ဒီကြားထဲမှာ တရားသေချာလေးအားထုတ်ဖြစ်ပါတယ်။ Spirituality စာအုပ်တွေနဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေလည်း ဖတ်ဖြစ်ပါတယ်။ စိတ်အလုပ်ကို အရင်တည်းက လုပ်လာပေမဲ့ အခုပိုပြီး သေသေချာချာလုပ်ကြည့်တဲ့အခါ အများကြီး အကျိုးရှိတာ တွေ့ရပါတယ်။
ကျွန်မအတွက် အသုံးဝင်တဲ့ အချက်လေးတွေကို ရတာမို့ မျှဝေပေးချင်ပါတယ်။
၁။ Being Open Minded (စိတ်နှလုံးသားကို ဖွင့်ထားခြင်း)
ဘယ်ဆရာ၊ ဆရာမဆီကနေပဲ ယူယူ၊ ဘယ်သူ့ရဲ့ လမ်းစဉ်ကိုပဲ လိုက်လိုက် စိတ်ကိုဖွင့်ထားပြီး ကိုယ်နဲ့ကိုက်တဲ့၊ ကိုယ့်ဘဝအခြေခံနဲ့ကိုက်ညီတဲ့ အရာလေးတွေကို ယူတဲ့အခါ အသစ်ရတဲ့ အတွေ့အကြုံရယ်၊ ကိုယ့်အခြေခံ အတွေ့အကြုံရယ် ပေါင်းစပ်ပြီး ဆပွား အကျိုးရှိတာ တွေ့ရပါတယ်။
ငါပဲမှန်တယ် ဆိုတဲ့ အတွေးကို အချိန်နဲ့အမျှ သတိထားပြီး စွန့်လွှတ်တဲ့အခါ သင်ယူစရာတွေအများကြီး၊ ကိုယ်သိရမှာတွေ အများကြီးဆိုတာတွေ့လာရပါတယ်။
၂။ Non-Judgmental (မငြင်းခုံခြင်း)
အမြင်မတူသူတွေ၊ လုပ်ပုံကိုင်ပုံ မတူတဲ့သူတွေရဲ့ စကားကို ကြားရတဲ့အခါ လူ့သဘာဝ စိတ်တိုမိပါတယ်။ တဖက်လူကိုလည်း Judge လုပ်မိပါတယ်။ တခါတလေလည်း စိတ်ထဲကပဲဖြစ်ဖြစ် ငြင်းခုံမိပါတယ်။
အဲဒီအခါ ကိုယ့်စိတ်ကလေး ကြည်နေရာကနေ နောက်သွားတော့တာပါပဲ။ ကိုယ့်ယုံကြည်ချက်နဲ့ ဆန့်ကျင်တဲ့သူတွေနဲ့ တွေ့ရတဲ့အခါ ဒေါသပါထွက်ပြီး ပူလောင်ရပါတယ်။
အဲဒါကြောင့်တတ်နိုင်သလောက် မငြင်းမိအောင် ကြိုးစားပါတယ်။ သူ့ဘက်ကကြည့်ရင် သူ့အမြင်က မှန်တာမို့ ကိုယ့်ဘက်ကို ပါလာအောင်ဆွဲခေါ်ဖို့ရာ ခက်ပါတယ်။
ဒါကြောင့် သဘောမတူသော်ငြား ပြန်မငြင်းဘဲ စိတ်ထဲကို အနှောက်အယှက် မဝင်အောင်နေတာ၊ ကိုယ်လုပ်စရာရှိတာကို လုပ်တာက ရေရှည်မှာ အားအင်မကုန်တော့သလို လုပ်စရာတွေကို ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ လုပ်နိုင်လာပါတယ်။
၃။ Creating Boundaries (စည်းသတ်မှတ်ခြင်း)
ဒီလို ကိုယ်က ပြန်မပြော၊ ပြန်မငြင်းတဲ့အခါ တချို့လူတွေက ကိုယ့်အပေါ် အနိုင်ကျင့်လာနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ်ဘာတွေတော့ လုပ်မယ်၊ ဘာတွေတော့ မလုပ်ဘူး။ ဘယ်အရာတွေက ကိုယ်တကယ်ယုံကြည်ပြီး အချိန်ပေးချင်တု့အရာဖြစ်တယ် ဆိုတာကို သေချာလေး ဆုံးဖြတ်ပါတယ်။
ပြီးရင် တည်တည်တံ့တံ့နဲ့ တုန့်ပြန်တာ၊ နှစ်ယောက်လုံးအဆင်ပြေမဲ့ နားလည်မှုယူတာ၊ အလျော့အတင်းလေးနဲ့ ဆက်ဆံရေးကို ကောင်းအောင်တည်ဆောက်တာက ဆက်ဆံရေး အနုပညာရပ်တစ်ခုလို့ မြင်မိပါတယ်။
၄။ Being Grateful (ကျေးဇူးတင်တတ်ခြင်း)
ကျွန်မတို့က ကိုယ့်ဘဝကိုယ်စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ ကိုယ့်ထက် အဆပေါင်းများစွာ ဆိုးရွားသောဘဝတွေ မျက်မြင်ရှိနေပါတယ်။ အဲဒီသူတွေကို ကိုယ်ချင်းစာစိတ်ထားဖို့က အရေးကြီးသလို ကိုယ့်ဘဝကိုယ် ကျေးဇူးတင်တတ်ဖို့ကလည်း အလွန်ကိုမှ အရေးကြီးလှပါတယ်။ ကျေးဇူးတင်ခြင်းက နဂိုအကျင့်မရှိရင် လေ့ကျင့်ယူလို့ရတဲ့ အရာပါ။
အသက်ရှင်နေတာ၊ သန့်ရှင်းတဲ့လေကို ရှူရတာ၊ အမိုးအကာအောက်မှာ လုံခြုံတာ၊ ဝတ်စရာ၊ စားစရာရှိတာ၊ ကောင်းကင်ကြီးကြည်လင်နေတာ၊ ပန်းကလေးတွေ ပွင့်နေတာကစလို့ ယုတ်စွအဆုံး ကိုယ်အသက်ရှင်နေတာကို ကျေးဇူးတင်စိတ်နဲ့ ခဏလေး ကြည့်စေချင်ပါတယ်။
တစ်နေ့နည်းနည်း အချိန်ပေး လေ့ကျင့်တဲ့အခါ စိတ်ကပိုပြီး ကြည်လင်လာတာ၊ ပြဿနာတွေကို ရင်ဆိုင်နိုင်တာ၊ သင်ယူမှုတွေ ပိုအားကောင်းလာတာ တွေ့ရပါတယ်။
၅။ Being of Service (အများကို အကူအညီပေးခြင်း)
ငွေတွေအများကြီးလှူမှ ပစ္စည်းတွေ အများကြီးပေးနိုင်မှ မဟုတ်ပါဘူး။ ကာယကံအားဖြင့် အကူအညီပေးလို့ ရသလို နှုတ်နဲ့ စကားချိုချိုသာသာပြောလိုက်ခြင်းကလည်း ဝစီကံအားဖြင့် အကူအညီပေးတာပါ။ စိတ်ထဲကနေ တစ်စုံတစ်ယောက်ကို သတိရရင် ဘေးကင်းပါစေ၊ ကျန်းမာပါစေ ဆုတောင်းပေးတာလည်း မနောကံအားဖြင့် ကောင်းကျိုးပြုတာပဲဖြစ်ပါတယ်။
တစ်နေ့မှာ တစ်ကြိမ် နှစ်ကြိမ်လောက် နိုင်သလောက် အကူအညီပေးရင်း အတွေ့အကြုံလေးတွေ ရေးမှတ်ကြည့်ပါ။ ပိုပြီး နေပျော်လာသလို စိတ်အင်အားလည်း ပိုကောင်းလာပါလိမ့်မယ်။
အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေ။
ထက်ရည်