ကိစ္စတစ်ခုကို အဖြေရှာမရသေး၊ စိတ်တွေရှုပ်ထွေးနေတာနဲ့ မနက်အစော ထပြီး လမ်းလျှောက်ဖြစ်ပါတယ်။
မိုးဖွဲဖွဲကျနေပေမဲ့ စဉ်းစားချင်တာကြောင့် သစ်ပင်အောက်မှာနေရင်း ကျေးဇူးတင်မိတာလေးတွေ ဖုန်းထဲ ချရေးဖြစ်ပါတယ်။
💦 ဒီအချိန်မှာ အသက်ရှိနေသေးတာ.. နေစရာ စားစရာ ရှိနေသေးတာ..
💦 ကိုယ် ဘာဖြစ်ဖြစ် နားထောင်ဖို့၊ ကူညီဖို့၊ အားပေးဖို့ အဆင်သင့်ရှိနေတဲ့ မိတ်ဆွေ သုံးလေးယောက်ရှိတာ..
💦 မိုးက တအားကြီး ရွာမနေတာ..
💦 ဖြတ်သွားတဲ့ အန်တီတစ်ယောက်က မိုးခိုနေတယ်မှတ်ပြီး ထီးနဲ့ အိမ်လိုက်ပို့ပေးရမလားမေးတာ…
💦 ငှက်ကလေးတွေရဲ့ အသံကြားနေရတာ၊ ကြားနိုင်ဖို့အတွက် နားကောင်းနေသေးတာ… (ကျွန်မအဖိုးက နားကျပ်မပါရင် ဘာမှ မကြားရတော့တာမို့ သူ့ကိုသတိရပြီး မေတ္တာပို့မိပါတယ်)
💦 မနေ့ညက လေ့ကျင့်ခန်းလုပ်ဖြစ်တာ၊ ဘုရားရှိခိုးဖြစ်တာ..
💦 ထမင်းဟင်းချက်စရာ မလိုတာ.. (ကျွန်မအလွန်ပျင်းတဲ့ ကိစ္စမို့ပါ 😅)
💦 ကြိုးစားဖြတ်ကျော်လာနိုင်ခဲ့တဲ့ ဒုက္ခပြဿနာတွေ…
💦 အပင်လေးတွေ စိမ်းနေတာ..
💦 နားကျပ်ယူလာမိလို့ သီချင်းနားထောင်ရတာ…
ကျေးဇူးတင်စရာတွေ အများကြီးပဲ လို့ တွေးမိပါတယ်။
ဘဝကတော့ ကိုယ်ဖြစ်စေချင်သလို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ တက်လိုက်ကျလိုက်ပဲ။ လက်ထဲရှိနေတာတွေကို လက်ခံပြီး အကောင်းဆုံး နေဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ကိုယ့်အပေါ်ချစ်တဲ့သူတွေကို ကျေးဇူးတင်ဖို့ ပိုပြီး သတိရမိတဲ့ အခိုက်အတန့်လေးပါပဲ။
ထက်ရည်
26.05.2021