Minimalism ဆိုတာ Living with less လို့ နားလည်နိုင်တယ်။ သဘောကတော့ ဘုရားလောင်း ဝေသန္တရာမင်းလို ပါရမီဖြည့်တဲ့အနေနဲ့ ရှိသမျှ အကုန်လှူတာမျိုး မဟုတ်ဘူး။ တောထဲသွားပြီး တဲတစ်လုံးနဲ့ နေဖို့ထိလည်း မဟုတ်ဘူး။ တတ်နိုင်သလောက် ပစ္စည်းနည်းနည်းနဲ့ နေတာကို ခေါ်တာ။ Living with none မဟုတ်ဘူး။ Living with less ။ တကယ်လိုအပ်တဲ့ အရာတွေပဲ ချန်ထားပြီး မလိုတာကို စွန့်တဲ့သဘော၊ လိုအင်ဆန္ဒတွေနောက်ကို မလိုက်တဲ့ သဘောပဲ။
“ရှိသင့်သလောက်တော့ ရှိရမယ်”
ကျွန်တော်တို့မှာ ကိုယ့်အဆင့်အတန်း၊ ကိုယ့်အလုပ်နဲ့ ကိုက်ညီတဲ့ ပစ္စည်းအသုံးအဆောင်တွေတော့ ရှိဖို့ လိုတယ်။ ဘာမှမရှိဘဲ နေလို့တော့ မရဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ နမူနာပေးမယ်။ ကျွန်တော့်မှာ ကားတစ်စီး ရှိဖို့ လိုတယ်။ ပွဲတွေ သွားရင် တက်စီနဲ့ဆို အဆင်မပြေဘူး။ မိုးထဲလေထဲ ကားငှားနေရမယ်။ ချွေးထွက်မယ်။ အနံ့တွေ နံမယ်။ အချိန်လည်း အတိအကျ မှန်းရခက်တယ်။ ဒီတော့ ကားတစ်စီးတော့ ရှိမှရမယ်။ ဒါပေမဲ့ ကားအကောင်းစားကြီးတော့ ဖြစ်နေစရာ မလိုဘူး။ အခု Honda Fit လေးပဲ စီးတယ်။ ဒီကားလေးက သေးတယ်။ မောင်းရလွယ်တယ်။ ဆီလည်း မစားဘူး။ တစ်နေရာရာမှာ ရပ်ထားခဲ့ရရင်လည်း ဘယ်ကားက ဝင်တိုက်သွားမလဲ၊ ဘယ်သူက လက်ဆော့သွားမလဲ စိုးရိမ်နေစရာ မလိုဘူး။ တသသနဲ့ ဖြစ်မနေရဘူး။
ရှူးဖိနပ် ၂ ရံ ရှိတယ်။ အညိုတစ်ရံ၊ အမည်းတစ်ရံ။ အပေါ်က ဘောင်းဘီနဲ့ လိုက်အောင် ဒီလို ၂ မျိုးတော့ လိုမယ်။ ဒါတွေ မပျက်စီးမချင်း အသစ်ထပ်မဝယ်ဘူး။ ဖိနပ်ဒီဇိုင်းစုံ၊ ရောင်စုံဝယ်မထားတော့ဘူး။
ပိုက်ဆံအိတ်က အရှည်တစ်ခု၊ အသေးတစ်ခု။ အကျီနဲ့ ဘောင်းဘီကတော့ နည်းနည်းများတယ်။ ဒါတွေလည်း တော်တော်နဲ့ ထပ်မဝယ်တော့မဲ့အထဲ ပါတယ်။
ပြောချင်တာက ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုက်ညီတဲ့ အနေအထားတော့ ရှိရမယ်။ အပိုတော့ မလိုချင်နဲ့။ (ဒါကြောင့်လည်း ဘယ်လိုအခြေအနေမျိုးမှ Minimalism ဖြစ်မယ်လို့ တိတိကျကျ သတ်မှတ်လို့ မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေချင်း မတူလို့ပဲ။)
“ပစ္စည်းတွေပဲလား”
မဟုတ်ဘူး။ ဖုန်းထဲမှာဆို Theme တွေ အများကြီး ဒေါင်းထားတယ်။ များလွန်းတဲ့အပြင် အကုန်လုံးကလည်း လှနေတော့ ကျွန်တော့်မှာ ဟိုဟာလည်း ထားချင်၊ ဒီဟာလည်း ထားချင်။ အခုတော့ နည်းနည်းပဲ ထားတယ်။ ထပ်လည်း မဒေါင်းတော့ဘူး။ ဒီလိုအသေးလေးတွေလည်း ပါတယ်။
နောက်ပြီး လူတွေလည်း ပါမယ်။ မိတ်ဆွေများခြင်းက ကောင်းတယ်။ သို့သော် ကိုယ့်ဘဝအတွက် အရေးကြီးတဲ့၊ မဖြစ်မနေ လိုအပ်တဲ့ လူအုပ်စုလေးကိုတော့ ပိုပြီး အချိန်ပေးရမယ်။ ဂရုစိုက်ရမယ်။ စဉ်းစားကြည့်၊ ဒီသူငယ်ချင်းက ခေါ်၊ လိုက်သွားပြန်ပြီ၊ ဒီလူ့ကိစ္စ လိုက်လုပ်ပေးပြန်ပြီဆို ဘယ်မလဲ မိသားစုအတွက် အချိန်၊ ကိုယ့်အတွက် အချိန်။ ဒါကြောင့် ပစ္စည်းတွေတင် မဟုတ်ဘူး။ လူတွေနဲ့ ပတ်သက်ရင်လည်း Minimalist လုပ်ဖို့ လိုမယ်။
“အဓိက က လူနဲ့ဆိုင်”
ပိုက်ဆံချမ်းသာတဲ့သူကတော့ ဒီနေ့ခေတ်လိုမျိုးမှာ လိုအင်ဆန္ဒကို ထိန်းဖို့ ခက်လိမ့်မယ်။ ပိုက်ဆံမရှိရင်တော့ အလိုလို ထိန်းချုပ်ပြီးသား ဖြစ်သွားတယ်။ သို့သော်လည်း ဒါက ဝယ်နိုင်ခြင်း၊ မဝယ်နိုင်ခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်ရဲ့ လိုအင်ဆန္ဒနဲ့ ဆိုင်တာ။ ဘုရားဟောထဲမှာ ဖတ်ဖူးတဲ့၊ ပေါက်တူးကိုတောင် မစွန့်နိုင်တဲ့သူလိုပဲ။ မဝယ်နိုင်လို့သာ မဝယ်တာ။ လိုချင်နေတာပဲလေ။
ဝယ်နိုင်ချင် ဝယ်နိုင်မယ်၊ သို့သော် မဝယ်ဘူး။ မဝယ်နိုင်လို့ ကြိတ်မှိတ်နေရတာမျိုးလည်း မဟုတ်ဘူး၊ လိုချင်စိတ်ကို မဖြစ်တာ။ ဒီလိုမျိုးကိုမှ Minimalist လို့ ခေါ်နိုင်မယ် ထင်ပါတယ်။
“ဘုရားက ဘယ်လိုဟောထားသလဲ”
သန္တုဿကောစ တဲ့။ ပါဠိစကားမို့ စိမ်းလှတယ် မထင်နဲ့။ ကိုယ်တွေ နေ့စဉ်နဲ့အမျှ ရွတ်နေတဲ့ မေတ္တာသုတ်ရဲ့ ဒုတိယအပိုဒ်မှာ ပါတယ်။ အဓိပ္ပါယ်က ရောင့်ရဲတင်းတိမ်လွယ်သူ ဖြစ်ရာ၏ တဲ့။ ရောင့်ရဲတယ်ဆိုတာက ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်တာ။ တင်းတိမ်တယ်ဆိုတာက အဲ့လို နေရတာကို နှစ်သက်တတ်တဲ့စိတ်လို့ ဆိုပါတယ်။ မေတ္တာပွားနိုင်ဖို့ အခြေခံလိုအပ်ချက်တွေထဲက တစ်ခုပါ။ သဘောက မေတ္တာပွားနိုင်သူ ဖြစ်ချင်ရင် ရောင့်ရဲတင်းတိမ်တတ်ဖို့ လိုတယ်။
ပြောရရင် Minimalist ဆိုလို့သာ ထူးဆန်းနေတာ။ တကယ်က ဘုရားဟောထဲ ပါပြီးသား။ ၃၈ ဖြာ မင်္ဂလာမှာလည်း ဒါက တစ်ပါးအနေနဲ့ ပါဝင်တယ်။ မင်္ဂလာ ဆိုတာ မြန်မာလို အောင်မြင်ပြီးမြောက်ခြင်း၊ ပြည့်စုံခြင်းလို့ အဓိပ္ပါယ်ထွက်တယ်။ လူတစ်ယောက်အနေနဲ့ ပြည့်စုံမှုရဖို့ဆို ရောင့်ရဲတင်းတိမ်ခြင်းက လိုအပ်တယ်။ မေတ္တာသုတ်တွေ၊ မင်္ဂလသုတ်တွေဆိုတာ ရွတ်နေရုံနဲ့ မေတ္တာတရား ကြီးမားသူ၊ မင်္ဂလာတရားနဲ့ ပြည့်စုံသူ ဖြစ်မလာဘူး။ တကယ်ကျင့်သုံးမှ ရမှာပါ။ ဒီအတွက် Minimalism က အထောက်အကူ ပေးနိုင်ပါတယ်။
“လှူရာလည်း ရောက်တယ်”
ကျွန်တော့်မှာ အကျီတွေဆို ဟိုက ပေး၊ ဒီက ပေးနဲ့ အများကြီးပဲ။ နောက်ပိုင်း ကိုယ်နဲ့ ဘယ်လိုမှ မလိုက်မှန်း သိသွားလို့ မဝတ်ဖြစ်တော့တဲ့ အကျီတွေ၊ မတော်တော့တဲ့ အကျီတွေဆို အကုန်စုပြီး သူများတွေ ပေးလိုက်တယ်။ အမှိုက်သိမ်းတဲ့ ကောင်လေးကို တီရှပ် ၂ ထည် ပေးလိုက်တော့ ပျော်နေလိုက်တာ။ သူတို့အတွက်ကျ အသစ်လိုပဲကိုး။
ဟိုနေ့ကလည်း ပွဲပေါင်းများစွာက ရထားတဲ့ ဖန်ခွက်တွေ၊ ရေဗူးတွေ စုပြီးတော့ ရုံးက Cleaner အစ်မကြီးကို ပေးလိုက်တယ်။ ကိုယ်တိုင်လည်း ယူ၊ ပတ်ဝန်းကျင်က လူတွေကိုလည်း ခွဲပေးလိုက်ပါလို့။ စဉ်းစားကြည့်ရင် ကိုယ်လည်း ဒီလောက် ဗူးတွေ အများကြီး တစ်ပြိုင်တည်း မသောက်နိုင်ဘူး။ ဒီအတိုင်းကြီး ထားထားရတာ။ ခုလို ပေးလိုက်တော့ လိုအပ်သူအတွက်ကျ အကျိုးရှိသွားတယ်။
“စွဲလမ်းနေတာ အကျိုးမရှိ”
လိုအင်ဆန္ဒ နည်းတယ်ဆိုပေမဲ့ ကျွန်တော့်မှာလည်း စွဲလမ်းတဲ့အရာတွေတော့ ရှိတာပဲ။ ဥပမာဆို စာအုပ်ပေါ့။ ရေးတဲ့ ဗလာစာအုပ်လှလှလေးရော၊ ဖတ်တဲ့ စာအုပ်တွေရော သိပ်သဘောကျတာ။ စီးတီးမတ်ရောက်ရင် စာအုပ်တန်းကို ဝယ်စရာရှိရှိ မရှိရှိ သွားသွားကြည့်တယ်။ မြင်နေရရင်ကို ပျော်တာ။
ဟိုရက်ကတော့ စာအုပ်စင် ရှင်းဖြစ်တယ်။ Exodus ဆိုတဲ့ စာအုပ်ဆို ကျွန်တော် တအားကြိုက်တာ။ ငယ်ငယ်က စာကြည့်တိုက်မှာ ဖတ်ဖူးပြီး နောက်တော့ ဝယ်သိမ်းထားတာ။ အဲဒါ အခု ကြည့်လိုက်တော့ စာရွက်အရောင်တွေ ပြောင်းကုန်ပြီ။ အနံ့တွေလည်း မကောင်းတော့ဘူး။ အဲဒီမှာ ဘာသွားတွေးမိလဲဆိုတော့ ကိုယ့်ရဲ့ စွဲလမ်းစိတ်နဲ့ သိမ်းထားတဲ့ စာအုပ်တွေက ကိုယ့်စာအုပ်စင်မှာတင် ပျက်စီးကုန်တယ်။ တခြားသူကိုပါ ပေးခဲ့ရင် သူ ဖတ်လို့ရတယ်။ အကျိုးရှိသွားမယ်။
စံပယ်ဖြူနုဆို စီးရီးလိုက်၊ သော်တာအေးလဲ့၊ လင်္ကာရည်ကျော်၊ ဂျူး၊ တက္ကသိုလ်ဘုန်းနိုင်၊ အဲ့လို အစဉ်လိုက်ကလေးတွေ ထားထားရတာကို ကြိုက်တာ။ ခုတော့ စိတ်ဖြတ်လိုက်တယ်။ ဒါကြောင့် ပြန်ကိုးကားဖို့ လိုတဲ့ စာအုပ်တွေ၊ ပြန်ပြန်ဖတ်မဲ့ စာအုပ်တွေ၊ လက်ဆောင်ရထားတဲ့ စာအုပ်တွေကလွဲရင် ကျန်တာအကုန် ပေးဖို့ လုပ်လိုက်တယ်။ စာအုပ်စင်လည်း ရှင်းသွားသလို ပိုသိသာတာက ကျွန်တော့်စိတ်တွေပါ ပေါ့ပါးကုန်တာပဲ။
“စိတ် ဘယ်လိုဖြတ်မလဲ”
အိမ်ရှင်းပြီဆို ပစ္စည်းတွေ ထွက်လာတယ်။ အဲဒီအခါ ဒါလေးက ချစ်စရာလေး၊ ဒီတစ်ခုတော့ သိမ်းထားလိုက်ဦးမယ် စသဖြင့် ဖြစ်တတ်တယ်။ စဉ်းစားကြည့်၊ ကိုယ်တောင် အသုံးမလိုလို့ မေ့နေလို့ ခု အိမ်ရှင်းမှ ထွက်လာတာ။ အဲဒါကို ခုကျမှ သဘောတွေကျပြီး သိမ်းထားဦးမယ်ဆိုတော့ မခက်ဘူးလား။
ကျွန်တော်ကတော့ အဲ့လို တခုခုကို ပေးတော့မယ်ဆိုတိုင်း နောင်များ ပြန်လိုလာမလား၊ ဆက်သိမ်းထားရမလား ဆိုတဲ့ အတွေးမျိုး ဝင်လာရင် တစ်နှစ်နဲ့ ဖြတ်လိုက်တယ်။ လွန်ခဲ့တဲ့ ၁ နှစ်အတွင်း ငါ ဒါကို သုံးထားသလား သုံးထားတယ်ဆို ဆက်ထား။ မသုံးဘူးဆို ဆက်မထားတော့ဘူး။
နောက်တစ်ခုက သတိပြုမိဖို့လည်း အရေးကြီးတယ်။ အဲ့လို လိုချင်စိတ် ဖြစ်လာပြီဆို အဲဒီစိတ်ကလေးကို မြင်အောင် ကြည့်၊ တအားစားချင်နေတဲ့ အစားအစာ စားပွဲကို ရောက်မလာသေးတဲ့ အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ကြည့်။ သိပ်ပူလောင်နေတာကို တွေ့ရမယ်။ အဲ့လို သတိထား ကြည့်ရင်း ကြည့်ရင်းနဲ့ လိုချင်စိတ်က သူ့အလိုလို ပျောက်သွားတယ်။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာမှာ သတိ ဟာ သိပ်အရေးကြီးတာ ဖြစ်ပါတယ်။
“အခက်အခဲ”
အိမ်မှာ Minimalism ကျင့်သုံးဖို့ အကြီးမားဆုံး အခက်အခဲကတော့ အဖေနဲ့ အမေပဲ။ အတင်းတုပ်လိုက်ဦးမယ် အကုန်ကို သိမ်းတာနော်။ နောက်ဆုံး လက်ဆောင်လာပေးတဲ့ ခြင်းကအစ သိမ်းထားတာ။ ကျွန်တော့်ဆောင်းပါး ပါတဲ့ ဂျာနယ်တွေဆိုလည်း အထပ်လိုက်။ ဘယ်လိုပြောပြောလည်း မရဘူး။ လင်မယားနှစ်ယောက်တည်းဆိုရင်တောင် ကိုယ်က အဲ့လိုနေချင်ရင် ကိုယ့်အိမ်ထောင်ဖက်က စိတ်တူကိုယ်တူ ဖြစ်ဦးမှ။ မဟုတ်ရင်တော့ သိပ်ထူးခြားမှာ မဟုတ်ဘူး။ တစ်ကိုယ်တည်း နေရတဲ့သူဆိုရင်တော့ ပိုလွယ်လိမ့်မယ်။ နောက်ပြီး အပေါင်းအသင်းကလည်း အရေးကြီးသေးတယ်။ ကိုယ့်ကို ဒီလိုတွေ သုံးဖို့၊ စားဖို့၊ ဝယ်ဖို့ တိုက်တွန်းနေတဲ့သူမျိုးဆို အဆင်မပြေနိုင်ဘူး။
“အကျိုးကျေးဇူးတွေ”
တချို့ကျတော့ လူဖြစ်တုန်းခဏ သုံးမယ်၊ စွဲမယ်၊ ဘဝကို Enjoy လုပ်မယ်။ ချုပ်တည်းမနေနိုင်ဘူးလို့ ဆိုတယ်။ ဒီ Minimalism ကလည်း ဘဝကို မပျော်မရွှင် နေခိုင်းတာ မဟုတ်ဘူး။ များလွန်းတဲ့အတွက် လူက မပျော်တော့လို့ နည်းနည်းကလေးကို အာရုံစိုက်ပြီး နှစ်သက်ကျေနပ်တတ်အောင် လေ့ကျင့်ခိုင်းတာ။ အပေါ်မှာ ပြောခဲ့သလိုပဲ ကားအကောင်းစားကြီး စီးပြီး စိတ်ပူနေရမှာထက်စာရင် ပုံမှန်ကားလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေခိုင်းတာ။
ဒါကြောင့် ခြုံပြောရရင်တော့ သူ့ရဲ့ အကျိုးကျေးဇူးတွေက
၁။ စိတ်အေးချမ်းတယ်။ လွတ်လပ်တယ်။ ပေ့ါပါးတယ်။ စိုးရိမ်ပူပန်နေရတာတွေ သက်သာသွားမယ်။
၂။ ကုန်ကျစရိတ် အတော်သက်သာသွားမယ်။ ပိုက်ဆံပိုစုမိမယ်။
၃။ ကြီးကြီးကျယ်ကျယ် ပြောရရင် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်တယ်။
၄။ ဘာသာရေးအရ ပြောရင် ဒီလောက်ကလေးတောင် မစွန့်နိုင်ဘဲ ကျန်တာတွေ စွန့်ဖို့ ခက်တယ်။ ဒါကြောင့် ဒီလိုဘဝနေနည်းက အခြေခံအကျဆုံး ကျင့်စဉ်တစ်ခုလို့တောင် ပြောလို့ရမယ်။
၅။ အလှူအတန်း လုပ်ပြီးသား ဖြစ်သွားတယ်။ လိုအပ်နေသူတွေကို ကူညီရာလည်း ရောက်တယ်။
၆။ ပိုက်ဆံကို တအား အဓိက မထားတော့ဘူး။ လက်တွဲဖော် ရွေးတဲ့အခါဖြစ်ဖြစ်၊ သူငယ်ချင်း ပေါင်းတဲ့အခါဖြစ်ဖြစ် ပိုက်ဆံကို သိပ်မကြည့်ဖြစ်တော့ဘူး။
၇။ ခရီးထွက်ရင်၊ အိမ်ပြောင်းရင်လည်း သိပ်လွယ်တယ်။
“ပျော်ချင်တယ်ဆိုရင်”
ဘဝမှာ တအားချမ်းသာချင်တယ်၊ အိမ်ကြီးတွေ၊ တိုက်ကြီးတွေ ပိုင်ချင်တယ်၊ ဘဝမှာ နေရတုန်း ကောင်းကောင်းစားမယ်၊ ကောင်းကောင်းသုံးမယ် ဆိုတဲ့ သူတွေအတွက်တော့ ဒီဘဝနေနည်းက သဘောကျစရာ ဖြစ်မှာ မဟုတ်ဘူး။ ချမ်းသာခြင်း ဆိုတာကလည်း အောင်မြင်မှုလိုပဲ။ တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုမှုချင်း မတူဘူး။ တိုက်တွေ၊ ကားတွေ အများကြီးနဲ့ နေရတာကို ချမ်းသာတယ်လို့ ထင်ပေမဲ့ အဲဒါက ဗုဒ္ဓဘာသာအမြင်မှာတော့ ချမ်းသာ မဟုတ်ဘူး။ ဒါပေမဲ့ အပြိုင်အဆိုင်များပြီး ရုပ်ဝတ္ထု ကိုးကွယ်မှုတွေ များလာတဲ့ ဒီနေ့ခေတ်မှာ Minimalism က ပျော်ရွှင်မှုကို အထောက်အကူ ဖြစ်စေလိမ့်မယ် ဆိုတာတော့ သေချာတယ်။
မာလာရှမ်းကော စားပြီး ဟော့ပေါ့စားချင်တယ်။ ဘားအံက ပြန်လာပြီးရင် ပုဂံသွားချင်တယ်။ ဆမ်ဆောင်း ကိုင်နေတုန်ုး အိုင်ဖုန်း လိုချင်တယ်။ ဒီလောက် ဆွဲဆောင်မှုတွေ တအားများတဲ့ ခေတ်ကြီးမှာ ဘယ်တော့မှ လိုအင်ဆန္ဒက ပြည့်တယ်ရယ်လို့ မရှိဘူး။ တစ်ခုပြီး တစ်ခု လိုချင်နေမှာပဲ။ တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာ လိုအင်ဆန္ဒတွေ ပြည့်သွားခြင်းမှာ ရှိတာ မဟုတ်ဘူး။ လိုအင်ဆန္ဒ နည်းခြင်းမှာသာ ရှိတယ်။
ပင်ကိုယ်ဗီဇအရ အဲ့လို လိုအင်နည်းတဲ့သူတွေတောင် လိုအပ်သလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နိုင်ဖို့ ကြိုးစားရပါတယ်။ လူဆိုတော့ လောဘ ရှိတာကိုး။ သို့သော်လည်း ကြိုးစားရင် ရတယ်။ စိတ်ကို လေ့ကျင့်ပေးလို့ ရပါတယ်။
ဒေါက်တာ ဖြိုးသီဟ
ကိုးကား –
၁။ မေတ္တာသုတ်- သုခ
၂။ မင်္ဂလာတရားတော် – ဆရာတော် ဦးဇောတိက
၃။ 8 Essential principles of a simple lifestyle – Joshua Becker