ့အခါ ဦးနှောက်ရဲ့ ကြောက်တဲ့အပိုင်းက ပိုကြီးလာပါတယ်။ တုန့်ပြန်မှု ပိုမြန်ဆန်လာပါတယ်။ ကြာလာရင် မလိုအပ်ဘဲ sensitive ဖြစ်တာတွေ၊ အချိန်တိုင်း react တုန့်ပြန်မှုမြန်ဆန်လွန်းလို့ စိတ်ကို သတိနဲ့မထိန်းနိုင်တော့တာတွေ ဖြစ်တတ်ပါတယ်။ အမှားတွေများလာပါတယ်။ ကြာလာရင် စိတ်ဖိစီးမှုတွေများလာပြီး ရောဂါရမှာက ကိုယ်ပဲဖြစ်မှာပါ။
အဲဒီတော့ လုပ်စရာရှိတာတွေကို လုပ်ရမဲ့အတူတူ ချစ်ခြင်းမေတ္တာ အခြေခံလေးနဲ့ လုပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
မေတ္တာတရားကို နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့လူတွေကလွဲရင် ကျွန်မတို့လို သာမာန်လူတွေက လူတိုင်းအပေါ် မေတ္တာမထားနိုင်ပါဘူး။
ဒါဆိုရင် ဘယ်လိုလုပ်မလဲ။
ကိုယ့်ကိုယ်ကိုယ်ထားတဲ့ မေတ္တာနဲ့ အလုပ်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် မုန်းတီးပြီး မေတ္တာမထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလူတွေအတွက် သတ်သတ်ရေးပါမယ်။ အခုက သာမာန် ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးဆိုတဲ့သူတွေအတွက်ပါ။
အလုပ်တစ်ခုလုပ်နေရင်း ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့လို့ရပါတယ်။
ကြောက်စိတ်ဝင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ငါ အေးချမ်းပါစေ လို့ မေတ္တာပို့လို့ရတယ်။ ကိုယ့်အချစ်ဆုံးသူ၊ သားသမီး၊ မိဘ စသည်ဖြင့် မေတ္တာပို့လို့ရတယ်။
အရေးပေါ် အထုတ်ပြင်တာတောင် ငါ့မိသားစုနဲ့ လိုအပ်နေတဲ့သူတွေကို စောင့်ရှောက်ဖို့ ဆိုတဲ့ စိတ်အခြေခံလေးနဲ့ လုပ်လို့ရတယ်။
အစားအသောက်စားရင် ဒီဟင်းဖြစ်လာဖို့ လုပ်ပေးတဲ့သူ အဆင့်ဆင့်၊ ချက်ပြုတ်ပေးသူ၊ အသီးအရွက်ဆိုရေလောင်းပေးသူ စသဖြင့် ကြံဖန် မေတ္တာပို့လို့ရပါတယ်။
ကျွန်မတော့ ကားမောင်းသွားရင်း လူနာတင်ယာဉ်သံကြားရင်တောင် လူနာပါခဲ့ရင် ဘေးကင်းပါစေ၊ ကျန်းမာပါစေ။ ကားပေါ်ပါလူတွေ ဘေးကင်းပါစေ စသဖြင့် ဆုတောင်းပေးတာလေး လေ့ကျင့်ကြည့်ပါတယ်။
ဒေါသမထွက်တော့ဘူးလား။ အကြောက်တရားမရှိတော့ဘူးလားဆို မဟုတ်ပါဘူး။ သေချာပေါက် ရှိမှာပါပဲ။ သို့သော် သတိလေးနဲ့ထိန်းပြီး စိတ်တည်ငြိမ်အောင်လုပ်ထားရင် ကိုယ့်စိတ်တည်ငြိမ်ပါတယ်။
ဒါဆိုရင် အနည်းဆုံးတော့ ဘေးက ကိုယ်ချစ်တဲ့သူတွေကို စိတ်ဒုက္ခမပေးမိတော့ဘူး။ ကိုယ့်အတွက် သူများမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘူး။
အရေးကြုံလာတဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်။ လိုအပ်သူတွေကိုပါ ကူညီနိုင်တဲ့သူ ဖြစ်လာပါမယ်။
ဒီတော့..
ဒီနေ့ သတိထားကြည့်ကြည့်ပါ။ တစ်ခုခုလုပ်တဲ့အခါ ကြောက်တဲ့စိတ် အခြေခံနဲ့လုပ်တာလား.. ချစ်တဲ့စိတ်၊ မေတ္တာစိတ်အခြေခံနဲ့ လုပ်တာလား….
သားသမီးကို တစ်ခုခု ဝယ်ပေးရင်တောင် ချစ်တဲ့စိတ်အခြေခံလား။ ကိုယ့်ကို ပိုချစ်စေချင်တဲ့စိတ် အတ္တ၊ ကိုယ့်ကို မချစ်တော့မှာ ကြောက်တဲ့စိတ် Fear နဲ့ ဝယ်ပေးတာလား…
ဘုရားတရားလုပ်တဲ့အခါ ငရဲကျမှာစိုးလို့ဆိုတဲ့ ကြောက်စိတ်အခြေခံနဲ့လား၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်တော်ကို ချစ်မြတ်နိုးလေးစားယုံကြည်တဲ့ စိတ်နဲ့လား..
လို့ မေးပြီး ချစ်ခြင်းမေတ္တာဓါတ်လေး ကိုယ့်နှလုံးသားထဲမှာ ရှင်သန်အောင် လေ့ကျင့်ကြည့်ဖို့ အကြံပြုလိုက်ရပါတယ်။
ထက်ရည်