အခုလို ဘာမှန်းမသိတဲ့အခြေအနေမျိုးမှာ တိုးတက်အောင် လုပ်ဖို့ ဆိုတာထက်ကို အခြေအနေတည်ငြိမ်နေအောင်၊ ဆိုးဆိုးရွားရွားမဖြစ်အောင် ထိန်းဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ သားသမီးတွေ၊ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို သတိထားလို့ စောင့်ရှောက်စေချင်ပါတယ်။ဒီအဖြစ်အပျက်ကြီးကနေ ကျော်ဖြတ်နိုင်ပြီး ပြန်လည်ထူထောင်ကြတဲ့အခါ မြန်မြန်ဆန်ဆန်နဲဲ့ ပြန်လည်ထူထောင်နိုင်ဖို့ဆိုရင် အခုချိန်ထဲက ဂရုတစိုက်လေးနဲ့ စောင့်ရှောက်စေချင်တာက ဒီသုံးခုပါ။
Love (ချစ်ခြင်းမေတ္တာ)ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံက အလကားပေါ်လာတာမဟုတ်ပါဘူး။ လူတွေရဲ့ ကြောက်စိတ်၊ အသက်ရှင်ခြင်းကို ခင်တွယ်တဲ့ စိတ်တွေကနေ ဖြစ်လာတာပါ။ အသက်ရှင်လိုတဲ့အခါ ငါ့အတွက်၊ ငါ့မိသားစုအတွက် ဆိုတဲ့ အတ္တစိတ်က အလိုလိုဖြစ်လာကြရတာပါပဲ။ဒီစိတ်က လူတိုင်းမှာရှိပေမယ့် ခုဆိုရင် ကိုယ့်ကျန်းမာရေး၊ ကိုယ့်မိသားစု ကျန်းမာရေးဆိုတာတွေကို မငဲ့ဘဲ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အများကြီးရှိသလိုပဲ ကိုယ်နိုင်သလောက် လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ့်ဝန်ထမ်းတွေရဲ့ မိသားစုတွေအတွက် အများကြီးစဉ်းစားပေးတဲ့ ပုဂ္ဂိုလ်တွေလည်း မြင်ရပါတယ်။မကောင်းသူတွေရှိနေနိုင်ပေမယ့် ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုက ကောင်းတဲ့သူ ဖြစ်ဖို့ ရွေးချယ်နိုင်တယ်ဆိုတာကို သတိရပါ။မကောင်းတဲ့ အတွေ့အကြုံတွေကြားမှာတောင် မေတ္တာတရားနဲ့ ချစ်ခြင်းတရားက ပွင့်လန်းလာနိုင်သေးတယ် ဆိုတာကို သတိရပါ။
Patience (စိတ်ရှည်သည်းခံခြင်း)ဒီလိုအချိန်မှာ၊ ဆိုရှယ်မီဒီယာနဲ့ သတင်းတွေက ဟုတ်တာရော၊ မဟုတ်တာရော ဖြန့်ဝေနေတဲ့ အချိန်မျိုးမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့က စိတ်ရှည်သည်းခံဖို့ လိုပါတယ်။မိသားစုတွေ တူတူ ရှိနေရတဲ့သူတွေက ကံကောင်းတာပါ။ တချို့တွေ မိသားစု နဲ့ ဝေးကွာပြီး နိုင်ငံရပ်ခြားရောက်နေရတာ၊ အလုပ်ရှိတဲ့ မြို့မှာ နေနေရပြီး ပြန်လို့မရတာတွေ၊ စားစရာမရှိလို့ သေရင် သေပါစေဆိုပြီး အလုပ်သွားနေရတဲ့ သူတွေ အများကြီးပါ။အဲဒီအချိန်မှာ ကိုယ်က စိတ်ရှည်သည်းခံပြီး အကြောက်မလွန်ဘဲ ခေါင်းအေးအေးနဲ့ သတင်းအချက်အလက်တွေကို တိုင်းထွာဆင်ခြင်တတ်ဖို့၊ ကလေးတွေနဲ့၊ မိသားစုတွေနဲ့ တူတူရှိနေတဲ့အချိန်မှာ သူတို့ကို သည်းခံတတ်အောင် သင်ပြပေးဖို့၊ အိမ်ထဲမှာတင် ပျော်ရွှင်မှုကို တည်ဆောက်နိုင်ဖို့ လိုပါတယ်။
Hope (မျှော်လင့်ချက်)ဘဝက ဘာတွေဖြစ်လာဦးမယ်လို့ မသေချာ မရေရာတဲ့ အချိန်မှာတောင် မေ ျှာ်လင့်ချက် ရှိစေချင်ပါတယ်။ မချိန်မရွေး ဆိုးသွားနိုင်တာ မှန်ပေမယ့် အချိန်မရွေးကောင်းသွားနိုင်တယ် လို့လည်း တွေးပေးပါ။ တောင့်ခံနိုင်တဲ့ သူတွေက မတောင့်ခံနိုင်တဲ့သူတွေကို တတ်နိုင်သလောက် အကူအညီပေးပါ။မျှော်လင့်ချက် မကုန်ဆုံးသရွေ့ ဘဝက ရှင်သန်နေမှာပါ။ မျှော်လင့်ချက် ကုန်ဆုံးရင် ဘဝက ရှင်ရက်နဲ့ သေနေမှာပါ။ဒီအခက်အခဲကြီးကနေ ကျော်ဖြတ်နိုင်တဲ့အခါ ငါဘာတွေလုပ်မယ်၊ ဘယ်လို ပြန်တည်ဆောက်မယ်၊ ဘယ်လို လူတွေကို ကူညီမယ်၊ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်တာတွေ လုပ်မယ်၊ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ဘယ်လိုတည်ဆောက်မယ် ဆိုတာတွေ စဉ်းစားပါ။ခုချိန်မှာ အခက်အခဲတွေကို အကောင်းဆုံးကျားကန် ကျော်လွှားနိုင်ဖို့ရယ်၊ ပိုကောင်းတဲ့၊ ပိုကျန်းမာတဲ့၊ ပိုချစ်ခင်တဲ့ ကမ္ဘာကြီးကို ပြန်လည် တည်ဆောက်နိုင်ဖို့ရယ် အတွက် ဒီ သုံးခုက မရှိမဖြစ်လိုအပ်ပါတယ်။အားလုံးပဲ ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်သည်းခံခြင်း၊ မျှော်လင့်ချက်တွေနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။
ထက်ရည်
၂၅.၀၃.၂၀၂၀