Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးဟာ လူတစ်ယောက်အနေနဲ့ ဘယ်လိုတွေးခေါ်တယ်၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လိုနေတယ်၊ ပုံပန်းသွင်ပြင်က ဘယ်လိုရှိတယ် စတဲ့ အချက်တွေကို ခြုံငုံပြီး ရလာတဲ့ အမြင်တစ်ခုကို ခေါ်တာပါ။
“The integrated organization of all the psychological, intellectual, emotional and physical characteristics, presenting to others.”
ဥပမာ ဒီလူက စိတ်ခံစားလွယ်တယ်၊ ဒီတစ်ယောက်က သိပ်အဆိုးမြင်တယ်၊ သူက သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ်၊ ပြုမူတတ်တယ်၊ သူက မာကြောတယ်၊ သူကတော့ အသစ်ကို လက်မခံနိုင်ဘူး၊ ဒါဆို ဒါပဲ အသေစွဲကိုင်ထားတယ် စတဲ့ အချက်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတာပါ။
အဲဒီ ကိုယ်ရည်ကိုယ်သွေးဟာ ဘဝမှာ အောင်မြင်ဖို့အတွက်ရော၊ တခြားသူတွေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ပါ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ဟာ ဘယ်လိုလူစားလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိဖို့ လိုတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်းလည်း သိထားဖို့ လိုတယ်။ ဒါမှ အပြန်အလှန် နားလည်မှု ထားနိုင်မှာပါ။ ခုခေတ်မှာ အဲ့လိုသိနိုင်ဖို့အတွက်လည်း သိပ်မခက်တော့ဘူး။ Test တွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ ဖြေလို့ ရနေပြီ။ ဒီတော့ Personality test လို့ ရိုက်ရှာပြီး ဖြေကြည့်စေချင်တယ်။
အခုဆောင်းပါးမှာတော့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေအကြောင်း ပြောမှာ မဟုတ်ဘဲ ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး (Favorable personality) ဖြစ်ဖို့ လိုအပ်တဲ့ အချက် ၇ ချက် အကြောင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် (Physical appearance)
ရုပ်ချောတာ၊ လှတာ ကောင်းပါတယ်။ ဒါပေမဲ့ Personality ဆိုတာက အဲဒီထက် ပိုပါတယ်။ ရုပ်ချောမှ၊ လှမှလည်း ကိုယ်ရည်ကိုယ်သွေး ကောင်းတာ မဟုတ်ပါဘူး။ အဓိကက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံ ရှိဖို့ လိုမယ်။ ဒါဆို ကြည့်လိုက်ရင် လူက ကျန်းမာတဲ့ပုံ ပေါက်နေမယ်။ နောက်ပြီး တစ်ကိုယ်ရည် သန့်ရှင်းရေးရော ကောင်းလား။ ကိုယ်ရနံ့၊ ခံတွင်းရနံ့ ဘယ်လိုနေလဲ။ လက်သည်းတွေ၊ ခြေတွေရော သန့်ရှင်းသလား။ ဒါတွေ အရေးကြီးမယ်။ ဝတ်တာစားတာကလည်း ဈေးကြီးတာတွေ ဝတ်မှ မဟုတ်ပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တာကို သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်မယ်ဆို လူတစ်ယောက်ဟာ ကြည့်ကောင်းတာပါပဲ။
၂။ ဉာဏ်ရည်ဉာဏ်သွေး (Intelligence)
ဒါကလည်း လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အဓိက ဖော်ပြနေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ လူက ဘယ်လောက်ချောချောလှလှ၊ ပညာမတတ်ရင် ပွဲလယ်မတင့်သလို အလှောင်ပြောင်လည်း ခံရနိုင်ပါတယ်။ ဘာမှမဟုတ်တဲ့ ကိုယ့်ရဲ့ နှုတ်ထွက်စကားလေးတစ်ခွန်း၊ ပို့စ်လေးတစ်ကြောင်းကလည်း ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဖော်ပြနေတတ်ပါတယ်။
ဒီနေရာမှာ Intelligence ဆိုတာ ဘွဲ့တွေအများကြီး ရဖို့ မဟုတ်ပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားဖို့၊ စဉ်းစားဆင်ခြင်ဉာဏ် ရှိဖို့၊ ပြဿနာတွေကို ကျိုးကြောင်းဆီလျော်စွာ ဖြေရှင်းတတ်ဖို့ စတဲ့ စွမ်းရည်တွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။
၃။ စမတ်ကျခြင်း (Smartness)
သိပ်စမတ်ကျသူတွေနဲ့ တွေ့ဖူးပါတယ်။ လူပုံစံတင် စမတ်ကျတာ မဟုတ်ဘဲ ပြောတာ ဆိုတာ၊ လုပ်တာ ကိုင်တာ၊ ပြုမူတာတွေကအစ သပ်ရပ်တယ်။ ပရော်ဖက်ရှင်နယ် ဆန်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်။ ဒီတော့ တစ်ဖက်လူက မြင်လိုက်တာနဲ့ Impression တက်သွားတယ်။ ဘာမှတောင် မပြောရသေးဘူး၊ ၅၀ % လောက် ယုံကြည်နှင့်နေပြီ။ ဒီအတွက် လုပ်ငန်းခွင်မှာ ယုံကြည်မှု တည်ဆောက်ချင်သူတွေအနေနဲ့ စမတ်ကျအောင် နေတတ် ထိုင်တတ်ဖို့ လိုပါတယ်။
၄။ ယုံကြည်မှုနဲ့ ထိုက်တန်ခြင်း (Trustworthiness)
ငွေကြေးအရ စိတ်ချရတာ၊ လိမ်မပြောတတ်တာတွေထက် ပိုပါတယ်။ အဓိကအားဖြင့် Trustworthiness ကို အချက် ၃ ချက်နဲ့ တိုင်းတာပါတယ်။
ပထမတစ်ချက်က Integrity လို့ ခေါ်တဲ့ ဖြောင့်မတ်မှုပါ။ စကားတည်တယ်။ ကတိပေးပြီးရင် တကယ်လုပ်တတ်တယ်။ မဟုတ် မမှန်ဘဲ ဘယ်တော့ မပြောဘူး။ အပိုမပြောဘူး။ ရှေ့တင်တစ်မျိုး နောက်ကွယ်တစ်မျိုး မလုပ်ဘူး။ ကျွန်တော်တို့ နှစ်တစ်နှစ် စပြီဆို ချတတ်ကြတဲ့ Resolution တွေဟာ ၃ လလောက်နေရင် တစ်ခုမှ မလုပ်ဖြစ်တော့တာဟာ အဲ့ဒီ Self-integrity အားနည်းတာကို ပြနေတာ ဖြစ်ပါတယ်။
ဒုတိယတစ်ချက် တာဝန်ယူ၊ တာဝန်ခံတတ်သလား။ (Responsibility & Accountability) တခုခုဆို တာဝန်မယူတတ်ဘူး။ ခေါင်းရှောင်တယ်။ မျက်နှာလွှဲတယ်။ ပြဿနာတက်ပြီဆိုလည်း အကြောင်းပြတယ်။ တစ်ပါးသူကို အပြစ်ရှာတတ်တယ်။ ဒါဆို ဒီလူဟာ ကိုယ်ရည်ကိုယ်သွေး အားနည်းတယ်လို့ ဆိုရမှာပါ။
တတိယတစ်ချက်ကတော့ ဘယ်လောက် တိတိကျကျ အလုပ်လုပ်တတ်သလဲ ဆိုတာပါ။ သူ တင်လိုက်တဲ့ ရီပို့ဆို အသေးစိတ် စစ်စရာ မလိုတဲ့သူ၊ အချိန်တိကျတဲ့သူ၊ ငွေကြေးနဲ့ ပတ်သက်ရင်လည်း တိတိကျကျ အလုပ်လုပ်တတ်သူ စတဲ့ အချက်တွေ အရေးကြီးပါတယ်။
၅။ ကြင်နာတတ်ခြင်း (Kindness)
လူတွေကို ဘယ်လောက် ကူညီတတ်သလဲ။ သဘောကောင်းသလဲ။ ဖော်ရွေသလဲ။ ချဉ်းကပ်လို့ လွယ်သလဲ။ သနားညှာတတ်သလဲ။ တစ်ဖက်သားဘက်ကနေ ဘယ်လောက် ဖြည့်တွေးပေးတတ်သလဲ။ ဒါတွေ ဆန်းစစ်ကြည့်ဖို့ ကောင်းပါတယ်။ နောက်ပြီး ကူညီတတ်တာ၊ ဖော်ရွေတာတွေကို ပျော့ညံ့တာ၊ ဘာမဆို ငုံ့ခံနေတာနဲ့လည်း မမှားစေချင်ပါဘူး။
၆။ စွမ်းအား (Energy)
အောင်မြင်တဲ့သူ တော်တော်များများကို ကြည့်လိုက်ရင် အင်မတန် Energetic ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ အပင်ပန်းခံ အလုပ်လုပ်နိုင်တယ်။ တစ်နေ့တစ်နေ့ ၄-၅ နာရီပဲ အိပ်တယ်။ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် စိတ်ပျက်နေတဲ့ပုံ၊ ပင်ပန်းနေတဲ့ပုံ၊ အိပ်ငိုက်နေတဲ့ပုံ မတွေ့ရဘူး။
အဲဒီအတွက် ၂ ချက် လိုအပ်မယ်။ တစ်ချက်က ပြင်းပြတဲ့ စိတ်ဆန္ဒ (Passion)။ လူတစ်ယောက်ဟာ ဖြစ်ချင်စိတ် သိပ်ကြီးပြီဆို တော်ရုံတန်ရုံ မပင်ပန်းတော့ဘူး။ ဒါကိုပဲ ခေါင်းထဲ ရောက်နေတော့ ပင်ပန်းရကောင်းမှန်းလည်း မသိတော့ဘူး။
နောက်တစ်ခုကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံ။ အစားအသောက် အနေအထိုင် ဂရုစိုက်တယ်။ အိပ်တယ်ဆိုလည်း အိပ်ချိန်သာ နည်းတယ်။ အိပ်ရေး၀၀ အိပ်နိုင်အောင် ကြိုးစားတယ်။ ဒါတွေကြောင့်လည်း ဘယ်အချိန်ကြည့်ကြည့် စွမ်းအားအပြည့်အ၀ ဖြစ်နေတာ ဖြစ်ပါတယ်။
၇။ အကောင်းမြင်စိတ် (Optimism)
ဘဝမှာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ဆိုတာ အမြဲရှိပါတယ်။ ထီးမပါတဲ့နေ့မှ မိုးရွာတာ၊ လမ်းမှာ ကားဘီးပေါက်တာ၊ ရုတ်တရက် နေထိုင်မကောင်း ထဖြစ်တာ၊ ချိန်းထားတဲ့သူက အကြောင်းကြောင်းကြောင့် ရောက်မလာတာ၊ လေယာဉ်နောက်ကျတာ စသဖြင့် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပါတယ်။ အဲဒီအတွက် အကောင်းမြင်စိတ် ရှိဖို့က သိပ်အရေးကြီးပါတယ်။
တကယ်တော့ အကောင်းမြင်စိတ် ဆိုတာ မဖြစ်လောက်ပါဘူးလေ ဆိုပြီး ခပ်ပေါ့ပေါ့ ထားတာ မဟုတ်ပါဘူး။ သေရင်လည်း ထားခဲ့ရတာပဲလေဆိုပြီး မကြိုးစားဘဲ နေတာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ်အကောင်းဆုံး လုပ်ပါရက်နဲ့ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါမှာ နောက်မဆုတ်ဘဲ၊ အပြစ်တွေတင်ရင်း၊ ညည်းညူရင်း အချိန်ကုန်မနေဘဲ ရှေ့ဆက်နိုင်တဲ့ အစွမ်းကို ခေါ်တာပါ။ အခု COVID-19 ကိုပဲ ကြည့်ပါ။ တကယ့်ကို မမျှော်လင့်ဘဲ ဖြစ်လာတဲ့ ပြဿနာမျိုးပါ။ အပြစ်တွေတင်၊ အတိတ်ကိုပဲ သတိရ၊ နောင်တတွေ ရနေရုံနဲ့တော့ ပြေလည်သွားမှာ မဟုတ်ဘဲ ငါ ဒီအနေအထားကနေ အကောင်းဆုံး ဘယ်လိုရှေ့ဆက်မလဲ ဆိုတာကိုပဲ စဉ်းစားပြင်ဆင်ရမှာပါ။ တစ်ခုခုဆို လက်လျှော့တတ်တဲ့သူထက်စာရင် ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ရှေ့ဆက်မယ်၊ ရင်ဆိုင်မယ် ဆိုတဲ့သူတွေက ပိုပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသူတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီ ၇ ချက်ကို ဆန်းစစ်ကြည့်ပါ။ အားနည်းနေတာတွေကို ချရေးကြည့်ပါ။ ပြီးရင် တကယ်လည်း လက်တွေ့ ပြောင်းလဲလိုက်ပါ။ အချိန်တစ်ခု ကြာလာတဲ့အခါ ခုထက် ကိုယ်ရည်ကိုယ်သွေး ကောင်းသူတစ်ယောက် သေချာပေါက် ဖြစ်လာပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ