ကျွန်မတို့ တနေရာရာကိုသွားရင်း ထိုင်စောင့်နေရလို့ ကိုယ့်ရှေ့မှာ မဂ္ဂဇင်းပဲရှိတယ်ဆိုရင် ဖတ်ကြည့်ပါ။ မင်းသမီးတွေ၊ မော်ဒယ်တွေ၊ smart အမျိုးသမီးတွေ၊ ခေါင်းဆောင်တွေ၊ ပြည့်စုံကြွယ်ဝသူတွေ၊ ပညာရှင်အမျိုးသမီးတွေ အများကြီး တွေ့ရပါလိမ့်မယ်။
ကျွန်မက အရပ်ပုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်သူမို့ မဂ္ဂဇင်းတွေက အမျိုးသမီးတွေကို မြင်တဲ့အခါ ငါလည်းသူတို့လို အရပ်ရှည်ရင်ကောင်းမယ်လို့ အမြဲတွေးမိပါတယ်။
အဝတ်အစားဝတ်တဲ့အခါဖြစ်စေ၊ ဖိနပ်စီးတဲ့အခါဖြစ်စေ မသိစိတ်က အရပ်ရှည်ချင်စိတ်ကလေး ပါပါတယ်…ဓါတ်ပုံရိုက်တဲ့အခါ သိပ်သိသာတာပါပဲ.. ကိုယ့်ထက်အရပ်ရှည်တဲ့လူနဲ့ ကပ်ပြီးမရိုက်ချင်ပါဘူး.. ကိုယ်ပုတာ ပိုသိသာမှာကိုး
ကျွန်မရဲ့ psycho က အဲဒါဖြစ်သလို တခြားလူတစ်ယောက်ဆိုရင်လည်း တခြားတမျိုးဖြစ်ပါလိမ့်မယ်။ လူနည်းစုကသာ ကိုယ့်ဘဝကို အရှိအတိုင်းကျေနပ်ကြတာပါ။
တော်တော်များများကတော့.. အသားဖြူချင်တဲ့သူ၊ အလုပ်ပိုကောင်းချင်တဲ့သူ၊ အပေါင်းအသင်းများချင်တဲ့သူ၊ ပိုချမ်းသာချင်တဲ့သူ၊ ပညာပိုတတ်ချင်တဲ့သူ စသဖြင့် ကျွန်မတို့အမျိုးသမီးတွေရဲ့ ပိုကောင်းချင်တဲ့ ပိုတိုးတက်ချင်တဲ့ လိုအင်ဆန္ဒတွေကြောင့်ပဲ လူ့ဘောင်က ပိုပြီးတိုးတက်လာတာပါ။
“အလွန်အကျွံဖြစ်ခဲ့ရင်…”
လက်ရှိဘဝထက်ပိုကောင်းချင်တာက ကိုယ့်ကို တိုးတက်စေပေမယ့်၊ အိပ်မက်တွေရှိစေပေမယ့် အလွန်အကျွံဖြစ်လာရင်တော့ အမျိုးသမီးတွေကို ဒုက္ခပေးတော့တာပါပဲ။ ပလတ်စတစ်ဆာဂျရီတွေ၊ အိတ်တွေ၊ ဖိနပ်တွေ၊ အဝတ်အစားတွေ၊ ပညာရေးပြိုင်ဆိုင်တာတွေ၊ အချစ်ရေး ပြိုင်ဆိုင်တာ၊ မနာလိုတာတွေ၊ အတင်းပြောတာတွေ၊ သူများပျက်စီးအောင်ကြံတာတွေ ရုပ်ရှင်တွေထဲ တွေ့နေရတာ အပြင်မှာလည်းတကယ်ရှိလို့ပါ။
အဲလိုပြောလို့ ကိုယ်လည်း အဲထဲမပါဘူး မထင်ပါနဲ့။ Facebook က Skincare ကြော်ငြာ၊ plastic surgery ကြော်ငြာတွေတွေ့တိုင်း ငါနောက်ဘယ်နနှစ်ခံဦးမလဲဆိုပြီး.. ကိုယ့်မျက်နှာကိုယ် မှန်ပြေးပြေးကြည့်တာ အမော
ဆိုလိုချင်တာက culture ကိုက “I am Not Enough” ဆိုတဲ့ culture ဖြစ်လာပါပြီ။ Information ခေတ်၊ Media ခေတ်၊ တော်တာကို အားပေးတဲ့ခေတ်၊ မဟုတ်တာရော ဟုတ်တာရော လူသိမြန် လူစိတ်ဝင်စားတဲ့ခေတ်မှာ ကျွန်မတို့ အမျိုးသမီးအများစုအတွက် Ideal Woman ပုံရိပ်က Perfect ဖြစ်ချင်လာပါတယ်။
I am not good enough..
I am not strong enough..
I am not rich enough…
I am not beautiful enough…
I am not …………… enough!
ပြီးပြည့်စုံတဲ့အမျိုးသမီးဖြစ်မှ ပျော်ရွှင်မယ်၊ Perfect ဖြစ်မှ Happiness ကိုရမယ် လို့ထင်တတ်ကြပါတယ်။
တကယ်တော့ ကိုယ်က ပြီးပြည့်စုံတဲ့အမျိုးသမီးတစ်ယောက် ဖြစ်မနေလည်း ကိုယ့်ကို ချစ်မယ့်လူတွေရှိတာပါပဲ။
လူတိုင်းမှာ အားနည်းချက် အားသာချက်ရှိပါတယ်။ ကိုယ့်ရဲ့အားသာချက်တွေကိုပဲ ပိုပြီးတောက်ပလာအောင် သွေးရ၊ တည်ဆောက်ရမှာပါ။ အားနည်းချက်တွေကိုကြိုးစား ပြုပြင်တာကောင်းပေမယ့် အဲဒါချည်းထိုင် စဉ်းစားမိနေရင် ပျော်ရွှင်မှုနဲ့ဝေးနေမှာပါ။ ကိုယ့်အားနည်းချက်တွေကို အသိအမှတ်ပြုပြီး ချစ်ပေးတဲ့လူတွေနားပဲနေပါ။ ကိုယ့်အားနည်းချက်ကို တချိန်လုံး ကဲ့ရဲ့နေမယ့်လူတွေ ဝေးဝေးရှောင်ပါ။
သင့်ကို Perfect ဖြစ်ဖို့ လူတိုင်းက မမျှော်လင့်ပါဘူး။ သင့်စိတ်ကူးထဲက Ideal Woman ရဲ့ အရည်အချင်းတွေ လောလောဆယ်တစ်ခုမှမရှိသေးရင်တောင် သင့်ကို ချစ်မယ့်လူတွေရှိတာ တွေ့ရပါလိမ့်မယ်..
သူတို့ကိုတန်ဖိုးထားပါ….
ဘဝရဲ့ ပျော်ရွှင်ခြင်းက ကိုယ့်မှာရှိတဲ့အရာတွေ၊ ဘေးနားမှာ ကောင်းကောင်းဆိုးဆိုး ကိုယ့်ကို သည်းခံပြီး ချစ်ပေးတဲ့လူတွေ၊ အနားမှာနေပေးတဲ့လူတွေပါ
ဘဝက တိုတိုလေးပါ။ ကိုယ့်ဘဝကိုယ် ချစ်မှ ဘဝက ကိုယ့်အတွက် Perfect ဖြစ်လာမှာပါ။
Htet Yie
16 Sept, 2018