fbpx

“Screen time လျှော့ဖို့ နည်းလမ်းကောင်း ၁၀ ခု”

ခုခေတ်လို နည်းပညာ သိပ်တိုးတက်လာတဲ့ ခေတ်ထဲမှာ အရာရာ လွယ်ကူလာပါတယ်။ တစ်ဖက်ကလည်း Screen time ဆိုတဲ့၊ မျက်နှာပြင်ကို ကြည့်တဲ့အချိန်က ဘယ်တုန်းကမှနဲ့ မတူအောင် သိသိသာသာ များလာတယ်။ တော်တော်များများရဲ့ လုပ်ဆောင်စရာ စာရင်းမှာဖြစ်ဖြစ်၊ တိုးတက်ဖို့ လိုအပ်ချက်အနေနဲ့ပဲဖြစ်ဖြစ် အဲဒီ Screen time ကို လျှော့ချဖို့ဟာ ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအတွက် Screen time လျှော့ချဖို့ အကြံပြုချက်တချို့ကို ဝေမျှလိုပါတယ်။

၁။ မှတ်တမ်းတင်ထားပေးတဲ့ Application တွေ သုံးပါ။

ကိုယ်တစ်နေ့တစ်နေ့ အချိန်ဘယ်လောက် ကြည့်တယ်ဆိုတာကို မှတ်တမ်းတင်ထားပေးတဲ့ Application တွေ ပေါ်နေပါပြီ။ အဲဒါလေးတွေ သုံးကြည့်ပါ။ ဒါဆို မသိလိုက် မသိဘာသာနဲ့ တစ်နေ့ တစ်နေ့ ကိုယ့်အချိန်တွေထဲက ဘယ်လောက်ကို Screen တွေက ယူသုံးနေသလဲ ဆိုတာ အံအားသင့်ဖွယ် တွေ့ရပါလိမ့်မယ်။

၂။ Timer သုံးပါ။

အထူးသဖြင့် အသုံးအများဆုံးက ဖေ့စ်ဘွတ်ပါ။ အဲဒီဖေ့စ်ဘွတ်မှာပဲ Timer မှတ်ထားလို့ ရပါတယ်။ ၂ နာရီဖြင့် ၂ နာရီ၊ ၃ နာရီဖြင့် ၃ နာရီ သတ်မှတ်ထားလို့ ရတယ်။ အချိန်ပြည့်တာနဲ့ Notification တက်ပါလိမ့်မယ်။ ဒါဆို ကိုယ် သတ်မှတ်ထားတဲ့ အသုံးပြုချိန် ပမာဏ ပြည့်ပြီဆိုတာကို သိနိုင်မယ်။ လုပ်လက်စ အလုပ်တွေ၊ ပြောလက်စ စကားတွေ မြန်မြန်လက်စသတ်နိုင်ပါလိမ့်မယ်။

၃။ အိပ်ရာထဖို့ ဖုန်းအစား နှိုးစက်သုံးပါ။

ဖုန်း ဆိုတာက နေ့စဉ်လူနေမှုဘဝမှာ မပါမဖြစ် ပါလာတယ်။ နောက်ဆုံး အိပ်ရာထဖို့ Alarm ပေးတာကအစ ဖုန်းနဲ့ပဲ လုပ်ကြတော့တယ်။ ဒီအတွက် အိပ်ခန်းထဲ ဖုန်း ယူသွားရမယ်။ အိပ်ရာနား ဖုန်းကို ထားထားရမယ်။ အဲဒါက ကိုယ့်ကို မအိပ်မချင်း ဖုန်းကြည့်နေမိဖို့၊ နောက်ဆုံး တစ်ရေးနိုးရင်တောင် ဖုန်းဖွင့်ကြည့်ဖို့ လွယ်ကူစေလိမ့်မယ်။ ဒါကြောင့် အိပ်တော့မယ်ဆို အိပ်ခန်းအပြင်မှာ ဖုန်းထားခဲ့ပါ။ မနက်အိပ်ရာထဖို့ကတော့ ဟိုးအရင်ကလိုပဲ နှိုးစက်ကိုသာ သုံးပေးပါ။

၄။ မနက်ခင်းတွေမှာ ဆိုရှယ်မီဒီယာ မသုံးပါနဲ့။

ဆိုရှယ်မီဒီယာက ဆွဲဆောင်တာတွေ၊ စိတ်ဝင်စားစရာတွေ အများကြီး ပြည့်နေပါတယ်။ ဒါကြောင့် ခဏပဲလေ ဆိုပြီး သုံးလိုက်တာက ကိုယ့်ရဲ့ တစ်မနက်လုံးကို ယူသွားနိုင်ပါတယ်။ နောက်ပြီး အဲဒီမှာ မြင်ရတဲ့ ပို့စ်တွေကြောင့် ကိုယ့်မှာ စိတ်တိုရတာ၊ စိတ်အားငယ်ရတာ၊ စိတ်ရှုပ်ရတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တခြားအချိန်တွေ မလျှော့နိုင်ရင်တောင် မနက်ခင်းကိုတော့ လုံးဝမသုံးပါနဲ့။

၅။ အတူနေသူတွေ၊ မိသားစုဝင်တွေနဲ့ စကားပိုပြောပါ။

ဆိုရှယ်မီဒီယာက တအားခေတ်စားလာတော့ မိသားစုဝင် အချင်းချင်း၊ တစ်ဆောင်တည်း နေသူ အချင်းချင်းတောင် သိပ်စကားမပြောဖြစ်ကြတော့သလို ပြောဖြစ်ရင်လည်း ဆိုရှယ်မီဒီယာပေါ်က အကြောင်းတွေကိုပဲ ပြောကြပါတော့တယ်။ အဲ့လိုမဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ရင်ဖွင့်ပါ။ အိမ်အလုပ်တွေ တူတူလုပ်ပါ။ အတင်းတွေဘာတွေ ပြောမယ်ဆိုလည်း ရနိုင်ပါတယ်။

၆။ တခြားသူတွေကို စည်းရုံးပါ။

တစ်နေရာရာ သွားကြမယ်ဆို အားလုံးက ဖုန်းသုံးနေပြီး ကိုယ်တစ်ယောက်တည်း မသုံးဘဲ နေဖို့ရာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တခြားသူတွေကိုပါ စည်းရုံးပါ။ ဒီနေ့ ဖုန်းပွတ်တဲ့သူ အားလုံးစားထားသမျှ ရှင်းကြေး ဆိုတာမျိုး စည်းကမ်းချပါ။ ပိုပြီး ရင်းရင်းနှီးနှီးနဲ့ ပျော်စရာကောင်းတာ ခံစားမိပါလိမ့်မယ်။

၇။ အားလပ်ချိန်မှာ တခုခု လုပ်စရာ ရှိနေပါစေ။

အားပြီဆိုတာနဲ့ ဆိုရှယ်မီဒီယာ တန်းမဖွင့်ပါနဲ့။ တခြားလုပ်လို့ ရတာတွေ အများကြီး ရှိပါတယ်။ ပန်းပင်ရေလောင်းလို့ ရတယ်။ အားကစား လုပ်လို့ရတယ်။ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေနဲ့ ဆော့နေလို့ရတယ်။ စာအုပ်ဖတ်တာ၊ ပန်းချီဆွဲတာ၊ ဂစ်တာတီးတာလို ဝါသနာပါတာလေးတွေလည်း လုပ်နေလို့ရပါတယ်။

၈။ အလုပ်လုပ်ပြီဆို ဖုန်းကို ကိုယ်မမြင်တဲ့နေရာမှာ ထားထားပါ။

အလုပ်လုပ်ပြီဆို မိနစ်ပိုင်းလောက်ပဲ ရှိသေး၊ မျက်စိရှေ့ မြင်မြင်နေရတဲ့ ဖုန်းကို သွားသွားကိုင်မိတာတွေ ဖြစ်ဖူးကြမှာပါ။ ဒါကြောင့် မမြင်ကွယ်ရာ နေရာတစ်ခုမှာ ထားထားပါ။ ဖုန်းအားသွင်းထားလို့လည်း ရပါတယ်။ လိုအပ်ရင် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ် ဒီအချိန်က ဒီအချိန် Offline ဖြစ်နေမယ် ဆိုတာ ပြောထားပါ။ အဲဒါက ခုနကလို အာရုံလွင့်ပျံ့မှုကို သက်သာစေနိုင်ပါတယ်။

၉။ သတင်းရင်းမြစ်တွေကို စိစစ်ရွေးချယ်ထားပါ။

ဒီနေ့လို သတင်းအချက်အလက်ခေတ်မှာ အင်တာနက် မသုံးဘဲ နေဖို့ရာ ခက်ပါတယ်။ တစ်ဖက်ကလည်း သတင်းအချက်အလက်တွေက ဖတ်မကုန်အောင် ရှိနေတယ်။ အကုန်သာ လိုက်ဖတ်နေရရင်လည်း စိတ်ရှုပ်ရမဲ့အပြင် ကိုယ့်အလုပ်ကို လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ ဘယ်သူတွေ၊ ဘယ်သတင်းဌာနတွေဆီက အဓိကထား ဖတ်မယ်၊ သတင်းရယူမယ် ဆိုတာမျိုး စစ်ထုတ်ထားပါ။ အဲဒါက အချိန်ကုန်လည်း သက်သာမယ်။ လိုအပ်တဲ့ သတင်းအချက်အလက်တွေလည်း ရနိုင်ပါလိမ့်မယ်။ (ဥပမာ COVID 19 အတွက်ဆို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရယ်၊ ပညာရှင်တချို့ရယ်ကလွဲရင် ကျန်တဲ့ ဘယ်သူ့ဆီက COVID ဆိုတဲ့ စကားလုံးကို တွေ့တွေ့ ကျော်ပစ်လိုက်တာမျိုးပေါ့)

၁၀။ No Screen Day သတ်မှတ်ပါ။

တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ် No Screen Day အဖြစ် သတ်မှတ်ကြည့်ပါ။ အလုပ်တွေ တအားပြီး၊ နေလို့လည်း ကောင်းတဲ့ ခံစားချက်မျိုး ရပါလိမ့်မယ်။ အဲဒါက ကိုယ့်ကို ဆိုရှယ်မီဒီယာ သိပ်မသုံးတော့ဖို့အတွက် တွန်းအားပေးပါလိမ့်မယ်။

တခြားအချက်တွေ အများကြီး ရှိသေးပြီး ဒီအချက် ၁၀ အချက်ကတော့ Screen time လျှော့ချင်သူတွေအတွက် တခုခု အကျိုးရှိမယ် ယုံကြည်တဲ့အတွက် ဝေမျှပေးလိုက်ပါတယ်။ လုံးဝလည်း ရှောင်လို့မရတာမို့ အလွန်အကျွံလည်း မဖြစ်စေဘဲ အကောင်းဆုံး အသုံးချနိုင်စေချင်ပါတယ်။

Brand You Academy

brandyou

brandyou

Leave a Replay