fbpx

New Normal အတွက် ပြင်ဆင်ရမဲ့ အချက် ၅ ချက်

ခုချိန်မှာ တော်တော်များများနဲ့လည်း ရင်းနှီးနေလောက်ပြီ ဖြစ်တဲ့ စကားလုံးပါ။ New Normal တဲ့။ သာမန်အခြေအနေ အသစ်လို့ မြန်မာပြန်ရမယ် ထင်ပါတယ်။

ဆိုလိုတာက အခု ပြောပြောနေကြသလို ဒီကပ်ကြီး ပြီးသွားရင် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပေမဲ့ ဒီပြဿနာက ဘယ်တော့ ပြီးမယ်လည်း မသိဘူး။ ခုကိုပဲ အပြင်ပြန်ထွက်၊ အလုပ်လုပ်နေကြရပြီ။ ဒီတော့ အပြတ်ရှင်းသွားမှ ဆိုတာမျိုးထက် ဖြစ်နေဆဲမှာကိုပဲ ကိုယ့်ကို မကူးအောင်၊ သူများဆီလည်း ဖြန့်လိုက်သလို မဖြစ်အောင်၊ အလုပ်လည်း လုပ်နိုင်၊ ပိုက်ဆံလည်း ရှာနိုင်အောင် စဉ်းစားရတော့မယ့် အခြေအနေ ဖြစ်သွားပြီ။ ကွဲသွားတဲ့ အသည်းလို၊ ပျက်စီးသွားတဲ့ ယုံကြည်မှုလို၊ မှားခဲ့ဖူးတဲ့ အတိတ်လို ဘယ်လိုနည်းနဲ့မှ အရင်လို အခြေအနေမျိုး ပြန်မဖြစ်နိုင်တော့ဘူး။ လာမဲ့ အခြေအနေသည် အသစ်ပဲ။ အသစ်ကိုပဲ ရတော့မယ်။

ဒီတော့ လက်ရှိအနေအထားကို လက်ခံ။ ရှေ့ကို အကောင်းဆုံး ဘယ်လိုဆက်သွားမလဲ ဆိုတာကိုပဲ စဉ်းစားရတော့မှာ။လက်ဆေးဖို့၊ ခပ်ခွာခွာနေဖို့၊ Mask တပ်ဖို့တွေကို မနက်တိုင်း သွားတိုက်သလိုကို အချိန်တစ်ခုထိ လုပ်သွားရတော့မယ်။ ခုဆောင်းပါးမှာတော့ ဘဝနဲ့ ဆိုင်တာကို ပြောပြချင်ပါတယ်။ခုကစလို့ ရှေ့ဆက်ရမဲ့ New normal မှာ ဒါတွေ လိုအပ်လာမယ်လို့ ထင်မိပါတယ်။

၁။ အချိန်မဆိုင်းပါနဲ့။ဘောလုံးပွဲတွေနဲ့ နမူနာပေးကြည့်ပါမယ်။ ခုဆို ဘောလုံးရာသီတစ်ခု ပြီးဖို့ ပွဲတွေ အများကြီး ကျန်သေးတယ်။ ဇယားထိပ်နေရာကိုလည်း ဘယ်အသင်းမဆို ယူနိုင်သေးသလို၊ ဇယားအောက်ဆုံးနေရာက အသင်းကလည်း အဆင့်အပေါ်တက်ဖို့ ကြိုးစားခွင့် ရှိသေးတဲ့အချိန်ပါ။ ပုံမှန်ဆိုရင်ပေါ့။ခု ဒီလိုဖြစ်တော့ လက်ရှိ အဆင့်ရပ်တည်မှုအရပဲ ဖလားပေးမယ်၊ ဂိုးသွင်းဘုရင်ဆု ပေးမယ်၊ အောက်ဆုံးက အသင်းတွေ အဆင့်နိမ့်တဲ့ လိဂ်ကို ပြောင်းကန်ရမယ် စသဖြင့် ဖြစ်လာတော့ ဒုတိယနေရာက အသင်းတွေ၊ အောက်ဆုံးနားက အသင်းတွေ ပြူးပြာကုန်ရော။ တချို့အသင်းတွေက ရာသီကုန်ခါနီးမှ ကပ်ပြီး အသားကုန် ရုန်းကြတာတွေ ရှိတာကိုး။ အဲ့လိုအသင်းတွေတော့ ဒီအတိုင်းသာဆို ပြဿနာ တက်ပြီ။ လူ့ဘဝမှာလည်း သေခြင်းတရား ဆိုတာ ဒီလိုပဲ။ ခု Covid ဆိုလည်း ဒါကို သင်ပေးလိုက်တာပဲ။ နောက်မှ လုပ်တာပေါ့ ဆိုတာက အဲ့နောက်အထိ ကိုယ့်မှာ လုပ်ခွင့်ရသေးတယ်၊ အသက်ရှင်သေးတယ်ဆို ပြဿနာ မရှိပေမဲ့ ခုလိုမျိုး ရုတ်တရက် ထဖြစ်တော့ သေရော။နောက်မှ ပိုက်ဆံစုတာပေါ့ ဆိုတဲ့သူတွေ ခု ပြူးပြူးပြာပြာ ဖြစ်နေရပြီ။ အလုပ်ကို ကောင်းကောင်း မလုပ်ခဲ့တဲ့သူတွေ ဖြုတ်တဲ့ထဲများ ပါသွားမလား စိုးရိမ်နေရပြီ။ ချစ်ရခင်ရသူတွေနဲ့ အဆင်ပြေအောင် မနေခဲ့သူတွေ၊ တန်ဖိုးမထားခဲ့သူတွေ နောင်တရရမှာ ကြောက်နေရပြီ။ ဒါကြောင့် ဘယ်တော့ လုပ်တာပေ့ါ၊ အချိန်ရှိသေးတာပဲ ဆိုတာမျိုး လုပ်နေမဲ့အစား ခုကတည်းက လုပ်ထားဖို့ကို ဒီ Covid က သင်ပေးလိုက်တယ် ဆိုရပါမယ်။ အချိန်မရွေး တခုခု ဖြစ်သွားနိုင်တယ် ဆိုတာကို အမြဲသတိရပါ။

၂။ ပုံစံကောင်းလေး ဆက်ထိန်းပါ။ဒါကြီးပြီးသွားလို့ ဆိုပြီး အရင်လိုတွေ သဘာ၀ ပတ်ဝန်းကျင်ကို ပြန်မဖျက်ဆီးပါနဲ့တော့။ ဥပမာ လေထုညစ်ညမ်းမှုနဲ့ နမူနာ ပေးရရင် တစ်နေ့တစ်နေ့ လမ်းတွေပေါ်မှာ သွားလာနေတဲ့၊ ပိတ်မိလို့ ရပ်နေရတဲ့ ကားတွေကနေ ထွက်တဲ့ အငွေ့တွေဟာ လေထုညစ်ညမ်းမှုအတွက် သိပ်ဆိုးတဲ့ အရာတွေပါ။ ခု ကားသွားကားလာ နည်းသွားတော့ ဒါတွေ သက်သာတယ်။ ဒါကြောင့် ဒီလိုပုံစံကောင်းလေးတွေ ဆက်ထိန်းပါ။ ကားဘယ်နှစီးပဲ ပိုင်ထားပိုင်ထား ခုကျ ရပ်ထားရတာပဲမှလား။ ဒီတော့ တတ်နိုင်သလောက် ပစ္စည်းနည်းနည်း၊ ပိုင်ဆိုင်မှုနည်းနည်းနဲ့ နေတတ်အောင် လုပ်ပါ။ ပိုလျှံတာတွေ အများကို ဝေမျှပါ။ ဒါက ရောက်လာတော့မဲ့ စီးပွားရေး ကျဆင်းမှုတွေအတွက် အသုံးစရိတ် ခြွေတာရာ ရောက်သလို သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။ ပြောရရင် Minimalism ပေါ့။ ကျွန်တော်တို့ လူသားတွေရဲ့ လိုအင်ဆန္ဒတွေ၊ လောဘတွေကြောင့် ပျက်စီးခဲ့ရတာတွေ များပါပြီ။ ခပ်ရိုးရိုး ခပ်ရှင်းရှင်း နေထိုင်တဲ့ပုံစံတွေ ခေတ်စားလာတော့မှာပါ။ အဲဒီထဲမှာ ကိုယ်လည်း ပါဝင်နိုင်အောင် ကြိုးစားပါ။ခုဆို ကြည့်ကြည့်ပါ။ မလိုအပ်ဘဲ လုပ်နေတဲ့ (မလုပ်လည်း ရနေတဲ့) အလုပ်တွေကို ဘယ်လောက်တောင် လုပ်မိနေခဲ့လဲဆိုတာ သိလိုက်ရတယ်။ မစားလည်း ရတဲ့ အစားအစာတွေ၊ လူချင်းမတွေ့ဘဲလည်း လုပ်လို့ရတဲ့ အစည်းအဝေးတွေ၊ မလိုအပ်ပေမဲ့ လိုချင်လို့ ဝယ်ထားမိတဲ့ အသုံးအဆောင်၊ အလှကုန်၊ ပစ္စည်းပစ္စယတွေ အများကြီးပါပဲ။ ဒါကြောင့် ခုလက်ရှိပုံစံလေးကို ဆက်ထိန်းပါ။ ခုကတော့ ဘယ်လိုမှ မတတ်သာလို့ မဝယ်ရခြင်း၊ မလည်ရခြင်းပေါ့။ နောက်ပိုင်းကတော့ ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းရမှာပါ။ အရင်လို နေပျော်တဲ့၊ သာယာတဲ့ ကမ္ဘာကြီးကို ပြန်တည်ဆောက်ရအောင်။

၃။ ကိုယ်ပိုင်စည်းကမ်းနဲ့ အလုပ်လုပ်တတ်ဖို့ဒီပြဿနာကြီး ပြီးသွားလည်း အိမ်ကနေ အလုပ်လုပ်တဲ့ Work from home နဲ့ တစ်ဦးချင်း Freelance လုပ်တာတွေက ပိုများလာတော့မှာပါ။ အရင်လို ရုံးဆင်း ရုံးတက်နဲ့ လုပ်နေရတာမျိုး ပြန်ရှိလာရင်တောင် နည်းသွားမယ်။ နည်းပညာခေတ်ကြီးမှာ ဒီလိုတွေ လုပ်ရင်လည်း အလုပ်ဖြစ်တာပဲ ဆိုတာကို ဒီ Covid ကာလမှာ ကောင်းကောင်းကြီး လက်ခံလိုက်ကြပါပြီ။အဲ့တော့ ရုံးသွားမယ်။ ပြန်မယ်။ နားမယ်။ ဒီနေ့ ပိတ်ရက်ဟေ့ ဆိုတာမျိုးတွေ မရှိတော့ဘူး။ အလုပ်ချိန် (Working hours) ထက် အလုပ်ပြီးခြင်း (Productivity) ကို ပိုကြည့်တော့မယ့် အနေအထား ဖြစ်လာတော့မယ်။ ရတယ်၊ မင်းဟာမင်း လုပ်ချင်တဲ့အချိန် လုပ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း သတ်မှတ်ထားတဲ့ အလုပ်တော့ ပြီးရမယ်။အဲ့ဒီအတွက် ကိုယ်ပိုင်စည်းကမ်း Self-discipline နဲ့ အလုပ်လုပ်တတ်အောင် ပြင်ဆင်ထားရလိမ့်မယ်။ နောက်ကနေ တွန်းနေမှ လုပ်တတ်မယ်ဆိုလို့ အဆင်မပြေတော့ပါဘူး။ Result-oriented ဖြစ်ဖို့ လိုပါမယ်။ ဘယ်သူကမှ အချိန်ပြည့် ကိုယ့်ကို စောင့်ကြည့်နေမှာ မဟုတ်တော့ဘူး။ နေ့လယ် ၁၂ နာရီလောက်ကြီး ရုပ်ရှင်ကြည့်နေမလား။ ရတယ်။ ကြည့် မကြည့်လည်း ဘယ်သူမှ မသိနိုင်သလို၊ မကြည့်အောင်လည်း မတားနိုင်ဘူး။ ဒါပေမဲ့ လုပ်ရမဲ့အလုပ်တွေ ပြီးဖို့တော့ လိုမယ်။ အဲ့ဒါတော့ ပြီးအောင် လုပ်။ ဒီလိုပုံစံမျိုးတွေ ဖြစ်လာတော့မယ်။ ဆိုလိုတာက လွတ်လပ်ခွင့် ပိုရလာမယ်။ တစ်ဖက်ကလည်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရလိမ့်မယ်။ အဲဒီ mindset အဲဒီ working style နဲ့ အလုပ်မလုပ်နိုင်ရင် ရှေ့လျှောက် မလွယ်တော့ဘူး။၄။ ကိုယ့်တာဝန် ကိုယ်ယူဖို့၊ စည်းလုံးဖို့၊ အပြန်အလှန် ဂရုစိုက်ဖို့ခု COVID ကို ကာကွယ်ဖို့မှာ တစ်ဦးချင်းက တာဝန်ယူတတ်ဖို့ လိုတယ်။ နှာချေ ချောင်းဆိုးရင် တစ်ရှူးလေးနဲ့ အုပ်၊ အပြင်သွားရင် Mask တပ်၊ ဒါတွေက ကိုယ့်ဆီကနေ သူများဆီ ပိုးမရောက်အောင် တာဝန်ယူပေးတာပဲ။ကိုယ်တစ်ယောက်တည်း ကောင်းနေရုံနဲ့လည်း မရဘူး။ အားလုံးက ဝိုင်းကာကွယ်ပါမှ အဆင်ပြေမှာ။ ဒါကြောင့် အသိပညာမရှိသူကို ညံ့လိုက်တာ ဖျင်းလိုက်တာ အပြစ်တင်မနေနဲ့။ သူ့ကို သိလာအောင် ပြောပြပေး။ Quarantine ဝင်ရသူကို ဓါတ်ပုံတွေ လှိမ့်ရိုက်မနေနဲ့။ ဖေးမပေး။ ကူညီပေး။နောက်ပြီး စီးပွားရေး ကျလို့ အခြေခံလူတန်းစားတွေ ဒုက္ခရောက်ပြီ ဆိုပါတော့။ သူတို့ချည်း ငတ်တာ မဟုတ်ဘူး။ သူတို့ရဲ့ ထွက်ပေါက်အနေနဲ့ လုပ်လိုက်လို့ ဖြစ်လာတဲ့ ရာဇဝတ်မှုတွေက ကိုယ့်ကိုပါ ပြဿနာ လာပေးတော့မှာ။ပြောချင်တာက ကျွန်တော်တို့တွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်စပ်နေတယ်။ သူ့ပြဿနာဟာ တစ်နည်းအားဖြင့် ကိုယ့်ပြဿနာပဲ။ ဒီတော့ စည်းလုံးကြပါ။ အပြန်အလှန် ကူညီပါ။ ဖေးမပါ။ ဂရုစိုက်ပါ။ သိပ်ကို စက်ရုပ်ဆန်လာတဲ့ လူနေမှုဘဝကြီးထဲကို နွေးထွေးမှုတွေ ပြန်ရောက်လာအောင် Covid က လုပ်ပေးလိုက်တယ်လို့လည်း ကဗျာဆန်ဆန် ဆိုချင်ဆိုနိုင်ပါတယ်။၅။ နည်းပညာ ကျွမ်းကျင်ဖို့ဒါက အရင်ကတည်းက လိုအပ်နေတာပါ။ Healthy lifestyle လိုပဲ လိုအပ်မှန်း သိပေမဲ့ လိုက်မလုပ်ခဲ့ကြဘူး။ ခုတော့ မဖြစ်မနေ လိုပြီဆိုတာကို Covid က တပ်လှန့်လိုက်ပါပြီ။ရှေ့လျှောက် အလုပ်တွေ တော်တော်များများက နည်းပညာပေါ် အခြေခံတော့မှာပါ။ အဲဒါတွေက ကျွန်တော်တို့တွေကို အလုပ်လုပ်ရတာ ပိုလွတ်လပ်စေလိမ့်မယ်။ ကလေးထိန်းရင်း၊ အိမ်မှုကိစ္စ လုပ်ရင်းကို ငွေရှာလို့ ရတဲ့ အနေအထားတွေ ဖြစ်လာတော့မယ်။ တစ်ဖက်မှာလည်း နည်းပညာ တတ်ကျွမ်းမှု မရှိရင် အဆင်မပြေနိုင်တော့မဲ့ ခေတ်သစ်ဖြစ်ပါတယ်။ ဒီ ၅ ချက်ကတော့ ကျွန်တော် စဉ်းစားမိသလောက် ရေးထားတာပါ။ အတွင်းကျကျ ပြင်ဆင်ရမှာတွေ ရှိပါလိမ့်ဦးမယ်။ ဒါကြောင့် တကယ့်ပညာရှင်တွေ၊ တခြားစာရေးသူတွေရဲ့ စာတွေကိုလည်း ဖတ်ပါ။ ပြီးရင် New normal အတွက် ပြင်ဆင်ပါ။ ချားစ်ဒါဝင်ရဲ့ စကားကို ယူသုံးရရင် Survival of the fittest ပါ။ အခြေအနေသစ်နဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး သူတွေသာ ရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေက သေကုန်မှာလားဆိုတော့ မဟုတ်ပါဘူး။ ပိုနိမ့်ကျ ပိုကြပ်တည်းတဲ့ အနေအထားတစ်ခုကို ဆင်းသွားမှာပါ။ ဒီ​တော့ ထပ်ပြောပါရစေ။

New normal အတွက် ပြင်ဆင်ပါ။

ဒေါက်တာ ဖြိုးသီဟ

၉.၅.၂၀၂၀

Photo credit

Dr. Phio Thiha

Dr. Phio Thiha

Leave a Replay